ဂေထော
ရန်ကုန်၊ ၂၀၂၀ စက်တင်ဘာ ၄ (မော်ကွန်း)
ရှမ်းပြည်နယ်အခြေစိုက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)သည် လာမည့်အပတ်အတွင်း ပါတီ၏မူဝါဒလမ်းစဥ်များကို ထုတ်ပြန်ကြေညာမည်ဟု ပါတီ၏တွဲဘက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က မော်ကွန်းသို့ ပြောသည်။
ပါတီ၏မူဝါဒလမ်းစဥ်နှင့်ပတ်သက်ပြီး အပိုင်း နှစ်ပိုင်းပါရှိကာ နိုင်ငံတစ်ခုလုံးကိုလွှမ်းခြုံ၍ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးအတွက်ဘာလဲ၊ အုပ်ချုပ်ရေးနှင့်အမှီပြုရေးစသည့် ခေါင်းစဉ်များနှင့်အထွေထွေမူဝါဒများ၏ ခေါင်းစဥ်အကြီး ၈ ခုအောက်မှ ခေါင်းစဥ်ခွဲများကိုဖော်ပြထားသည့် သဘောတရားများလည်း ပါဝင်ကြောင်းသူကရှင်းပြသည်။
“ပါတီမူဝါဒလမ်းစဥ်ဆိုပြီး ကျွန်တော်တို့ထုတ်မယ်။ကျွန်တော်တို့ ဒီနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုဘယ်လိုလုပ်ရမယ်ဆိုတာကအစ ဘယ်လိုမျိုးဖြစ်သင့်တယ်ဆိုတာ အပိုင်းတွေပါမယ်။မူဝါဒအတော်များများကိုအကျဥ်းချုပ်ဖော်ပြတဲ့ပုံစံလည်းပါမှာပေါ့ဗျာ”ဟု သူကဆိုသည်။
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၄၅ ခုတွင် တိုင်းရင်းသားမဲဆန္ဒနယ် သုံးနေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၃၈ နေရာနှင့် ပြည်နယ်လွှတ်တော် ၇၉ နေရာ တို့ဖြစ်ကြောင်း ဩဂုတ် ၇ ရက်က SNLD ပါတီမှ ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ပါတီကိုယ်စားလှယ်လောင်းများကို ပြန်လည်စီစစ်ရ္ဂေးချယ်ရာ၌ SNLD ပါတီမှ မိုးမိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ပယ်ချခံရသည့်အတွက် ၁၃၁ ဦးသာ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စိုင်းကျော်ညွန့်က ဆိုသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကို ၁၉၈၈ တွင်စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အမျိုးသမီးနှင့်လူငယ်ပါဝင်မှုသည် ကိုယ်စားလှယ်လောင်းရွေးချယ်ရာ၌ အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရမည်ဟု ပါတီ၏မြို့နယ်အလုပ်အမှုဆောင်ကော်မတီက သတ်မှတ်ထားပြီး ယခုကိုယ်စားလှယ်လောင်းများ၌ အမျိုးသမီးပါဝင်မှုမှာ ၂၉ ရာခိုင်နှုန်းရှိပြီး လူငယ်ပါဝင်မှုမှာ ၂၃ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။
Photo – SNLD Facebook Page
ပုံစာ- ရှမ်းပြည်နယ်တောင်ပိုင်း၊မိုင်းရှူးမြိူ့နယ်၊ဝမ်ဆော့ကျေးရွာ၌ သြဂုတ် ၂၉ ရက်က SNLD ပါတီဆိုင်းဘုတ်တင်ခြင်းအခမ်းအနား။
#Dailynews