အောင်ထူးနိုင်
၂၀၂၀- ရန်ကုန် စက်တင်ဘာ ၂ (မော်ကွန်း)
လာမယ့်နိုဝင်ဘာအထွေထွေရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းအရေအတွက်ဟာ ယှဉ်ပြိုင်သူစုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်းအထိ ပါဝင်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲ အတွက် ဝင်ပြိုင်ဖို့ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်လောင်း ၆,၉၆၉ ဦးအထိ ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တယ်။
နိုင်ငံရေးပါတီတွေက ပြည်သူလွှတ်တော်အတွက် ၁,၈၆၃ ဦး၊ တသီးပုဂ္ဂလကိုယ်စားလှယ်က ၇၁ဦး ဝင်ပြိုင်မယ်လို့ ကော်မရှင်က ပြောပါတယ်။
နိုင်ငံရေးပါတီတွေက အမျိုးသားလွှတ်တော်အတွက် ၉၄၇ ဦး၊ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၂၉ ဦး ဝင်ပြိုင်မယ်လို့လည်း ပြောပါတယ်။
တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်နေရာတွေအတွက် နိုင်ငံရေးပါတီတွေက ၃,၇၀၀ ဦး၊ တသီးပုဂ္ဂလ ၁၄၇ ဦး ဝင်ပြိုင်မှာ ဖြစ်ပြီး တိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ်နေရာအတွက် ဝင်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေက ၁၇၉ ဦးနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်က ၃၃ ဦးအထိ ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
မကြာခင်မှာ မဲဆွယ်စည်းရုံးရေးကာလကို ရောက်ရှိလာမှာဖြစ်ပြီး သူတို့မဲဆွယ်စည်းရုံးမှုတွေ စတင်လုပ်နိုင်တော့မယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။
နိုဝင်ဘာရွေးကောက်ပွဲကျင်းပဖို့ ၆၇ ရက်သာလိုတော့ပြီး လာမယ့် နောက် ခုနှစ်ရက်ကုန်တဲ့အခါ ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရေးကို စတင်နိုင်မှာလည်း ဖြစ်ပါတယ်။
ဒါအပြင် COVID – 19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ဖို့ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံများကို နမူနာယူမယ်လို့လည်း ဦးမြင့်နိုင်က ပြောတယ်။
မဲရုံတွေကိုလည်းတိုးချဲ့မှာဖြစ်ပြီး မဲရုံ ၄၁,၀၀၀ ကျော်အထိ ဒီနှစ်ရွေးကောက်ပွဲအတွက် ပြင်ဆင် ထားသလို တစ်ချို့ မဲရုံတွေကို အဆိုင်းခွဲကာ မဲပေးစေမယ်လို့ ကော်မရှင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက တစ်နိုင်ငံလုံးမှာ မဲရုံပေါင်း ၄၀,၁၄၁ အထိ ဖွင့်လှစ် မဲပေးစေခဲ့တာပါ။
၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက မြို့နယ် ငါးမြို့နယ်နဲ့ လက်ရှိ စစ်ရေး ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်အချို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ကော်မရှင်က ပြောပါတယ်။ ရွေးကောက်ပွဲမကျင်းပမယ့် မြို့နယ်တွေနဲ့ ပတ်သက်လို့ အောက်တိုဘာမှာ ကြေညာ ပေးမယ်လို့ ကော်မရှင်က ပြောပါတယ်။
#Dailynews