“လက်ရှိအခြေအနေမှာတော့ နည်းနည်းလေးဘက်လိုက်မှုရှိတယ်လို့သုံးသပ်တယ်၊ ဥပမာ UEC ဆိုလိုရှိရင် လက်ရှိ အာဏာရပါတီရဲ့ လွှမ်းမိုးမှုအောက်မှာပဲရှိနေတယ်”

“လက်ရှိအခြေအနေမှာတော့ နည်းနည်းလေးဘက်လိုက်မှုရှိတယ်လို့သုံးသပ်တယ်၊ ဥပမာ UEC ဆိုလိုရှိရင် လက်ရှိ အာဏာရပါတီရဲ့ လွှမ်းမိုးမှုအောက်မှာပဲရှိနေတယ်”

ခူးသဲရယ်၊ အထွေထွေအတွင်းရေးမှူး၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP)

အထွေထွေရွေးကောက်ပွဲမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP) ဟာ ကယားပြည်နယ်တစ်ခုလုံးက မဲဆန္ဒနယ် ၃၀ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီပါတီဟာ ယခင်က ပြည်နယ်အခြေစိုက်ပါတီတွေဖြစ်တဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)နဲ့ ကယားလူမျိုးစုဒီမိုကရေစီပါတီ တို့ကို ပူးပေါင်းဖွဲ့စည်းထားတဲ့ ပါတီလည်း ဖြစ်ပါတယ်။

လတ်တလောမှာCOVID-19 ရောဂါ ပြန့်ပွားနှုန်းမြင့်တက်နေတဲ့အတွက် အစိုးရက ကန့်သတ်ပိတ်ဆို့မှုတွေ ချမှတ်ထားစဉ် အတွင်း ပါတီအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုတွေကို ဘယ်လိုလုပ်နေသလဲ။ စိန်ခေါ်မှုနဲ့ အခက်အခဲ ဘာတွေ ရင်ဆိုင်နေရသလဲဆိုတာကို ပါတီရဲ့အတွင်းရေးမှူးဖြစ်သူ ခူးသဲရယ်ကို ဆက်သွယ်မေးမြန်းထားတာတွေထဲက တစ်ချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ သူဟာ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ်က ရွေးကောက်ခံထားရတဲ့ လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။

စည်သူ- ဆက်သွယ်မေးမြန်းသည်။

မော်ကွန်း။ ။ ရွေးကောက်ပွဲ ကျင်းပဖို့ကလည်း တစ်လလောက်ပဲ လိုတော့တယ်။ COVID ကလည်း အခုထိမငြိမ်သေးတဲ့ အတွက် စည်းကမ်းသတ်မှတ်ချက်တွေကို အောက်တိုဘာလကုန်အထိ အစိုးရကတိုးမြှင့်ထားတော့ တိုင်းရင်းသား ဒေသတွေ မှာ မဲဆွယ်ရတာ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံရလဲ။

ခူးသဲရယ် ။ ။ စည်ရုံးရေးဆင်းတဲ့နေရာမှာတော့ အခက်အခဲရှိတယ်။ သတ်မှတ်ထားတဲ့ လူ ၅၀ ထက် မပိုရဘူးဆိုတာ မျိုးတွေ။ မြို့မှာဆိုရင် ဒီသတ်မှတ်ချက်တွေက စိုးရိမ်စရာရှိတယ်။ ရွာတွေမှာကြတော့ အဲဒီလောက်မဟုတ်ဘူး။ လူစုလူဝေး ခေါ်တယ်ဆိုတာတောင်မှ တောရွာမှာဆိုရင် လူ ၅၀ ထက်မပိုတာကို ထည့်စဉ်းစားပေးလို့ရတယ်။ ရောဂါကာကွယ်ပြီး Mask တွေ၊ Hand Gel သုံးတာမျိုးတွေ ဆောက်ရွက်တော့ သိပ်ပြဿနာမရှိဘူး။ မြို့ပေါ်မှာတော့ လူစုလူဝေး ခေါ်တဲ့ နေရာမှာ အခက်အခဲရှိတယ်။ အိမ်ခြေ ၂၀၀၊ ၃၀၀ ရှိတာတွေဆို အကုန်မခေါ်နိုင်ဘူး။ ကိုယ်ရဲ့ ပါတီပေါ်လစီချပြနိုင်ခြင်း မရှိတဲ့အတွက် ကျွန်တော်တို့အတွက်တော့ နည်းနည်းခက်ခဲတာပေါ့။

မော်ကွန်း။ ။ ဆန္ဒမဲပေးဖို့တောင်မှ တစ်ချို့တိုင်းရင်းသားကျေးရွာတွေမှာ ရှင်းရှင်းလင်းလင်းမသိကြသေးတာကို မြေပြင်မှာ တွေ့ရတယ်။ ဒီပြဿနာကိုရော ဆရာတို့ ပါတီကိုယ်စားလှယ်လောင်းတွေ ဘယ်လိုဖြေရှင်းနေကြသလဲ။

ခူးသဲရယ် ။ ။ ကျွန်တော်ပါတီအနေနဲ့တော့ စည်းရုံးရေးဆင်းရင်း မဲဘယ်လိုပေးရတယ်ဆိုတာမျိုးတွေကို ရှင်းပြတာတွေ လုပ်တယ်။ နောက်ပြီး ကျေးရွာမှာရှိတဲ့လူငယ်တွေကို ကျွန်တော်တို့ အကူအညီတောင်းပြီးတော့မှ Door to Door (တစ်အိမ်တက်ဆင်း) ကိစ္စတွေ ဆောက်ရွက်နေတာတွေလည်း ရှိတယ်။ အဲဒီလိုလုပ်ပေးတဲ့အခါကျတော့ သူတို့ကလည်း မဲပေးတဲ့အခါမှာ ပိုပြီးလွယ်ကူချောမောစေမယ်။ မဲ ဘယ်လိုပေးရမယ်ဆိုတာ သိတဲ့သူတော့ ရှိပါတယ်။ အရင် ၂၀၁၅ တုန်းက၊ ပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲတုန်းက မဲထည့်ဘူးတဲ့လူတွေကတော့ သိတဲ့လူရှိတာပေါ့။ နှစ်တွေ ကြာလာတဲ့ အခါမှာ မမှတ်မိတာလည်းပါတယ်။ အထူးသဖြင့် ၁၈နှစ် ပြည့်တဲ့ လူတွေကြတော့ မဲပေးရင်ဘယ်လိုပေးရမှာလဲ၊ ပယ်မဲ က ဘယ်လိုအနေအထားရှိလဲ ဆိုတဲ့ဟာမျိုးကိုတော့ ကျွန်တော်တို့ မဲမှန်မှန်ကန်ကန် ပေးနိုင်ဖို့အတွက် ရှင်းပြရတယ်။
မဲပေးတယ်ဆိုတာ အမြင့်ဆုံး အခွင့်အရေးဖြစ်တယ်။ မပေးချင်လို့ မရဘူးလို့ ရှင်းပြတဲ့အခါကြတော့ တစ်ချိ့က ပြန်ပေးမယ် ဆိုတာမျိုးတွေ ဖြစ်လာတာပေါ့။ door to door သွားတဲ့အခါမှာတော့ အဓိက ကြိုတင်မဲကိစ္စတွေ၊ နောက်ပြီး မဲရုံမလာနိုင်တဲ့ သက်ကြီးရွယ်အိုတွေအတွက်လည်း ဦးတည်တာဖြစ်တယ်ပေါ့။ သက်ကြီးရွယ်အိုအတွက်တော့ ပိုမိုလွယ်ကူစေမယ်လို့ ကျွန်တော်တို့က ယူဆရတာပေါ့လေ။

မော်ကွန်း ။ ။ ကိုဗစ်ကလည်းဖြစ်နေတော့ မဲဆွယ်ရေးလုပ်ငန်းစဉ်တွေမှာ လက်ရှိအာဏာရပါတီ ကိုယ်စားလှယ် လောင်းတွေနဲ့ တစ်ခြားကိုယ်စားလှယ်တွေ မြေပြင်လူထုနဲ့ထိတွေ့မှုအပိုင်းမှာကွာဟချက် ဘယ်လိုမျိုးရှိသလဲ။ အားသာချက်၊ အားနည်းချက်တွေက ဘာတွေဖြစ်မလဲ။

ခူးသဲရယ် ။ ။ လူစုလူဝေးလုပ်တဲ့ နေရာမှာတော့ အတူတူလောက်ပါပဲ။ ဒါပေမဲ့ တစ်ခုရှိတာက သူတို့က ငွေကို ပိုပြီးတော့ သုံးနိုင်တယ်။ ဥပမာ- ပါတီအကျီႌတွေ၊ အလံ၊ လိုဂိုတွေကအစ ဖြန့်ဝေနိုင်တာမှာ တိုင်းရင်းသားပါတီတွေထက် ပိုပြီး လုပ်နိုင်တာပေါ့။ ဒီနေရာမှာ ရန်ပုံငွေကိစ္စ ဖြစ်သွားတာပေါ့။ တိုင်းရင်းသားပါတီကလည်း ဒီလိုရန်ပုံငွေတွေမရှိတဲ့ အခါကျတော့ ကိုယ်စားလှယ်လောင်းတွေကပဲစိုက်ထုတ်ပြီးတော့မှ စည်းရုံးရေးဆင်းနေတဲ့အခါမှာတော့ နည်းနည်းလေး အခက်အခဲဖြစ်လာတာပေါ့။
တချို့ရွာတွေမှာဆို သူတို့က အဲဒီလိုလုပ်နိုင်တဲ့အခါကြတော့ ပါတီအလံတွေကိုလည်း ရွာတိုင်းလိုက်ထောင်တာမျိုးတွေ၊ နောက်ပြီး စည်းရုံးရေးဆင်းပြီဆိုရင် လူတိုင်းကို အကျီႌတွေဝေပေးတာမျိုးတွေ လုပ်နိုင်တဲ့အခါကြတော့ တစ်ချို့ကလည်း ဒီပါတီက ပိုပြီးတော့ငွေကြေးရှိတယ်၊ တိုင်းရင်းသားပါတီက ငွေရေးကြေးရေးမရှိဘူး၊ အားနည်းတယ်ဆိုတာမျိုးတွေ ပြောတာလည်း ရှိတာပေါ့။

ဝေးလံခေါင်ဖျားပြီး လမ်းပန်ဆက်သွယ်ရေးခက်ခဲတဲ့နေရာလိုမျိုးဆို ကျွန်တော်တို့က တစ်ခါလောက်ပဲ စည်းရုံးရေး ဝင်နိုင်တာပေါ့။ သွားတဲ့ဆိုတဲ့အခါမှာလည်း ဆိုင်ကယ်နဲ့ သွားလို့ရတာရှိသလို ကားနဲ့သွားလို့ရတယ်ရှိတယ်။ ကျွန်တော်တို့ အခက်အခဲရှိတာကတော့ ကားတွေငှားသွားလို့ရှိရင် ပိုပြီးကုန်ကျစရိတ်များတဲ့အတွက် ကျွန်တော်တို့က တစ်ခါပဲသွားနိုင် တာပေါ့။

မော်ကွန်း ။ ။ လာမယ့်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အားကောင်းမယ်လို့ မူလက ခန့်မှန်းချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ COVID က ဖြစ်လာတော့ မူလခန့်မှန်းသလို အားကောင်းနိုင်ပါဦးမလား။ ဘယ်လိုမြင်သလဲ။

ခူးသဲရယ် ။ ။ လက်ရှိ အခြေအနေမှာတော့ ပုံမှန်အတိုင်းရှိနေပါသေးတယ်။ အားလျော့စေသွားတာမျိုးတော့ မရှိသေးပါဘူး။ ဒီကြားထဲမှာ အာဏာပိုင်အဖွဲ့အစည်းတွေက ဒေသန္တာရအမိန့်တွေထုတ်ပြန်လို့ တစ်ခုခုကန့်သတ်လာရင်တော့ မပြောတတ်ဘူးပေါ့။ လက်ရှိအခြေအနေမှာတော့ တိုင်းရင်းသားပါတီတွေကတော့ ပုံမှန်အတိုင်းပဲ ရှိနေပါတယ်။ တကယ်လို့ များ ရွေးကောက်ပွဲမတိုင်ခင်ကြားထဲမှာ တစ်ချို့စီမံကိန်းလုပ်ငန်းတွေကို တစ်ခြားပြည်မကုမ္ပဏီတွေကို ပေးပြီးတော့မှ၊ လူတွေခေါ်လာပြီး တစ်ပတ်၊ နှစ်ပတ်အတွင်း ကွာရန်တင်းဝင်လာပြီးတော့မှ၊ ဒီဘက်မှာမဲထည့်ဖို့ လုပ်ဆောင်လာရင်တော့၊ ဒါကတော့ ပြောလို့မရဘူးပေါ့။ အခုလောလောဆယ်ကတော့ ရွှေ့ပြောင်းလုပ်သားတွေက အရင်အဟောင်းပဲရှိတယ်၊ အသစ်တွေကတော့ မလာသေးဘူးပေါ့။ အနီးကပ်ကျရင်တော့ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ မသိသေးဘူးပေါ့။ ဒီအပေါ်မှာတော့ ကျွန်တော်တို့ တော်တော်လေး စိုးရိမ်ပါတယ်။

ဘာလို့လဲဆိုရင် ရွေးကောက်ပွဲနီးလာတဲ့ ၂၀၁၉၊ ၂၀၂၀ အတွင်းမှာ တင်ဒါကိစ္စဆိုလို့ရှိရင် ပြည်မကကုမ္ပဏီတွေကိုပဲ တင်ဒါကို ပေးတာပိုများလာတဲ့အခါကျတော့ ဒီအပေါ်မှာလည်း စိုးရိမ်စရာရှိပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့လည်း ကြိုတင်မဲတွေလုပ်လာတာတွေရှိတော့၊ တိုင်းရင်းသားပါတီအတွက် နည်းနည်းအခက်အခဲဖြစ်လာမလား ဆိုတာကတော့ အစကတည်းက ကျွန်တော်တို့သုံးသပ်မိတာပေါ့လေ။ လက်ရှိမဲစာရင်းနဲ့ ကျွန်တော်တို့ တွက်ကြည့်တဲ့အခါမှာတော့ ကျွန်တော်တို့ အားလုံးမဟုတ်ရင်တောင် ထက်ဝက်ကျော်လောက်တော့ ကျွန်တော်တို့နိုင်မဲ့ အနေအထားမျိုးရှိမယ်လို့ တော့ တိုင်းရင်းသားပါတီတွေကတော့ ခန့်မှန်းကြတာပေါ့။

မော်ကွန်း။ ။ ကိုဗစ်က အထူးသဖြင့် ရန်ကုန်နဲ့ရခိုင်လိုနေရာတွေမှာ အဓိကပျံနှံ့နေပါတယ်။ ဒါကြောင့် တစ်ချို့သော နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကိုရွှေ့ပေးဖို့ဆိုပြီး ပြောကြတာတွေရှိပါတယ်။KySDP ရဲ့သဘောထားကရော ဘယ်လိုရှိပါသလဲ။

ခူးသဲရယ် ။ ။ တစ်ခုရှိတာက ရွှေ့မယ်ဆိုလို့ရှိရင် ဘယ်လောက် အတိုင်းအတာထိရွှေ့လို့ ရမယ်ဆိုတာမျိုးတော့ စဉ်းစားဖို့ လိုတာပေါ့။ နောက်ပိုင်း ရွှေ့မယ်ဆိုလို့ရှိရင် COVID ကူးစက်မှုနဲ့ဆို ဘယ်လိုမှမထိန်းနိုင်သေးဘူး။ အနည်းဆုံး သုံးလ၊ ခြောက်လရွှေ့မလားပေါ့။ အဲဒီလောက်ထိရွှွှေ့မယ်ဆိုရင်လည်း အခက်အခဲက အခြေခံဥပဒေအရ အစိုးရသက်တမ်း၊ လွှတ်တော်သက်တမ်းတွေကလည်း အကန့်အသတ်ဖြစ်လာတဲ့အခါကြတော့ ဒီကြားထဲမှာ အရပ်သားအစိုးရ အာဏာကို လက်လွှတ်ဆုံးရှုံးရတော့မလား ဆိုတာမျိုးတွေလည်း စိုးရိမ်စရာရှိပါတယ်။

တကယ်လို့ လက်ရှိအစိုးရကော၊ တစ်ဘက်က တပ်မတော်ကောပေါ့၊ တပ်မတော်ကလည်း အရေးကြီးပါတယ်။ နိုင်ငံက ဘာပဲလုပ်လုပ်၊ တပ်မတော်လက်မခံဘူးဆိုရင် ဘာမှလုပ်လို့မရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ COVID ရောဂါကို ထိန်းချုပ်ချင်တယ်၊ ရွေးကောက်ပွဲကလည်း မဖြစ်မနေကျင်းပနိုင်မဲ့ အနေအထားမျိုး ပြန်ဖြစ်လာဖို့အတွက် လုပ်ချင်လို့ ရှိရင်တော့ ကြားထဲမှာ သုံးလ၊ခြောက်လ၊တစ်နှစ်တို့၊ အဲဒီလိုရွှေ့ပြီးတော့မှ COVID ကိုရအောင် ထိန်းမယ်ဆိုတဲ့ အနေအထားမျိုး တကယ်စဉ်းစားမယ်ဆိုရင်၊ ကြားထဲမှာ ကြားဖြတ်အစိုးရကို ထိန်းဖို့အတွက် ဥပဒေတစ်ခု ပြင်ဆင်ပြီး တော့မှ လုပ်မလားဆိုတာမျိုး စဉ်းစားဖို့ လိုတာပေါ့။

လက်ရှိအခြေအနေမှာတော့ အဲဒီလိုစဉ်းစားတဲ့လူ တစ်ယောက်မှမရှိဘူး။ တပ်မတော်က အဲဒီလို စဉ်းစားတဲ့ အခြေအနေ မရှိဘူး။ လက်ရှိအာဏာရပါတီကလည်း စဉ်းစားမဲ့အခြေအနေမရှိဘူး။ ဘယ်လိုသိရလည်းဆိုရင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင်ကပဲ COVID ရောဂါဖြစ်နေတဲ့ကာလမှာ ရွေးကောက်ပွဲလည်း ဖြစ်သွားဖို့လိုတဲ့အခါကြတော့ ရွေးကောက်ပွဲအထိတော့ ကျန်းကျန်းမာမာနေပေးကြပါဆိုပြီး မိန့်ခွန်းတွေမှာ သူပြောခဲ့တာတွေရှိတာပေါ့။

COVID ထက် ရွေးကောက်ပွဲကလည်း ပိုအရေးကြီးပါတယ်ဆိုတာမျိုးတွေ သူပြောလာတဲ့အခါကြတော့ ဒီကြားထဲမှာ ဒီလိုလုပ်ဖို့ (ရွေးကောက်ပွဲရွှေ့ဖို့) ဆိုတဲ့ အနေအထားကမတွေ့ရဘူး။ ရွေးကောက်ပွဲအလွန်ကျရင် ဒီရောဂါကို ပြန်ထိန်းချုပ်ဖို့ဆိုတဲ့နေရာမှာ ဘယ်သူမှာတာဝန်ရှိသလဲ၊ ဘယ်လိုလုပ်ကြမယ်ဆိုတဲ့ဟာတွေလည်း အားလုံးကပြင်ဆင်ဖို့ လိုတာပေါ့။ ကျွန်တော်ကတော့ ရွှေ့တော့၊ ရွှေ့စေချင်တယ်။ ဒါပေမဲ့ ကြားထဲမှာ တစ်လ၊နှစ်လနဲ့ ဘယ်လိုမှ လုံလောက်တဲ့ အချိန်မဟုတ်ဘူးဆိုတာလည်း သုံးသပ်မိတာပေါ့။

မော်ကွန်း။ ။ ခန့်မှန်းကြတာက COVID ကူးစက်မှုမြင့်တက်နေချိန်မှာ ရွေးကောက်ပွဲသာ ကျင်းပခဲ့ရင် မဲရုံကိုလာပြီး မဲပေးတဲ့နှုန်း ကျဆင်းနိုင်တယ်လို့ တစ်ချို့က ဆိုကြတယ်။ မဲပေးသူနှုန်း တကယ်ကျဆင်းခဲ့ရင် တိုင်းရင်းသားပါတီတွေရဲ့ အောင်နိုင်ရေးအပေါ် သက်ရောက်မှု ဘယ်လောက်ရှိနိုင်သလဲ။

ခူးသဲရယ် ။ ။ ဒါတွေကလည်း စိုးရိမ်စရာရှိပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့က အရင်စဉ်းစားထားတာ၊ ဆွေးနွေးထားတာကတော့ တကယ်လို့ ရွေးကောက်ပွဲဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင် မဲရုံတိုးချဲ့တာတွေလုပ်ဖို့ လိုတယ်ပေါ့။ ဥပမာ- လူကထောင်ဂဏန်းရှိတယ်ဆိုရင် မဲရုံတစ်ရုံမှာ လူဘယ်လောက်ပဲလက်ခံနိုင်တဲ့အတွက် မဲပေးမဲ့လူ ထောင်ဂဏန်း၊ သောင်းဂဏန်းရှိတဲ့ မဲရုံတွေကို တိုးချဲ့မလားပေါ့။ ဥပမာ- မဲပုံးတစ်ပုံးရှိတာမျိုးဆို မဲနှစ်ပုံး ထည့်ပြီးတော့မှ မဲရုံတွေကို တိုးချဲ့မလားပေါ့။ ကျွန်တော်တို့ ဒီဘက်ကျေးလက်တောရွာမှာတော့ တစ်ချို့မဲရုံတွေဆို ရာဂဏန်းပဲရှိတဲ့ အတွက် အဆင်ပြေပါတယ်။ လက်ရှိ ခိုင်လုံမဲနဲ့ပတ်သက်တဲ့ဟာတော့ တစ်ချို့ပါတီတွေကတော့ သူ့ရဲ့ခိုင်လုံမဲရှိတဲ့ အခါကြတော့ လွတ်လွတ်လပ်လပ်လာပေးတဲ့ ပြည်သူလူထုမဲရာခိုင်နှုန်းက ကျလာတယ်ဆိုရင်တော့ တစ်ဖက်က ခိုင်လုံမဲများတဲ့ ပါတီကတော့ နိုင်သွားမှာပဲ။ ဒါတွေကလည်း စိုးရိမ်စရာဖြစ်ပါတယ်။

မော်ကွန်း။ ။ ဒီရွေးကောက်ပွဲအပေါ်မှာ ဘာများဖြည့်စွက်သုံးသပ်လိုပါသေးသလဲခင်ဗျ။

ခူးသဲရယ် ။ ။ ကျွန်တော်တို့ ဒီရွေးကောက်ပွဲကတော့ မျှမျှတတ ဖြစ်စေချင်တယ်။ ဘက်လိုက်မှုုကင်းတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တာပေါ့။ လက်ရှိ အခြေအနေမှာတော့ နည်းနည်းလေးဘက်လိုက်မှုရှိတယ်လို့သုံးသပ်တယ်။ ဥပမာ- UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) ဆိုလိုရှိရင် လက်ရှိ အာဏာရပါတီရဲ့ လွှမ်းမိုးမှုအောက်မှာပဲ ရှိနေတယ်။ မီဒီယာ တော်တော်များများလည်း လက်ရှိအာဏာရပါတီရဲ့ လွှမ်းမိုးမှုအောက်မှာပဲ ပိုရှိနေတာလို့ သုံးသပ်မိတာပေါ့။ UEC ဆိုရင် လည်း သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်ဖို့လိုတာပေါ့။ အခုက ကျွန်တော်တို့က သံသယရှိတယ်။ တကယ်လို့ လက်ရှိ အာဏာရပါတီက သူရှုံးခဲ့မယ်ဆိုလို့ရှိရင်UEC နဲ့ ပေါင်းပြီးတော့ ဘယ်လိုညစ်ပတ်လာနိင်မလဲဆိုတာမျိုးကိုလည်း ကျွန်တော်တို့ သတိထားဖို့လိုတယ်။ စိုးလည်း စိုးရိမ်တယ်။ အရင် ၂၀၁၅ တောင်မှ ဒီလောက်ရှောရှောရှူရှူ ဖြစ်ပြီးတော့မှ လက်ရှိ အစိုးရလက်ထက်မှာ ဒီလိုဖြစ်သွားတယ်ဆိုတာတော့ အစိုးရအနေနဲ့ အများကြီးဆိုင်ပါတယ်။ UEC ရဲ့ အားနည်းချက်လို့တော့ ကျွန်တော်မပြောလိုဘူး။ လက်ရှိ အစိုးရရဲ့အားနည်းချက်ပါပဲ။ ဘာလို့လဲဆိုရင် UEC က သူတို့ လွှမ်းမိုးမှုအောက်မှာပဲ သွားနေတယ်ဆိုတာ သုံးသပ်မိတယ်။


#Interview

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."