ရှမ်းမြောက်တိုက်ပွဲ တစ်လအတွင်း အရပ်သား ၉၀ နီးပါးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း-၂၀၂၃ နိုဝင်ဘာ ၂၈ (မော်ကွန်း)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တစ်လအတွင်း အရပ်သား ၉၀ နီးပါး သေဆုံးခဲ့တယ်လို့ တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေကို စာရင်းပြုစုနေတဲ့ Shan People အဖွဲ့က သုတေသီ စိုင်းစောက မော်ကွန်းကို ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ရဲ့ “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ကနေ နိုဝင်ဘာ ၂၇ မနေ့ကအထိ ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေအကြား အရပ်သား ၈၈ ဦး သေဆုံးခဲ့တာပါ။

ဒါဟာ တိုက်ပွဲတွေအတွင်း တစ်ရက်ကို အရပ်သား သုံးဦးနီးပါး သေဆုံးတာဖြစ်ပါတယ်။

“အဓိကက စစ်ကောင်စီတပ်က အရပ်သားတွေရှိတဲ့ရွာတွေထဲကို(လက်နက်ကြီး) ရမ်းပစ်လို့ပါ။ လေကြောင်းတိုက်ခိုက်မှုကတော့ နည်းနည်းပိုများတယ်၊ နှစ်ခုလုံးကြောင့်ပါခင်ဗျာ။ (စစ်ဘေးရှောင်) တစ်သိန်းကျော်နေပါပြီ၊ ဒါပေမယ့် မြေပြင် အထိလိုက်ကောက်မရတဲ့ နေရာတွေရှိတော့လေ၊ အတိအကျတော့ ပြောလို့မရဘူးခင်ဗျာ” လို့ Shan People က စိုင်းစောက ပြောပါတယ်။

တိုက်ပွဲအတွင်း သေဆုံးတဲ့သူတွေဟာ အသက်မပြည့်သေးတဲ့ ၁၀ နှစ် ဝန်းကျင် ကလေးငယ် ၁၈ ဦး အပါအဝင် အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၃၉ ဦးတို့ ဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့သူတွေဟာ သိန္နီ ရှစ်ဦး၊ နမ့်ဆန် လေးဦး၊ နမ့်ခမ်း ငါးဦး၊ နောင်ချို ငါးဦး၊ ဟိုပန် သုံးဦး၊ ကွမ်းလုံ နှစ်ဦး၊ ကျောက်မဲ နှစ်ဦး၊ သီပေါ တစ်ဦး၊ ကွတ်ခိုင် ၁၀ ဦး၊ လားရှိုး ၁၄ ဦး၊ မူဆယ် ၁၄ဦးနဲ့ လောက်ကိုင် ၂၀ ဦး စတဲ့ မြို့တွေက ဒေသခံတွေဖြစ်တယ်လို့ Shan People ရဲ့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။

“ဒေသခံတွေက အခုကြောက်နေရတာ နှစ်မျိုးရှိတယ်ဗျ။ လေကြောင်းကနေ ညကြီးအချိန်မတော် ဗုံးကြဲချင်တဲ့အချိန်ကြဲမှာ ကိုယ့်အိမ်ထိမှာပေါ့နော်။ နေရပ်စွန့်ခွာ ပြေးပြန်ရင်လည်း နေအိမ်တွေမှာ ဝင်ခိုး သောင်းကျန်းတဲ့ သူခိုးတွေရှိတယ်။ ပြေးရအခက်၊ မပြေးရအခက်၊ အဲ့လိုတွေဖြစ်နေတာပါ” လို့ သူကပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ရှမ်းမြောက်မှာ နေ့စဉ် စစ်ရှောင်ဦးရေတိုးလာနေပြီး စားနပ်ရိက္ခာအကူအညီတွေလည်း လိုအပ်နေတယ်လို့ ရှမ်မြောက်က စစ်ရှောင်အရေး ကူညီနေသူတွေကပြောကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေက အောက်တိုဘာ ၂၇ ကစလို့ “၁၀၂၇ စစ်ဆင်ရေး”စတင်ကာ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီအပါအဝင် မြို့နယ်တချို့ကို သိမ်းပိုက်ထားသလို ကရင်နီပြည်နယ်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက “၁၁၁၁စစ်ဆင်ရေး” စတင်ကာ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။

အခုလ ၂၄ ရက်ကလည်း မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့က “၁၀၂၇ စစ်ဆင်ရေး” တစ်လပြည့်မှာ တစ်နိုင်ငံလုံးစစ်ဆင်ရေးစမယ်လို့ ကြေညာခဲ့ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်နိုင်ဖို့ လူတိုင်းပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။

ပုံစာ-စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ထိခိုက်ဒဏ်ရခဲ့တဲ့ နမ့်ခမ်းဒေသခံများ။

ဓာတ်ပုံ-PSLF/TNLA သတင်းနှင့်ပြန်ကြားရေး

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."