လားရှိုး – ၂၀၂၄ ဩဂုတ် ၄ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်ရဲ့ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျရှုံးခြင်းကို အားရနှစ်သက်ကြောင်းကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တို့က ဒီကနေ့ကြေညာလိုက်ပါတယ်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ မနေ့က လားရှိုးမြို့မှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။
တော်လှန်ရေးကာလမှာ ပထမဆုံး အာဏာသိမ်းစစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုကို အပြီးအပိုင်သိမ်းပိုက်နိုင်ခဲ့တဲ့ ဖြစ်ရပ်လည်းဖြစ်ပါတယ်။
ဒီနေ့ ထုတ်ပြန်ကြေညာတဲ့အထဲမှာပါတဲ့ ကေအဲန်ယူရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ တော်လှန်ရေးဟာ တစ်ဦးတစ်ဖွဲ့နဲ့ဆိုင်တဲ့ကိစ္စမဟုတ်ဘဲ အားလုံးနဲ့သက်ဆိုင်တယ်လို့ မော်ကွန်းကိုပြောပါတယ်။
“ကိုယ်ကြိုက်ရာနေရာကနေပြီးတော့ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ အခက်အခဲဘယ်လောက်၊ အကျပ်အတည်းဘယ်လောက်ပဲရှိကြပါစေ၊ ရုန်းကန်တိုက်ပွဲဝင်နေကြတယ်ဆိုတာက အဓိကအကျဆုံးအချက်ကတော့ ကျွန်တော်တို့ ဒီနိုင်ငံကို ဒီအုပ်ချုပ်သူပြောင်းလဲမှုမဟုတ်ဘဲနဲ့ ဒီစနစ် တစ်ခုပြောင်းလဲဖို့လုပ်နေတယ်ဆိုတာ၊ ကျွန်တော်တို့မြောက်ပိုင်းမှာပဲနေနေ၊ တောင်ပိုင်းမှာဘဲ နေနေ၊ အရှေ့ပိုင်းမှာဘဲ နေနေ၊ အနောက်ပိုင်းမှာပဲနေနေ အကုန်လုံးဝိုင်းပြီးတော့ ရုန်းကန်ပြီးတော့ တိုက်ပွဲဝင်နေကြတယ်ဆိုတာ ဒါကို ကျွန်တော်တို့ ဖော်ညွှန်းတာပဲ ဖြစ်တယ်၊ ကျွန်တော်တို့ဂုဏ်ယူဝမ်းသာတယ်၊ ကျွန်တော်တို့အားလုံးထောက်ခံကြတယ်”လို့ မော်ကွန်းကို ပဒိုစောတောနီးကပြောပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ၁၀၂၇ စစ်ဆင်ရေးအောင်မြင်သလို ညီနောင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း ဟန်ချက်ညီစွာနဲ့ အာဏာသိမ်းစစ်တပ်ပြိုလဲအောင် ဆက်လက်တိုက်ပွဲဝင်မယ်လို့ သံန္နိဌာန်ပြုတယ်လို့ ဖော်ပြထားပါတယ်။
အခုအောင်ပွဲဟာ အာဏာသိမ်းစစ်တပ်ပြိုလဲရေးအတွက် မှတ်တိုင်တစ်ခုအဖြစ်အရေးပါသလို ဒီအောင်ပွဲကတဆင့် စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အားလုံးကိုဖယ်ရှားပြီး ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် ပြည်သူလိုလားတဲ့ စနစ်သစ်ပြုပြင်ပြောင်းလဲရေးအတွက် အတူတကွတိုက်ပွဲဝင်ကြမယ်လို့ ဖော်ပြထားပါတယ်။
ပုံစာ – KNU, KNPP, CNF ထုတ်ပြန်ချက်

