ရေဂင်
ရန်ကုန်- ၂၀၂၀ သြဂတ် ၅ (မော်ကွန်း)
လာမယ့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အတည်ပြုနိုင်မယ့် ဖက်ဒရယ်ဆိုင်ရာသဘော တူညီချက်တချို့ကို ရရှိခဲ့တယ်လို့ အစိုးရနဲ့ပူးတွဲကျင်းပတဲ့ နေပြည်တော်က နှစ်ရက်ကြာ အစည်းအဝေးအပြီးမှာ အပစ်အခတ်ရပ်စဲထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဘက်က ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောတယ်။
သြဂုတ် ၄ ရက်က စတင်ကျင်းပတဲ့ ဒီအစည်းအဝေးက ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို မနက်ဖြန် (သြဂတ် ၆ ) နေပြည်တော်မှာ စတင်ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးမှာ တင်ပြအတည်ပြုမှာ ဖြစ်ပါတယ်။
“ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ရဲ့ အပိုင်း(၁) ဖြစ်တဲ့ NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်တွေကို သဘောတူညီခဲ့ပါတယ်။ အပိုင်း (၂) ဖြစ်တဲ့ ၂၀၂၀အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုများပါ အချက်များအားလုံးကို အပြန်အလှန် ဆွေးနွေးနိုင်ခဲ့ပါတယ်။ အပိုင်း(၃)မှာပါတဲ့ ဖက်ဒရယ်အခြေခံမူတစ်ချို့ကို သဘောတူညီနိုင်ခဲ့ပါတယ်။ သဘော မတူနိုင်သေးတဲ့အချက်တွေကို ဆက်လက်ဆွေးနွေးဖို့ သယ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါတွေဟာ အားလုံးအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်” လို့ ဒီနေ့အစည်းအဝေးအပြီးမှာ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောတယ်။
ဒီသဘောတူညီချက်တွေကို လာမယ့် သြဂုတ် ၁၃ မှာ ကျင်းပမယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) မှာ အစိုးရနဲ့ တိုင်းရင်းသာ်လက်နက်ကိုင်အဖွဲ့တွေက တင်ပြအတည်ပြုမယ်လို့လည်း သူက ဆိုပါတယ်။
ဒါအပြင် ဒီလအတွင်းကျင်းပဖို့ ပြင်ဆင်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးကို အပစ်အခတ်ရပ်စဲရေးလက်မှတ်မထိုးရသေးတဲ့ ညီနောင်တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားနိုင်ရေး လုပ်ဆောင်သွားမယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို သြဂတ်လ တတိယအပတ်အတွင်း ကျင်းပသွားဖို့ ပြင်ဆင်နေပြီး ထို့အတွက် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နေပြည်တော်မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။
ပုံစာ- ကျင်းပခဲ့ပြီးဖြစ်တဲ့ နေပြည်တော်က နှစ်ရက်ကြာ အစည်းအဝေး မြင်ကွင်း။ ဓါတ်ပုံ- NCA-S EAO Facebook
#Dailynews