လားရှိုး- ၂၀၂၅ ဧပြီ ၁၈ (မော်ကွန်း)
လားရှိုးမြို့ကနေ ကိုးကန့်တပ်(MNDAA) စတင်ဆုတ်ခွာနေပြီး မြို့တွင်းက ဆေးရုံနဲ့ အုပ်ချုပ်ရေးရုံးတချို့ လည်ပတ်မှုရပ်တန့်သွားပေမယ့် မြို့က ပုံမှန်သွားလာလည်ပတ်နေတယ်လို့ မြို့ခံတချို့ကပြောပါတယ်။
” ဆေးရုံကြီးကတော့ မနက်ကသွားကြည့်တဲ့အခါ ကိုးကန့်တပ်ကလူတွေနဲ့ စကစဘက်ကလူတွေဖြစ်ပုံရသူတွေ အထဲမှာပြောဆိုနေကြတာတွေ့တယ်။ ဒီနေ့လယ်ဘက်သွားကြည့်တော့ ဆေးရုံကြီးက ပိတ်ထားတာတွေ့တယ်” လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
ဆေးရုံဝန်ဆောင်မှုရပ်သွားတဲ့အတွက် မြို့ခံတွေက အပြင်ဆေးခန်း သို့မဟုတ် သိန္နီဘက်က ဆေးရုံကိုသွားကြတယ်လို့ မြို့ခံတချို့ကပြောပါတယ်။
မြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မတွေ့ရသေးပေမယ့် ကိုးကန့်ရဲတပ်ဖွဲ့ဝင်တွေကိုတော့ ဒီနေ့အထိ တွေ့နေရသေးတယ်လို့ ပြောကြပါတယ်။
” စကစ အရပ်ဘက်ဝန်ထမ်းတွေတော့ ပြန်ဝင်လာပုံပဲ။ စိုက်ပျိုးရေး ရုံးဘက်မှာ သန့်ရှင်းရေး လုပ်နေကြတာတွေ့ရတယ်။ CDM ဝန်ထမ်းတွေကတော့ ပြန်ရှောင်နေကြပုံပဲ” လို့ လားရှိုးမြို့ခံတစ်ဦးက ဒီနေ့လယ်မှာပြောပါတယ်။
သတင်းတွေအရ ကိုးကန့်တပ်က မြို့ပြင်ကို ဆုတ်ပေးလိုက်တယ်လို့သိရသလို သူတို့အုပ်ချုပ်စဉ်ကခန့်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက အရေးမယူဘူးဆိုတဲ့ ပြောစကားတွေလည်းရှိတယ်လို့ သူကဆိုပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့ ရှမ်းပြည်မြောက်ပိုင်း မြို့တော်လားရှိုးကို နာမည်ကျော် ‘၁၀၂၇’ စစ်ဆေးရေး ဒုတိယပိုင်းမှာ ကိုးကန့်တပ်ကသိမ်းခဲ့တာဖြစ်ပြီး စစ်ရှုံးသွားတဲ့ စစ်ကောင်စီဟာ တရုတ်နိုင်ငံရဲ့ စေ့စပ်ပေးမှုကတစ်ဆင့် ပြန်ရခဲ့တာဖြစ်ပါတယ်။

ပုံစာ- ဒီနေ့မနက်ပိုင်းက လားရှိုးဆေးရုံကြီးနဲ့ မြို့တွင်းမြင်ကွင်းတချို့
ဓါတ်ပုံ- AKM

