ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၇ (မော်ကွန်း)
ရှမ်းမြောက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်ဘက်က ကြက်သွန်ဖြူမဝင်တော့လို့ ပြည်တွင်းစားသုံးနေတဲ့ ကြက်သွန်ဖြူဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ကုန်စည်ဒိုင်တွေနဲ့ စားသောက်ကုန်ရောင်းဝယ်သူတွေဆီက သိရပါတယ်။
ကြက်သွန်ဖြူတွေကို ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့က ထွက်ရှိတဲ့အပြင် တရုတ်နိုင်ငံဘက်က တင်သွင်းတဲ့ ကြူကုတ်ကြက်သွန်ဖြူကိုလည်း ပြည်တွင်းမှာ စားသုံးနေကြတာပါ။
တရုတ်ပြည်ဘက်က ဝင်ရောက်လာတဲ့ ကြူကုတ် ကြက်သွန်ဖြူဈေးနှုန်းဟာ တစ်ပိဿာ ၇,၀၀၀ ကျပ် ဝန်းကျင်ရှိရာကနေ ရှမ်းမြောက်တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ တစ်ပိဿာကို ကျပ်တစ်သောင်းခွဲကျော်အထိ ဈေးနှုန်းမြင့်တက်သွားပြီး ဈေးကွက်အတွင်းလည်း ပစ္စည်းပြတ်လပ်နေတယ်လို့ ကြက်သွန်ဖြူ ကုန်သည်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းထွက်ကြက်သွန်ဖြူလည်း တစ်ပိဿာကို ကျပ်တစ်ထောင်ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ ကြက်သွန်ဖြူဈေးကွက်အတွင်းက သိရပါတယ်။
ဘုရင့်နောင် ကုန်စည်ဒိုင်က ကြက်သွန်ဖြူကုန်သည်တစ်ဦးကတော့“ရှမ်းကြက်သွန်ဖြူတို့ ဗမာကြက်သွန်ဖြူတို့က ဝင်သေးတယ်၊ လက်ကျန်တွေ ရှိသေးတယ်ပေါ့။ ကြူကုတ်ကြက်သွန်ဖြူက ဒီလကုန်ထဲက အဝင်မရှိတော့တာ။ လက်ကျန်လုံးဝမရှိတော့ဘူး။ ဒီဘက်မှာရှိတဲ့ ဗမာဥနဲ့ ရှမ်းဥတွေကလည်း ဈေးကွက်သဘောအရ ဈေးနည်းနည်းလိုက်တက်လာတယ်” လို့ ပြောပါတယ်။
လက်ရှိ ဈေးကွက်အတွင်းမှာ ကြူကုတ် ကြက်သွန်ဖြူ တစ်ပိဿာကို ၁၆,၅၀၀ ကျပ် ဗမာကြက်သွန်ဖြူ တစ်ပိဿာ ၁၂,၀၀၀ ကျပ်နဲ့ ရှမ်းကြက်သွန်ဖြူ(အလုံးကြီး) တစ်ပိဿာကို ၁၆,၀၀၀ ကျပ် ဖြစ်နေတယ်လို့ ကြက်သွန်ဖြူဈေးကွက်အတွင်းက သိရပါတယ်။
ကြက်သွန်ဖြူကို ပြည်တွင်းမှာ စိုက်ပျိုးမှုတွေရှိပေမယ့် တရုတ်ဘက်က ဝင်လာတဲ့ ကြက်သွန်ဖြူကလည်း အလုံးကြီးကာ ဈေးသက်သာတဲ့အတွက် ပြည်တွင်းမှာ စားသုံးမှုများပြားတယ်လို့ ကြက်သွန်ဖြူကုန်သည်တစ်ဦးက ပြောပါတယ်။
“အရင်ကလည်း တရုတ်ဘက်က အဝင်နည်းရင် ပြည်တွင်းမှာ ဈေးလိုက်တက်လေ့ရှိတယ်။ ဝယ်လိုအားများပြီး ကုန်ပစ္စည်းရွေးချယ်စရာ နည်းလာရင် ဈေးကတော့ လိုက်တက်လာမှာပေါ့” လို့ အဆိုပါကုန်သည်က ပြောပါတယ်။
ကြက်သွန်ဖြူဈေးနှုန်းတွေမြင့်တက်နေတာကြောင့် ဟင်းချက်ရာမှာ အရင်လို ကြက်သွန်အများအပြား မသုံးနိုင်တော့ဘူးလို့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
“ကြက်သွန်ဖြူဈေးက ဟိုးတုန်းကဆို တစ်ပိဿာမှ သုံးထောင်လေးထောင်လောက်ရှိတာ။ အခု တစ်ပိဿာကို တစ်သောင်းခွဲတို့၊ တစ်သောင်းတို့ မကြားဖူးတဲ့ဈေးဖြစ်နေတယ်” လို့ အဆိုပါ အိမ်ရှင်မက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ မြောက်ပိုင်းညီနောင်မဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဟာ စစ်ကောင်စီ စခန်းတွေ၊ မြို့တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေတာဟာ တစ်ပတ်ကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။
ကြက်သွန်ဖြူကို ရှမ်းပြည်နယ်တောင်ပိုင်း မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ အများဆုံးစိုက်ပျိုးကြပေမယ့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုက ဈေးကွက်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တဲ့အတွက် တရုတ်နိုင်ငံကတင်သွင်းမှုတွေ ရှိလာတာဖြစ်ပါတယ်။
ပုံစာ – ပွဲရုံအတွင်းသိုလှောင်ထားတဲ့ ကြက်သွန်ဖြူများ
Photo – အောင်ပန်း ကုန်စိမ်းပွဲရုံ

