ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၁၂ (မော်ကွန်း)
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတစ်ခုဖြစ်တဲ့ ရပ်စောက်-နောင်ချို ကားလမ်းကို စစ်ကောင်စီက ဒီနေ့ မနက်ပိုင်းက စပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ဒီလမ်းကြောင်းကို ကိုယ်တိုင်ဖြတ်သန်းလာသူ တချို့က ပြောပါတယ်။
ရပ်စောက်- နောင်ချိုကားလမ်းအတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းကို တက်မယ့် ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေကို စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက ဒီမနက်ကစပြီး ပြန်လှည့်ခိုင်းနေတယ်လို့ ဒေသခံ ခရီးသည်တင်ယာဉ်မောင်း တချို့က ပြောပါတယ်။
ဒီလမ်းပိုင်းကို ရပ်စောက်မြို့ အထွက်မှာရှိတဲ့ ဗထူးတပ်မြို့ကစပြီး ပိတ်ထားလိုက်တာဖြစ်ကာ ရှမ်းမြောက်က ဆင်းလာတဲ့ ကားတချို့ကို စစ်ဆေးပြီး ဝင်ခွင့်ပေးနေပေမယ့် ရှမ်းမြောက်ဘက်ကို တက်မယ့် ကားတွေကိုတော့ လုံးဝပေးမဝင်တော့ဘူးလို့ ရပ်စောက်ကနေ နောင်ချိုကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းက ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“ဗထူးဂိတ်မှာ ဒီမနက် အကုန်ပြန်လှည့်ရတယ်။ ခရီးသည်တင်ကားရော၊ ကုန်ကားတွေရော၊ ကျွန်တော်တို့ကြားတာတော့ ရက်အကန့်အသတ်မရှိပိတ်လိုက်တယ် ကြားတာပဲ” လို့ ၎င်းယာဉ်မောင်းက ပြောပါတယ်။
ရပ်စောက်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်းကို တက်တဲ့လမ်းပေါ်က ဗထူးတပ်မြို့မှာ စစ်ကောင်စီရဲ့ မင်းကြီးသုံးပါး စစ်ဆေးရေးဂိတ်ဆိုတဲ့ ဂိတ်တစ်ခုရှိပြီး အဲဒီဂိတ်က ရှမ်းမြောက်နဲ့ အတက်အဆင်း ကားတွေကို တင်းတင်းကျပ်ကျပ်စစ်ဆေးလေ့ရှိတာပါ။
ရပ်စောက်-နောင်ချိုလမ်းပိုင်းက တောင်ခမ်းရွာ အနီးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့်လည်း ဒီလမ်းပိုင်းကို ပိတ်လိုက်တာလို့ ဒေသခံတချို့က ပြောပါတယ်။
“ဒီလမ်းကို ပတ်ပြီးတော့ သွားလို့တော့ရတယ်။ တောင်ကြီးဘက်ကို ပြန်ဆင်းပြီး ပြန်ပတ်လို့ ရတယ်။ အိမ်စီးကားတွေတော့ အဲဒီလို ပတ်သွားကြတယ်။ လိုင်းကားတွေတော့ အဆင်မပြေဘူးပေါ့” လို့ ဒေသခံ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
တောင်ခမ်းရွာအနီး အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းအပါအဝင် တပ်စခန်းတွေကို TNLA ပူးပေါင်းးတပ်တွေက ပြီးခဲ့တဲ့ လပိုင်းထဲက ထိုးစစ်ဆင်နေတာဖြစ်ပြီး ဒီလဆန်းပိုင်းမှာလည်း တောင်ခမ်းဒေသတစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။
အဲဒီ ရပ်စောက်မြို့ဟာ မန္တလေးတိုင်းက ပြင်ဦးလွင်မြို့ပြီးရင် စစ်ကောင်စီရဲ့ ဒုတိယအကြီးဆုံး ဗိုလ်သင်တန်းကျောင်း တည်ရှိရာ မြို့လည်းဖြစ်ပြီး ဒေသတွင်းမှာ တပ်မြို့အဖြစ် လူသိများပါတယ်။
ပုံစာ – ရပ်စောက်မြို့အဝင် လမ်းပိုင်းတစ်နေရာ
ဓါတ်ပုံ – Yak Sawk Facebook group

