ရန်ကုန် – ၂၀၂၄ ဇူလိုင် ၁၆ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးက စစ်ဆင်ရေးကိုရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်ထားပေမယ့် လားရှိုးမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ဒေသခံအများအပြား မြို့ကိုဆက်လက်စွန့်ခွါနေတယ်လို့ လားရှိုးဒေသခံတချို့က ပြောပါတယ်။
လားရှိုးမြို့အထွက် မယ်ဟန်ကျေးရွာအနီးမှာ မနေ့ကနေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာ လက်နက်ကြီးပစ်ခတ်မှုတွေရှိခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ပါပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ပွဲဖြစ်နေတဲ့နေရာဟာ လားရှိုးမြို့အဝင် ခုနစ်မိုင်အကွာမှာရှိပြီး မြို့အဝင်စစ်ဆေးရေးဂိတ်လည်းရှိတဲ့ မယ်ဟန်ကျေးရွာအနီးတစ်ဝိုက်ကို MNDAA တပ်တွေက ထိန်းချုပ်ထားတယ်လို့ ၎င်းဒေသခံက ပြောပါတယ်။
မြောက်ပိုင်းညီနောင်အဖွဲ့တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ဟာ ရှမ်းမြောက်ဒေသမှာ ယခုလ ၁၄ ရက်ကနေ ၁၈ ရက်နေ့ထိ ယာယီအပစ်ရပ်တယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။
ဒီလို အပစ်ရပ်ကြေညာထားတဲ့ ကာလအတွင်းမှာပဲ လားရှိုးမြို့ပေါ်ကို လက်နက်ကြီးကျရောက်တာတွေ ဆက်တိုက်ရှိနေပြီး ဒီရက်ပိုင်းအတွင်း ဒေသခံအများအပြား မြို့ကို ဆက်လက်စွန့်ခွါနေကြပါတယ်။
“အခုထွက်တဲ့သူတွေ ပိုများလာတယ်။ ယာယီအပစ်ရပ်တာက မြို့ထဲကလူတွေရှောင်ဖို့ အပစ်ရပ်ပေးတယ်လို့ ပြောတာတွေလည်းရှိတယ်။ ခုချိန် ထွက်ကြတာပိုများလာတယ်။ လားရှိုးက ထွက်ပြီးရင်လည်း ပြန်ဝင်လို့ မရတော့ဘူး။ လုံးဝဆုံးဖြတ်ပြီးမှ ထွက်ရမှာဆိုတော့ ကျန်တဲ့သူတွေလည်း မြို့ထဲမှာရှိပါသေးတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လားရှိုးကနေ တောင်ကြီးနဲ့ မန္တလေးကို အများစုစစ်ရှောင်နေကြတာဖြစ်ပြီး လားရှိုးမြို့ကနေ နေ့စဉ် တောင်ကြီး၊ မန္တလေးတို့ကို ပြေးဆွဲနေတဲ့ ကားအများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့မှာ ယခုလကုန်ပိုင်းစပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၂၀ ဦးခန့် ရှိပြီး နေအိမ်တွေလည်း လက်နက်ကြီးထိမှန်ပျက်စီးတာတွေ အများအပြားရှိနေတာပါ။
ညီနောင်မဟာမိတ်တပ်တွေဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းအဖြစ် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ လားရှိုး အစရှိတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်စတင်လာတာပါ။
ပုံစာ – လားရှိုးမြို့ကို စွန့်ခွာနေကြတဲ့ ဒေသခံတွေရဲ့ကားတန်း
ဓာတ်ပုံ – MAT

