ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၁ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူ ကားလမ်းပေါ်မှာရှိတဲ့ အီနိုင်းတံတား ဒီနေ့မနက်ပိုင်းမှာ ဖောက်ခွဲခံလိုက်ရပြီးနောက် လမ်းပမ်းဆက်သွယ်ရေး ပိုမိုခက်ခဲလာမယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်း သွားလို့မရတဲ့အတွက် မူဆယ်-နမ္မတူ-လားရှိုးလမ်းကနေ အဓိကထား သွားလာနေရတာဖြစ်ပြီး ယခုလို တံတားထပ်ကျိုးတဲ့အတွက် ပိုအခက်အခဲဖြစ်သွားတယ်လို့ အဲ့ဒီလမ်းကြောင်းမှာသွားလာနေတဲ့ ကုန်သည်တွေနဲ့ ခရီးတင်ယာဉ်လိုင်းတွေက ပြောပါတယ်။
အဲဒီ့တံတားကျိုးသွားတာကြောင့် မူဆယ်ကနေ လားရှိုးမြို့ကိုလာတဲ့ ကားတွေဟာ သီပေါကနေ ပြန်ပတ်တက်ရပြီး လမ်းခရီး သုံးဆခန့် ပိုဝေးသွားတယ်လို့ မူဆယ်-လားရှိုး ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“အရင်က လားရှိုး-မူဆယ်လမ်းက နီးနီးလေး၊ ကြားထဲမှာ သိန္နီတံတားကျိုးသွားတော့၊ ကျွန်တော်တို့ နမ္မတူဘက်က ပတ်နေကြတာ။ အခုက နမ္မတူတံတားပါ ထပ်ကျိုးသွားတယ်။ အခုခရီးကဆိုရင် သီပေါကနေ ပြန်ပတ်တက်ရတယ်” လို့ ၎င်းက ပြောပါတယ်။
အဲဒီ့အီနိုင်းတံတားကို လားရှိုးမြို့ကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဲ့ဒီတံတားကို TNLA အဖွဲ့က ဖျက်ဆီးလိုက်တာလို့လည်း ဖော်ပြနေကြပါတယ်။
အဲ့ဒီတံတားဟာ နမ္မတူမြို့နဲ့ လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်က လားရှိုးမြို့အဝင် မြို့ရှောင်တိုးဂိတ်အနီး၊ အီနိုင်းကျေးရွာမှာ တည်ရှိတာပါ။
အီနိုင်းချောင်းတံတားဟာ လားရှိုး-နမ္မတူ-မန်တုံ-နမ့်ဆန်မြို့တွေကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိပြီး ရှမ်းမြောက်ဒေသတွင်း အရေးပါတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ TNLA ဟာ အဲ့ဒီလမ်းကြောင်းပေါ်က မန်တုံ၊ နမ့်ဆန်၊ နမ္မတူမြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို ဝိုင်းရံထားတဲ့ အခြေအနေဖြစ်ပါတယ်။
လားရှိုးမြို့က ဒေသခံတစ်ဦးကတော့ အီနိုင်းတံတားဟာ ယခင်ကတော့ စစ်ကောင်စီတပ်တွေရဲ့ အထိုင်တပ်စစခန်းရှိတဲ့နေရာဖြစ်ပြီး တံတားကို ဘယ်အဖွဲ့က ဖောက်ခွဲလိုက်တယ်ဆိုတာကိုတော့ သေချာမသိဘူးလို့ ပြောပါတယ်။
“အဲ့မှာ အရင်ကတော့ မြို့ရှောင်တိုးဂိတ်ရှိတယ်။ စစ်ဆေးရေးဂိတ်လည်းရှိတဲ့နေရာပါ။ အရင်ကတော့ ဒီလမ်းကပဲ ဖြတ်နေကြတာ။ ဒီမနက်တော့ ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်လို့တော့ ပြောကြတယ်” လို့ ၎င်းက ပြောပါတယ်။
ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ်ရဲ့ ၁၀၂၇ ထိုးစစ်ကြောင့် စစ်ကောင်စီဟာ နယ်မြေအများအပြားကို လက်လွှတ်ခဲ့ရပြီး ချင်းရွှေဟော် ၊ မုံးကိုး ၊ ကွမ်းလုံ ၊ ပန်ဆိုင်း၊ ကုန်းကြမ်း၊ သိန္နီ၊ ဖောင်းဆိုင်၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူနဲ့ မိုင်းလုံမြို့တို့ကို ညီနောင်မဟာမိတ်တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတာပါ။
ပုံစာ – ခါးလည်ကကျိုးကျနေတဲ့ အီနိုင်းတံတား
ဓာတ်ပုံ – WYP

