ရန်ကုန် – ဇူလိုင် ၇ (မော်ကွန်း)
တိုက်ပွဲပြင်းထန်နေတဲ့လားရှိုးမြို့မှာ ဒေသခံအလုံးအရင်းနဲ့ မြို့ကိုစွန့်ခွာနေကြပြီး လားရှိုးကနေ တောင်ကြီး၊ မန္တလေးတို့ကို ပြောင်းရွှေ့ဖို့ တစ်ဦးကို ကားခကျပ်လေးငါးသိန်းထိ ပေါက်ဈေးဖြစ်နေတယ်လို့ ရွှေ့ပြောင်းလာတဲ့ ဒေသခံတချို့က ပြောပါတယ်။
လူဦးရေသုံးသိန်းနီးပါးရှိတဲ့လားရှိုးမြို့မှာ လက်ရှိအချိန်ထိ မြို့တွင်းက ထွက်ခွာသွားသူ အလုံးအရင်းနဲ့ရှိလာနေပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်လာပါ ဆက်လက်ပြီး ပြောင်းရွှေ့မယ့်သူတွေလည်း အများအပြားကျန်ရှိနေသေးတာပါ။
“တချို့လည်း ကားခတွေသိန်းချီဖြစ်နေတော့ အရဲစွန့်ပြီး ကားဆွဲတဲ့ကားသမားတွေလည်း ရှိတယ်။ ကားလေးတွေနဲ့ စုပြီးငှားတာပေါ့၊ ခြောက်ယောက်ဆံ့တစ်စီးကို(ကျပ်) ၂၅ သိန်း ပေါက်တယ်” လို့ အဲဒီဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ငွေကြေးတတ်နိုင်သူတွေနဲ့ အဆင်ပြေသူတချို့ပဲ ပြောင်းရွှေ့နိုင်တာဖြစ်ပြီး မြို့ပေါ်မှာ မပြောင်းရွှေ့ဘဲ နေထိုင်နေသူတွေလည်း အများအပြားကျန်သေးတယ်လို့ အဲဒီဒေသခံတချို့က ပြောပါတယ်။
“ကျန်တဲ့သူတွေကတော့ အိမ်တံခါးပိတ်ပြီး နေကြတယ်။ တချို့လည်း တိုက်ပွဲဖြစ်တဲ့နေရာကနေ မဖြစ်တဲ့ နီးစပ်တဲ့ရွာတွေကို ရွှေ့နေကြတာများပါတယ်” လို့ စစ်ဘေးရှောင်တွေကိုကူညီနေသူက ပြောပါတယ်။
မနေ့ကစပြီး လားရှိုးမြို့ လူနေရပ်ကွက်တချို့အထိ တိုက်ပွဲတွေဖြစ်ပွားလာပြီးနောက်မှာ လားရှိုးမြို့နေဒေသခံတွေဟာ အလုံးအရင်းနဲ့ မြို့ကိုစွန့်ခွာနေကြတာလို့ ဒေသခံတချို့က ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း လားရှိုးမြို့ကနေ စွန့်ခွာတဲ့ကားတန်းဟာ များလွန်းတာကြောင့် မြို့အဝင်မုခ်ဦးအနီးမှာ ထောင်နဲ့ချီတဲ့ကားတန်းတွေ ပိတ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“လားရှိုးအထွက် နောင်မွန်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ ကြားတယ်။ အဲဒီမှာ ကားတန်းက ရှေ့ဆက်သွားလို့မရဘဲ ပိတ်နေတာ” လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
လားရှိုးကနေ စွန့်ခွာကာ စစ်ဘေးရှောင်သူအများစုဟာ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး အစရှိတဲ့မြို့တွေကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
မနေ့က လားရှိုးမြို့ရဲ့ မြို့စောင့်တပ်ရင်းတစ်ခုဖြစ်တဲ့ ခမရ ၅၀၇ တပ်ရင်းအနီးမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ညပိုင်းမှာတော့ စစ်ကောင်စီက အဲဒီတပ်ရင်းအနီးတစ်ဝိုက်နဲ့ လားရှိုးမြို့ အမှတ်(၅) ရပ်ကွက်တစ်ဝိုက်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာချုပ်အခြေစိုက်တဲ့ လားရှိုးမြို့မှာ ယခုလ ၂ ရက်က တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး သီတင်းတစ်ပတ်အတွင်း လက်နက်ကြီးထိမှန်တာကြောင့် အရပ်သား ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။
မြောက်ပိုင်းညီနောင်အဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့လ နောက်ဆုံးပတ်ကစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းအဖြစ် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မတ္တရာ အစရှိတဲ့မြို့နယ်တွေကို စစ်ဆင်ရေးစတင်ခဲ့ပြီး တိုက်ပွဲတွေ တစ်ကျော့ပြန် ဖြစ်ပွားလာတာပါ။
ဓါတ်ပုံ-လားရှိုးမြို့ကနေ စစ်ရှောင်နေတဲ့ပြည်သူများ
ဓါတ်ပုံ-AKM