ရှမ်းမြောက် – ၂၀၂၃ နိုဝင်ဘာ ၄ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်တွေ အာဏာသိမ်းစစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ သီတင်းတစ်ပတ်ကျော်ကြာပြီးနောက် မြို့ငါးမြို့မှာ ဖုန်းလိုင်းတွေပြတ်တောက်နေတာကြောင့် ရွေ့ပြောင်းလုပ်သားတွေရဲ့မိသားစုဝင်တွေနဲ့အဆက်အသွယ် ပြတ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ ကွမ်းလုံမြို့တွေမှာ မနေ့ကစတင်ပြီး ဆက်သွယ်ရေးဖုန်းလိုင်းတွေပြတ်တောက်နေပြီး လောက်ကိုင်မှာတော့ ဖုန်းလိုင်းပြတ်တောက်နေတာ ငါးရက်ခန့်ရှိပြီလို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဆက်သွယ်ရေးဖုန်းလိုင်းပြတ်တောက်နေတာကြောင့် မူဆယ်နဲ့လောက်ကိုင်မြို့တွေကို လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ရပ်ဝေးကအလုပ်သမားတွေဟာ မိသားစုဝင်တွေနဲ့ အဆက်သွယ်ပြတ်နေပါတယ်။
“အိမ်ပြန်မလာတာ သုံးနှစ်ရှိပြီ၊ မူဆယ်ကဟိုတယ်မှာလုပ်နေတာ၊ ဒီနှစ်သီတင်းကျွတ်ပြန်လာမယ်ဆိုပြီးခွင့်မရလို့မလာရဘူး၊ အခုတော့တိုက်ပွဲတွေဖြစ်ကုန်ပြီ၊ လစာလည်းတစ်လစာမရသေးဘူးပြောတယ်၊ ခုအဆက်သွယ်ပါပြတ်သွားပြီ၊ ဘယ်လိုဖြစ်မလဲမသိတော့ဘူး”လို့ မိုးကုတ်မြို့ကနေ မူဆယ်မြို့ကို သွားရောက် အလုပ်လုပ်ကိုင်နေသူတစ်ဦးရဲ့မိခင်ကပြောပါတယ်။
သမီးဖြစ်သူနဲ့ အဆက်သွယ် ပြတ်တောက်သွားတာကြောင့် စိတ်ပူနေပြီး အဆက်သွယ်ပြန်ရဖို့စောင့်နေတယ်လို့ အဆိုပါမိခင်က ပြောပါတယ်။
“တစ်ချက်တစ်ချက်တော့ Ooredoo က မက်ဆေ့ချ်ပို့ရတယ်ပြောတယ်၊ ကိုယ်လည်းအဲ့မှာအသိရှိတယ်၊ဆက်သွယ်လို့မရဘူ၊ လားရှိုးကတော့ ရသေးတယ်၊ ဒါပေမယ့်ဘယ်အချိန်ပြတ်မလဲမသိဘူး”လို့ လားရှိုးမြို့ဒေသခံတစ်ဦးကပြောပါတယ်။
မူဆယ်မြို့မှာ အင်တာနက် Wifi တွေသာရနေပြီး ဖုန်းဆက်သွယ်ရေးလိုင်းတွေအားလုံးပြတ်တောက်နေတာလို့ မူဆယ်မြို့မှာရောက်ရှိနေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
လောက်ကိုင်မြို့မှာတော့ အရင်ကတည်းက Telenor အော်ပရေတာတစ်ခုသာ ဆက်သွယ်လို့ရတာဖြစ်ပြီး ဆက်သွယ်လို့မရတာ ငါးရက်ခန့်ရှိပြီဖြစ်တာကြောင့် တရုတ်လိုင်းတွေကိုသာအဓိကသုံးနေရတယ်လို့လောက်ကိုင်မြို့ဒေသခံတစ်ဦးကပြောပါတယ်။
“ဒီဘက်မှာတရုတ်လိုင်းကအမြဲပူးနေတော့ Mytel နဲ့ Telenor ပဲသုံးကြတာ၊ တိုက်ပွဲ စဖြစ်ပြီးသုံးရက်လောက်မှာ Telenor လိုင်းပြတ်သွားတယ်၊ တနေ့က Mytel ပြတ်သွားတယ်၊ မရတော့ဘူး”လို့ သူကပြောပါတယ်။
တရုတ်လိုင်း Wifi တွေက ခြောက်လစာ တရုတ်ငွေ ၆၀,၀၀၀ ကျပ်ပေးရပြီး Facebook ၊Telegram၊ Viber စတဲ့ လူမှုကွန်ရက်အက်ပလီကေးရှင်းတွေသုံးလို့ မရတဲ့အပြင် VPN တွေကိုလည်းစျေးကြီးပေးဝယ်ရတယ်လို့ ပြောပါတယ်။
” အိမ်ကလူတွေနဲ့အဆက်သွယ်ပြတ်နေတာ၊လောက်ကိုင်မှာဆိုတော့ တိုက်ပွဲသတင်းတော့နားထောင်နေရတယ်၊စိတ်ပူတယ်၊ ပြန်လာလို့ရရင်ချက်ချင်းပြန်လာစေချင်ပြီ၊ အဲ့ဘက်ကတိုက်ပွဲ ဖြစ်နေတော့အစစအရာရာလည်းစျေးတက်နေတယ်၊ အဆက်သွယ်မရတော့ပိုစိတ်ပူနေရတယ် “လို့ လောက်ကိုင်မြို့ ဂိမ်းရုံတစ်ခုမှအလုပ်လုပ်နေသူတစ်ဦးရဲ့မိသားစုဝင်တစ်ဦးကပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ အောက်တိုဘာ ၂၇ရက်နေ့ကစတင်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းတွေကို “၁၀၂၇ စစ်ဆင်ရေး”အနေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

