အောင်ထူးနိုင်
ရန်ကုန် ၂၀၂၀ ဇူလိုင် ၁၆ (မော်ကွန်း)
ဩဂုတ်လတွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို နိုင်ငံရေးပါတီများအစုအဖွဲ့မှ လူဦးရေ ၅၀ ဦး တက်ရောက်ခွင့်ရရှိမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)ဒုဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
Covid – 19 ရောဂါဖြစ်ပွားနေဆဲ ကာလဖြစ်သည့်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လူဦးရေ သုံးပုံနှစ်ပုံ လျှော့ချကျင်းပရန် စီစဉ်လိုက်ခြင်းကြောင့် နိုင်ငံရေးပါတီများအစုအဖွဲ့အနေဖြင့်လည်း တက်ရောက်မည့် ကိုယ်စားလှယ်ဦးရေကို လျှော့ချလိုက်ရခြင်းဖြစ်ကြောင်း ဦးသုဝေက ရှင်းပြသည်။
“လူငါးဆယ် တက်ရမယ်ဆိုတော့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေက တစ်ပါတီကို နှစ်ယောက်နှုန်းနဲ့ တချို့ နိုင်ငံရေးပါတီတွေကတော့ သုံးယောက်နှုန်းနဲ့ တက်မယ်”ဟု ၎င်းက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစု ပင်လုံ တတိယအစည်းအဝေးတွင် ကိုယ်စားလှယ်ဦးရေ ၇၀၀ ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး လာမည့်စတုတ္ထအစည်းအဝေးတွင် ကိုယ်စားလှယ်ဦးရေ ၂၅၀ ဖြင့် ကျင်းပသွားမည်ဖြစ်သည်။
“ဒီညီလာခံက လာမယ့် ရွေးကောက်ပွဲပြီးသွားတဲ့အခါမှာ ဘယ်အစိုးရပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကို ဆက်လုပ်ဖို့အတွက် အဓိကထားပြီးတော့ ဒီညီလာခံကို ကျင်းပတာပေါ့”ဟု ဦးသုဝေက ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို ၂၀၁၈ ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ပြီးနောက် တရားဝင်အစည်းအဝေးများ ရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေးကို ထပ်မံကျင်းပနိုင်ရေးအတွက် အစိုးရအစုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက တရားဝင်အစည်းအဝေးများကျင်းပနိုင်ရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်ပြီး လာမည့် ဩဂုတ် ၁၂ ၊ ၁၃ ၊ ၁၄ ရက်တို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံတတိယအစည်းအဝေးကျင်းပနေစဉ် ၊ ဓာတ်ပုံ – NRPC
#Dailynews