လားရှိုး – ၂၀၂၁ ဇူလိုင် ၂၀ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဇူလိုင်လ ၂၀ရက်နေ့က COVID – 19 ရောဂါ စစ်ဆေးရာမှာ ရဲ ၄၉ဦးပိုးတွေ့ခဲ့ရပြီး ကိုဗစ်အတည်ပြုလူနာ ၁၂၀၀ ကျော်ထိရှိလာပြီဖြစ်တယ်လို့ လားရှိုးမြို့က လူမှုကူညီရေး အသင်းတစ်ခုက သတင်းရရှိပါတယ်။
ရောပါပိုးတွေ့ရှိထားတဲ့ရဲတွေကို လားရှိူးပညာရေးကောလိပ် က ကုသစင်တာကိုပို့ဆောင်ထားတယ်လို့ အဲဒီ အသင်းက သတင်းရင်းမြစ်က ဆိုပါတယ်။
လားရှိုးမြို့မှာ ဇူလိုင်လ ၂၀ရက်နေ့က တစ်ရက်တည်း သံသယလူနာ ၂၀၀ ကျော်ကိုစစ်ဆေးရာမှာ ၁၀၁ယောက် ရောဂါပိုးတွေ့ခဲ့ရပြီး ၅၀ ရာခိုင်နှုန်းလောက်ပိုးတွေ့နေရတယ်လို့ ဆိုပါတယ်။
လားရှိုးမြို့မှာ တစ်ရက်ကို အတည်ပြုလူနာနဲ့သံသယလူနာက အယောက် ၂၀ ဝန်းကျင်ထိ သေဆုံးနေတဲ့အပြင် အောက်ဆီဂျင် အခက်ခဲတွေရှိနေတယ်လို့ ဆိုပါတယ်။
“အရင်က မန္တလေးကနေ အောက်ဆီဂျင် သယ်တယ်၊ခုကသယ်မရတော့ဘူးလို့ပြောလို့ မန္တလေးကနေ မရတော့ဘူး ၊မူဆယ် နမ့်ခမ်းဘက်က စက်ရုံ ကလည်း စက်ချို့ယွင်းသွားတာကြောင့် မရပြန်ဘူး၊သေဆုံးလူနာတွေထဲမှာ အောက်ဆီဂျင်မရလို့သေဆုံးတဲ့လူနာက ရာခိုင်နှုန်း အများဆုံးဖြစ်နေတယ်” လို့ မြေပြင်မှာကူညီပေးနေတဲ့ ပရဟိတအသင်းသားတစ်ဦးကဆိုပါတယ်။
လားရှိုးမြို့မှာဇူလိုင်လ ၁၉ရက်က အောက်ဆီဂျင်စက်ရုံတည်ဆောက်ဖို့ စက်ပစ္စည်းတွေရောက်လာပြီး သုံးရက်အတွင်း အပြီးတည်ဆောက်သွားမှာဖြစ်ကာ အဲဒီစက်ရုံကနေ တစ်ရက်ကို အလုံး၄၀၀ထိ ထုတ်လုပ်နိုင်မယ်လို့ ပြောပါတယ်။
လားရှိုးမြို့မှာ အတည်ပြုလူနာတွေကိုကုသပေးဖို့ ကုသရေးစင်တာ နှစ်ခုရှိပြီး ဇူလိုင်လ ၂၀ရက်နေ့အထိ ပိုးတွေ့လူနာ ၁၂၀၀ ကျော်လာပြီဖြစ်ပါတယ်။
#Dailynews

