မတ္တရာ – ၂၀၂၃ နိုဝင်ဘာ ၁၆ (မော်ကွန်း)
မန္တလေး တိုင်း၊မတ္တရာမြို့နယ် အောက်ကန်သာကျေးရွာမှာ လက်ဖက်ရည်ဆိုင်ထိုင်နေသူတွေကို ဒီနေ့မနက် ၇:၀၀ နာရီအချိန်လောက် အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့လို့ ပြည်သူ၁၁ဦးအထိ သေဆုံးမှုရှိနေတယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
“ကျွန်တော်တို့ရထားတာကတော့ ၁၁ ယောက်သေတယ်၊ အောင်ကံသာလက်ဖက်ရည်ဆိုင်က ပိုင်ရှင်မိသားစုလိုက်လည်းပစ်ခတ်လို့သေဆုံးတဲ့အထဲမှာပါသွားတယ်”လို့ မတ္တရာမြို့နယ် ပ.က.ဖ သတင်းတာဝန်ခံကပြောပါတယ်။
မတ္တရာမြို့နယ် အောင်ကန်သာကျေးရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ပတ်လည်အင်းကျေးရွာကအာဏာသိမ်းစစ်တပ်စခန်း ဒီနေ့မနက် ၆:၀၀ နာရီအချိန်မှာ တိုက်ခိုက်ခံခဲ့ရပြီးနောက် မန္တလေးဘက်က တက်လာတဲ့ စစ်သားတွေက လက်ဖက်ရည်ဆိုင်ကိုဝင်ပစ်ခတ်ခဲ့တာလို့ သူကပြောပါတယ်။
မတ္တရာမြို့နယ် ပတ်လည်အင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ မနက် ၁၀:၀၀ နာရီဝန်းကျင်မီးရှို့ခဲ့ပြီး အသေးစိတ်အခြေနေကိုမသိရသေးပါဘူး။
မတ္တရာမြို့နယ်မှာ နိုဝင်ဘာ ၁၃ရက်ကစတင်ပြီး ဒီနေ့အထိ အာဏာသိမ်းစစ်တပ်နဲ့ MDY PDF ၊ TNLA မဟာမိတ်ပူးပေါင်းတပ်တွေတိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း ပျူခေါင်းဆောင်တစ်ဥဦးသေဆုံးခဲ့ကာ စစ်တပ်ဘက်ကအလောင်း လေးလောင်းရရှိခဲ့တယ်လို့ MDY PDF ဆီကသိရပါတယ်။
မတ္တရာမြို့နယ်ထဲကို ထိုးစစ်ဆင်လာတဲ့ စစ်သားတွေ နဲ့ သုံးရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းအပြင်လက်နက်ကြီးတွေနဲ့ဖိအားပေးတရစပ်ပစ်ခတ်နေတာကြောင့်ကျေးရွာ ၁၀ ရွာကဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မတ္တရာမြို့နယ်ပ.က.ဖဆီကသိရပါတယ်။