ကျော်ဇေယျ
ရန်ကုန်- ၂၀၂၀ ဇူလိုင် ၂၁ (မော်ကွန်း)
လိင်အကြမ်းဖက်ခံရတဲ့အမျိုးသမီးငယ်တွေကို စာသင်ကျောင်းစီမံခန့်ခွဲသူတွေက ခွဲခြားဆက်ဆံတဲ့ဖြစ်စဉ်တွေ ရှိနေတာကြောင့် တိကျတဲ့ လမ်းညွှန်ချက်တွေနဲ့ ပညာသင်ကြားခွင့်မဆုံးရှုံးအောင် ကာကွယ်ပေးဖို့လိုတယ်လို့ ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာကော်မတီက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကြည်မို့မို့လွင်က ပြောပါတယ်။
“ မုဒိန်းမှုကျူးလွန်ခံရတဲ့ ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ဦးကို အားပေးနှစ်သိမ့်ပြီး ကျောင်းကိုပြန်ပို့တဲ့အခါ ကျောင်းကလက်မခံတဲ့အတွက် အဆင့်ဆင့်ခက်ခဲစွာ ကြိုးစားခဲ့ရပါတယ်။ တိုင်းပညာရေးမှူးကို ဆက်သွယ်ဆွေးနွေးတဲ့အခါမှာလည်း ဒီလို Sex Experience ရှိတဲ့ကျောင်းသူမျိုးကို ကျောင်းစည်းကမ်းအရ လက်မခံကြောင်း၊ သူ့အတွေ့အကြုံကို တခြားကျောင်းသူတွေကို ပြန်ပြောရင် တစ်ခြားကလေးတွေမှာ ပျက်စီးသွားမှာစိုးလို့ဖြစ်ကြောင်း ပြန်ပြီးတော့ဆွေးနွေးလို့ အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံးမှာ အခြေခံပညာညွှန်ကြားရေးမှူးချုပ်၊ ဒုတိယဝန်ကြီးတို့ကို ဆွေးနွေးတင်ပြမှသာ ဒီကလေးမလေး ကျောင်းပြန်နေရဖို့ ကိစ္စအဆင်ပြေသွားခဲ့ရပါတယ်” လို့ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒေါက်တာကြည်မို့မို့လွင်က တင်ပြဆွေးနွေးပါတယ်။
၂၀၁၆ ကနေ ၂၀၁၉ အထိ လေးနှစ်အတွင်း အသက် နှစ်နှစ်ကနေ ၁၆ နှစ်အတွင်း အမျိုးသမီးငယ်ပေါင်း ၂,၈၀၀ နီးပါး လိင်အကြမ်းဖက်မှုခံခဲ့ရပြီး ကျူးလွန်ခံရသူ သုံးပုံနှစ်ပုံခန့်ဟာ အသက် ၁၄ နှစ်နဲ့ ၁၆ နှစ်ကြား အမျိုးသမီးငယ်လေးတွေ ဖြစ်တယ်လို့ သူကတင်ပြတယ်။
“ တစ်ချို့ Case တွေမှာ လွှတ်တော်ကိုယ်စားလှယ်၊ NGOsများ CSOs များက လိုက်ပါကူညီပေးလို့ အဆင်ပြေသွားပေမယ့် ဒီလိုကူညီပေးနိုင်သူတွေမသိလိုက်ဘဲနဲ့ ပညာရေးအညွှန့်ချိုးခံလိုက်ရတဲ့ အမျိုးသမီးငယ်လေးတွေ ဘယ်လောက်များ ရှိနေမလဲ။ ပြစ်မှုကျူးလွန်လို့ ထောင်ကျနေသူတွေ၊ လူငယ်သင်တန်းကျောင်းက ကလေးငယ်တွေတောင်မှ ပညာဆက်လက်သင်ကြားခွင့်ရပါတယ်။ ဒီလို လိင်အကြမ်းဖက်ခံရတဲ့ အမျိုးသမီးငယ်လေးတွေကျမှ ပညာဆက်လက်သင်ဖို့ အရေးခက်ခဲနေခြင်းမှာ မဖြစ်သင့်ပါဘူး။ အခုလို အောက်ခြေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရခြင်းမှာလည်း ဒီလိုကိစ္စတွေကို ဖြေရှင်းဖို့ တိကျတဲ့ညွှန်ကြားချက်များမရှိခြင်းကြောင့်လို့ သုံးသပ်မိပါတယ်” လို့ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာကြည်မို့မို့လွင့်က ပြောပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်နေရာပြန်လည်ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်ကတော့ လိင်အကြမ်းဖက်မှုခံရတဲ့ ကလေးသူငယ်တွေကိုလည်း မခွဲခြားဘဲ တန်းတူပညာသင်ယူခွင့်ပြုပေးထားတယ်လို့ လွှတ်တော်ကို ရှင်းပြပါတယ်။
သက်ငယ်မုဒိန်းကျင့်ခံရသူတွေထဲက ၂၀၁၇-၁၈ ပညာသင်နှစ်မှာ ၅၆ ဦး၊ ၂၀၁၈-၁၉ ပညာသင်နှစ်မှာ ၁၄၃ ဦးနဲ့ ဒီနှစ် ဇန်နဝါရီကနေဧပြီအထိ ၂၆ ဦး ဟာ ပညာဆက်လက်သင်ကြားနေကြတယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။
၂၀၁၇ ကနေ ၂၀၂၀ ဇွန်အထိ သူတို့ဝန်ကြီးဌာနကို တိုင်ကြားလာတဲ့ ကလေးသူငယ်လိင်အကြမ်းဖက်ခံရမှုပေါင်း ၁,၄၀၀ နီးပါးကို လက်ခံရရှိခဲ့ပြီး ဝန်ကြီးဌာနကိုယ်တိုင်ဖြေရှင်းပေးခဲ့တာတွေရှိသလို ဆိုင်ရာဌာနတွေကို လွှဲပြောင်းဖြေရှင်း ပေးခဲ့တာတွေလည်း ရှိတယ်လို့ သူကပြောပါတယ်။
#Dailynews