ဂေထော
ရန်ကုန် – ၂၀၂၀ ဇူလိုင် ၁ (မော်ကွန်း)

လာမယ့် နိုဝင်ဘာ ၈ ရက်မှာ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ပါတီစည်းရုံးရေး၊ နယ်မြေစည်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ထုတ်ပြန်လိုက်ပါတယ်။
ရွေးကောက်ပွဲကျင်းပမယ့်ရက်ထုတ်ပြန်လိုက်ပေမယ့် ကိုဗစ်ကာလ ကန့်သတ်မှုတွေလည်းရှိနေသေးတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီတွေအနေနဲ့ အခက်တွေ့စေမလားဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိနေပါတယ်။
လက်ရှိအာဏာရ NLD ပါတီအနေနဲ့ ကိုယ်စားလှယ်ရွေးချယ်တာတွေအပါဝင် CEC အဖွဲ့ဝင်တွေ ပြည်တွင်းမှာ စည်းရုံးရေးပုံစံလှည့်ပတ်သွားလာတာတွေလုပ်နေပေမယ့် တခြားပါတီတွေအနေနဲ့တော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ်ကာလ ကန့်သတ်မှုတွေကြောင့် မလူးသာမလွန့်သာတဲ့အခြေနေဖြစ်နေတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်ကပြောပါတယ်။
လက်ရှိအနေအထားဟာ အာဏာရပါတီကလွဲရင် အခြားပါတီတွေကို လွတ်လွတ်လပ်လပ်လှုပ်ရှားမရအောင် ကိုဗစ်ကာလ ကန့်သတ်ချက်တွေ အစီစဉ်တကျရှိနေတာကြောင့် “ အရင်ကလို သမရိုးကျ မဲဆွယ်စည်းရုံးမှုတွေကနေ ဖောက်ထွက်ဖို့လိုမယ် ” လို့ မှတ်ချက်ပေးပါတယ်။
မွန်ညီညွတ်ရေးပါတီမှာ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမကလည်း “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲဆွယ်စည်းရုံးရေးလမ်းညွှန်တွေကို အမြန်ဆုံးထုတ်ပြန်ပေးဖို့လိုတယ်။ အဲဒီ့လမ်းညွှန်အပေါ်မှာပဲ ပါတီတွေက အောင်နိုင်ရေးအတွက် မဟာဗျူဟာချဖို့ အခြေခံရမှာဖြစ်တဲ့အတွက် မဲဆွယ်စည်းရုံးရေးလမ်းညွှန်ကို အမြန်ဆုံးထုတ်ပြန်ပေးဖို့လိုအပ်တယ်၊ ထုတ်ပြန်ပေးဖို့လည်း တိုက်တွန်းပါတယ်” လို့ပြောပါတယ်။
စိုင်းကျော်ညွန့်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဝေဖန်အကြံပြုတဲ့အခါ “ UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) ဟာ သူတို့ကိုယ်သူတို့ NLD လို့ပဲ ထင်မှတ်နေတယ်။ သူတို့ဟာ ကြားမှာနေရမယ့်အဖွဲ့အစည်းဆိုတာ မေ့နေကြတယ် ” လို့ မှတ်ချက်ပေးပါတယ်။
#Dailynews

