၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ Analysis ဖြစ်ပါသည်။
ငြိမ်းချမ်းရေး ရှေ့ခရီး
နော်အဲ့ထူးဟဲ ရေးသည်။
လက်နက်ကိုင်ပဋိပက္ခများ၏ နောက်ခံအခြေအနေ
ပြည်ထောင်စုမြန်မာနိုင်ငံတွင် အစိုးရတပ် မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ များအကြား လက်နက်ပဋိပက္ခ ဖြစ်ပွားရသည့် အရင်းခံအကြောင်းတရားမှာ အမျိုးသား တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့နှင့် ဆက်စပ်နေ သည့် နိုင်ငံရေးပြဿနာများကြောင့် ဖြစ်ပါသည်။
၁၉၄၈ လွတ်လပ်ရေးရရှိပြီး ပြည်ထောင်စုကို တည် ထောင်ခဲ့သော်လည်း အစိုးရအဆက်ဆက်တွင် ဒီမိုကရေစီ ဆိတ်သုဉ်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့်အတူ အစိုးရယန္တရားကိုအသုံးချပြီး လူမျိုးကြီးဝါဒကို အခြေခံသည့် အယူအဆ၊ အတွေးအခေါ်၊ သမိုင်းကြောင်းများကို အဓိက အလေးပေး ဖော်ဆောင်ခဲ့မှုသည် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ စာပေများ၊ သမိုင်းကြောင်း များနှင့် အခွင့်အရေးများကို နိမ့်ကျစေပြီး နှစ်ပေါင်း ၇၀ အတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုအနိမ့်ကျဆုံးအနေအထားသို့ ရောက်ရှိခဲ့ပါသည်။
အထက်ပါ အကြောင်းရင်းများကြောင့် ပြည်တွင်းစစ်မီး တောက်လောက်မှုသည် နှစ်ပေါင်းများစွာ ကြာရှည်ကာ တိုင်း ရင်းသားဒေသများမှ ဒေသခံများသည် စစ်ဘေးဒဏ်ကြောင့် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ဆိုးရွားစွာ ကြုံတွေ့ ခံစားခဲ့ကြရပါသည်။ ကြုံတွေ့ခံစားနေကြရဆဲလည်း ဖြစ်ပါသည်။
အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်၏ သဘောသဘာဝ
လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရန် အလို့ငှာ ယခင် စစ်အုပ်ချုပ်ရေးကာလများတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့ ကြား နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရေးများ ပြုလုပ်ခဲ့ကြသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာကို လွှမ်းခြုံမှုမရှိခဲ့ပေ။ စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီအစိုးရ အုပ်ချုပ်စနစ်သို့ ကူးပြောင်းလာချိန် ၂၀၁၁ မှ စပြီး သမ္မတဦးသိန်းစိန်အစိုးရ ဦးဆောင်သော ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့က တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးပြုလုပ်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များ(EAO)နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ကြိုးပမ်းအကောင်အထည် ဖော် ခဲ့ကြရာ ၂၀၁၅ တွင် EAO ရှစ်ဖွဲ့မှ စတင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ တွင် နှစ်ဖွဲ့ ထပ်မံလက်မှတ်ရေးထိုးခဲ့ကြသည်။
အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်၏ သဘော သဘာဝမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အရေးကြီးဆုံးသော နှစ်ဖက်ကြား ပဏာမ သဘောတူညီချက် ရယူထားသည့် အစိတ် အပိုင်းတစ်ခု ဖြစ်ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးအရ ဆွေး နွေးအဖြေရှာရေးအတွက် သဘောတူညီသည့် အရေးပါသော အချက် များ ပါဝင်သည်။ စင်စစ် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူလူထု၏ ခံစားရသော ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခများ ကို ကုစားနိုင်ရန် စစ်ပွဲများကို ကနဦး ရပ်တန့်ရန် လိုအပ်သည့် အတွက် အပစ်အခတ်ရပ်စဲရေးကို ပြုလုပ်ရခြင်းဖြစ်သည်။ စစ်ပွဲ များကို ရပ်ဆိုင်းထားပြီးမှသာ ငြိမ်းချမ်းရေးအတွက် စားပွဲပေါ် တွင် နှစ်ဖက်ကြား ရှိနေသော နိုင်ငံရေးပြဿနာများကို ငြိမ်း ချမ်းစွာ အဖြေရှာ ဆွေးနွေးနိုင်မည် ဖြစ်သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ပုံစံမှာ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တူညီနိုင်မည် မဟုတ်ပေ။ ဖြစ်တည်နေသော နိုင်ငံ၏ နောက်ခံသမိုင်းနှင့် အခြေအနေအပေါ် အခြေခံပြီး အပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ရေးဆွဲကြခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် အရေးကြီးသော အချက်အလက်များ ဖြစ်သည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ နှစ်ဖက် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများ၊ သဘောတူညီချက်များကို သဘောတူ စာချုပ်တွင် ထည့်သွင်းဖော်ပြကြခြင်းဖြစ်သည်။ ထိုကဲ့သို့ သဘော တူညီချက်များ ထည့်သွင်းထားသော်လည်း လက်တွေ့ အကောင် အထည်ဖော်မှုတွင် နှစ်ဖက်ကြား ဆွေးနွေး လုပ်ဆောင်နိုင်မှု အပေါ် မူတည်ပြီး အောင်မြင်ခြင်း၊ ကျရှုံးခြင်းများကို ဖြစ်ပေါ်စေပါ သည်။ ထိုကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အကောင်အထည် ဖော်ရာတွင် အရေးကြီး လုပ်ဆောင်ရမယ့် အချက်မှာ ပါဝင်ပတ်သက်သူများက စာချုပ်အပေါ် အသိအမှတ် ပြုမှုနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်မှုနှင့် ပူးတွဲ အကောင်အထည်ဖော်မှုတို့ကို အလေးအနက်ထားရမည် ဖြစ် သည်။ ထို့ကြောင့် အပစ်အခတ်ရပ်စဲရေး ခိုင်မာမှုသည် နှစ်ဖက် သဘောတူ လက်ခံသည့် အချက်များကို လက်မှတ်ရေးထိုးခြင်း နှင့်အတူ မည်မျှ အကောင်အထည်ဖော်နိုင်သည့်အပေါ် တိုင်း တာခြင်း ဖြစ်ပါသည်။
NCA အကောင်အထည်ဖော်မှုတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ
NCA သည် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေး စာချုပ်ဖြစ်ပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များက သက်ဆိုင်ရာ အသီးသီး လိုလားသည့် အဆိုပြုချက်များကို စုပေါင်းညှိနှိုင်းပြီး ပေါင်းစပ်ထားသော စာချုပ်ဖြစ်ပါသည်။ စာချုပ်ဖြစ်ပေါ်လာအပြီးမှာ အဓိပ္ပာယ်ဖွင့်ဆိုမှု တွေကို နှစ်ဖက်ကြား နားလည်အောင် မလုပ်နိုင်ခဲ့ကြပါ။ ၂၀၁၅ မှ ယခုအချိန်အထိ NCA အကောင်အထည်ဖော်မှုအပိုင်းတွင် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများအကြား အနက်ဖွင့်ဆိုမှုများ ကွာဟနေပါသည်။ ထိုနှစ်ဖက်အဓိပ္ပာယ်ဖွင့်ဆိုမှု ကွာဟခြင်းကို နှစ်ဖက်လက်ခံပြီး ဆွေးနွေးရေး သဘောထားရှိကြသော်လည်း အစိုးရ အပြောင်းအလဲမှတစ်ဆင့် အရေးပါသော ထိုလုပ်ငန်းစဉ် ကို မပြုလုပ်နိုင်ခဲ့သည့် အခက်အခဲကို တွေ့ကြုံရပါသည်။ ထိုကဲ့ သို့ ကွာဟမှုများ ရှိနေသည့်အလျောက် အကောင်အထည်ဖော်မှု ပိုင်းတွင်လည်း မတူညီစွာဘဲ လုပ်ဆောင်နေကြသည်ကို တွေ့ မြင်ရပါသည်။ ထို့ကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ လေးကြိမ် ပြုလုပ်ခဲ့ကြပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၅၁ ချက် ရလာခဲ့သော်လည်း ထိုအချက်များမှာ ပြည်ထောင်စု ပြန်လည် တည်ဆောက်မည့် အားရလောက်သည့် အချက်တွေ ဖြစ်မနေခဲ့ကြောင်း သုံးသပ်ယူဆချက်များ ရှိနေပါ သည်။ ယင်းအကြောင်းရင်းခံများကြောင့် တစ်ဆို့မှုတွေ ဖြစ်ပေါ် လာပြီး ဃြဗ လက်မှတ်ရေးထိုးထားသည့် အဖွဲ့ကြီးနှစ်ဖွဲ့ ဖြစ် သည့် ကေအင်န်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် သျှမ်းပြန်လည်ထူထောင်ရေး တပ်မတော် (RCSS) တို့သည် တရားဝင်ငြိမ်းချမ်းဆွေးနွေးပွဲမှ ပါဝင်မှုများကို ယာယီ ရပ်ဆိုင်း ထားပါသည်။
သို့သော်လည်း ပြီးခဲ့သည့် မတ်လ ၆ ရက်မှ ၇ ရက်ထိ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အထူးအစည်း အဝေးတစ်ရပ်ကို အပစ်ရပ် လက်မှတ်ရေးထိုးထားသော တိုင်း ရင်းသား ၁၀ ဖွဲ့မှ ၂၀၁၉ တွင် ပထမဦးဆုံးအကြိမ် ပြန်လည်ပြုလုပ် ခဲ့ရာ ၎င်းင်းတို့အကြား ဘုံနားလည်မှုများ ရရှိခဲ့သည်ဟု သတင်းစာ ရှင်းလင်းပွဲမှ သိရပါသည်။ တစ်ဆက်တည်းမှာပင် အစိုးရနှင့် အလွတ်သဘော ဆက်လက်တွေ့ဆုံမှုများ ပြုလုပ်နိုင်ခဲ့သည်မှာ လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရွေ့ကို ဆက်လက်အကောင် အထည်ဖော်နိုင်မည်ဟု ယူဆရပါသည်။
စုပေါင်းညှိနှိုင်းဆောင်ရွက်မှု အကျိုးရလဒ်ဖြင့် အကောင်အထည် ဖော်ခြင်း
စုပေါင်းညှိနှိုင်းဆောင်ရွက်မှု အကျိုးရလဒ်ဆိုသည်မှာ ပူးပေါင်းဆောင်ရွက်လိုက်ခြင်းအားဖြင့် အားလုံးအတွက် ပိုမို၍ အကျိုးအမြတ် ဖြစ်ထွန်းလာနိုင်မည့် အခြေအနေဖြစ်ပေါ်လာရန် ဖြစ်ပါသည်။ ဥပမာအားဖြင့် NCA သဘောတူစာချုပ်သည် တိုင်း ရင်းသားလက်နက်ကိုင်ဘက်မှ တင်လာသည့် အဆိုပြုလွှာအား ဥပမာအားဖြင့် A ဟု တင်စားခေါ်ဆိုလျှင်၊ အစိုးရနှင့် တပ်မတော် ဘက်မှ ပြန်လည် တင်လာသည့် အဆိုပြုလွှာအား B ဟု ဥပမာ ပေးပါက၊ နှစ်ဖက်တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး သဘောတူထား သည့် တစ်ခုတည်းထွက်လာသည့် A နှင့် B သည် အသွင်ပြောင်း ပြီး C အဖြစ် ရလဒ်ထွက်ပေါ်လာမည်ဖြစ်သည်။ ထို့ကြောင့် ထို ရလဒ် C သည် နှစ်ဖက်က ဘုံလက်ခံသည့်ရလဒ် ဖြစ်သောကြောင့် အတူတကွ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ လက်တွေ့ တွင် ဖြစ်နေသည်မှာ အဆိုပြုလွှာ A+B အား အသေးစိတ် မဆွေးနွေးနိုင်ဘဲ ပေါင်းစပ်လိုက်ရသည့် ရလဒ် AB ဖြင့်သာ ရလဒ်ထွက်လာပြီး ဆက်လက် အကောင်အထည်ဖော်နေကြ သောကြောင့် တစ်ဆို့မှုများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ လက်ရှိ ပေါင်းစပ်ထားသည့် ရလဒ် AB အား နှစ်ဖက်လက်ခံသည့် ရလဒ် C ဖြစ်ရေး လုပ်ရန် အဆင့်တစ်ဆင့် ကျန်နေသောကြောင့် ဖြစ်ပါ သည်။ ထိုဆွေးနွေးရေးအဆင့်အား ဆက်လက်ပြုလုပ်ရန် နှစ် ဖက်မှ သဘောထားရှိထားကြသော်လည်း အစိုးရအပြောင်း အလဲ ဖြစ်ပေါ်ပြီးနောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဦး ဆောင် ပါဝင်သူများ အပြောင်းအလဲကြောင့်သော် လည်း ကောင်း၊ အခြားအကြောင်းများကြောင့်သော်လည်းကောင်း၊ AB အဖြစ်သာ ဆက်လက်အကောင်အထည်ဖော်နေကြခြင်း ဖြစ်သည်။
ထို့အပြင် နိုင်ငံရေးကဏ္ဍတွင် ကြည့်လျှင်လည်းNCA အခန်း ၁၊ ပုဒ်မ ၁ (က) တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များ နှင့်အညီ တည်ဆောက်သွားရန် ပါရှိပါသည်။ ထိုနေရာတွင် ဖက် ဒရယ်အပေါ် အမြင်မတူမှုများသည် အစိုးရ တပ်မတော်နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များကြားတွင် ရှိနေပါသည်။ အစိုးရ တပ်မတော်မှ ဖက်ဒရယ်တည်ဆောက်မှုပုံစံကို စုစည်းမှု မပြိုပျက် လိုသည့်ပုံစံ (Holding together) ကိုအခြေခံ ရှုမြင်ပြီး တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များမှာတော့ အတူတကွပူးပေါင်း တည်ဆောက်သည့်ပုံစံ (Coming together) ကိုအခြေခံကာ စဉ်းစားမှုများ ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပါဝင်ပတ်သက် သူများအကြားတွင် ဘုံမျှော်မှန်းချက်ကို ရရှိရန်မှာ အလွန်အရေး ကြီး လိုအပ်နေပါသည်။ ဘုံမျှော်မှန်းချက်ကို ရရှိပြီးလျှင် တစ်ဆင့် ချင်း တစ်ဆင့်ချင်းစီ ရည်မှန်းချက်ပန်းတိုင်များ ထားရှိကာ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်သွားရန် ဖြစ်ပါသည်။
ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူအားလုံးအနေဖြင့် အပြန်အလှန် လေးစားမှုကို အခြေခံကာ ဘုံသဘောတူညီချက်များကို ဆွေးနွေးချမှတ်နိုင်မှ သာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိမည်ဖြစ်သည်။ ထိုကဲ့သို့ အပြန်အလှန် လေးစားမှုရှိခြင်းနှင့်အညီ NCA အနက် ဖွင့်ဆိုမှုများကို နှစ်ဖက်ကြား နားလည်မှုတူညီအောင် အကျေ အလည် တွေ့ဆုံဆွေးနွေးများ ပြုလုပ်ရပါမည်။ ထိုမှတစ်ဆင့် နှစ် ဖက် ဆွေးနွေးညှိနှိုင်း သဘောတူညီချက်ရလဒ်များနှင့်အညီ ပြည်ထောင်စုကို ပြန်လည်တည်ဆောက်နိုင်သည့် အခြေခံအုတ် မြစ်ကို ချမှတ်နိုင်မည်ဖြစ်သည်။
(နော်အဲ့ထူးဟဲသည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများတွင် ဆက်သွယ်ပြန်ကြားရေးနှင့် ဘာ သာပြန်ဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင် Communication Consultant အဖြစ် ဆောင်ရွက်လျက် ရှိသည်။)