ရန်ကုန် – ၂၀၂၄ မတ် ၂၆ (မော်ကွန်း)
တရုတ်နိုင်ငံ၊ ရွှေလီဘက်မှာ ပြည်ဝင်ခွင့်ကန့်သတ်ချက်အသစ်တွေ ထပ်မံတိုးမြှင့်ထုတ်ပြန်လိုက်ပြီးနောက် အထောက်အထားမစုံတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဆက်တိုက်ဖမ်းဆီးလာတယ်လို့ ရွှေလီရောက် မြန်မာလုပ်သားတချို့က ပြောပါတယ်။
အရင်က မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ တစ်နှစ်သက်တမ်းရှိတဲ့ စာအုပ်အနီလို့ခေါ်တဲ့ တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်၊ တစ်ပတ်သွားရောက်လည်ပတ်လို့ရတဲ့ ယာယီနေထိုင်ခွင့်ကတ်တွေနဲ့ တရုတ်နိုင်ငံထဲ ရွှေလီ၊ ကျယ်ဂေါင်၊ ရင်ကျန်းစတဲ့ ယူနန်ပြည်နယ်ထဲကမြို့တွေမှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်တွေ ပြုထားတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး တရုတ်လူဝင်မှုကြီးကြပ်ရေးဌာနဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ပတ်သက်လို့ ကန့်သတ်ချက်တွေ ထပ်တိုးထားပြီး နယ်ဖြတ်ကျော်ခွင့်ကတ်တွေအပြင် အလုပ်အကိုင်အေဂျင်စီ ထောက်ခံချက်တွေ၊ တရုတ်နိုင်ငံရွှေလီအလုပ်သမားရုံးက အလုပ်လုပ်ကိုင်ခွင့်ထောက်ခံချက်တွေ ပြနိုင်မှပဲ ဝင်ခွင့်ပြုတော့တယ်လို့ ရွှေလီရောက်မြန်မာလုပ်သားတွေက ပြောပါတယ်။
“အခုက ရွှေလီကသူဌေးက ထောက်ခံချက်ပေးမှရတော့မှာ။ အထဲကသူဌေးရဲ့ထောက်ခံချက်နဲ့ သွားခေါ်ပြီး ထောက်ခံစာနဲ့ အလုပ်သမားရုံးကစာချုပ်ချုပ်ပြီးပဲ ခွင့်ပြုတော့တာ။ အဲဒီဟာမရှိရင် ဖမ်းပြီး ချက်ချင်းပြန်ပို့နေတယ်” လို့ ရွှေလီက မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောပါတယ်။
အခုလိုကန့်သတ်ချက်အသစ်တွေ ထပ်တိုးထုတ်ပြန်ပြီးနောက်မှာ တရုတ်ရဲတွေ မြန်မာလုပ်သားတွေကို ဆက်တိုက်ဖမ်းဆီးနေကာ ပြန်ပို့ခံရတဲ့ မြန်မာလုပ်သားတွေ အများအပြားရှိတယ်လို့ တရုတ်နယ်စပ် ကုန်သွယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“အခုချိန် အထောက်အထားစုံမှပဲ သွားဖို့အဆင်ပြေတော့မှာပါ။ အထောက်အထားနည်းနည်းမစုံတာနဲ့ တန်းဖမ်းတယ်။ ပြီးရင် အချုပ်ထဲလည်း နှစ်ပတ်လောက်ထားပြီးမှ ပြန်ပို့တာ။ အရင်လို အလုပ်ရှာဖို့ဆိုပြီး ဝင်လို့မရတော့တာပေါ့။ ပွဲစားတွေနဲ့လည်း မသေချာဘူး။ ဒီအချိန်ကာလတော့ မလာကြဖို့ ပြောချင်တယ်။ အဖမ်းအဆီးတော်တော်ကြမ်းနေတယ်” လို့ ၎င်းကပြောပါတယ်။
ဖမ်းဆီးခံရပြီး ပြန်ပို့ခံရတဲ့ မြန်မာလုပ်သားအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။
တရုတ်ဘက်က အခုလို အဖမ်းအဆီးကြမ်းနေပေမယ့် မြန်မာဘက်ခြမ်း မူဆယ်နယ်စပ်မှာတော့ တရုတ်နိုင်ငံထဲ ယာယီနယ်စပ်ဖြတ်ကျော်ကတ်တွေရရှိဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား နေ့စဉ် ထောင်နဲ့ချီရှိနေတယ်လို့ အဲဒီကတ်ထုတ်ပေးရာမှာကူညီနေတဲ့ မူဆယ်မြို့ခံပရဟိတအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“သူတို့ကတော့ (တရုတ်နိုင်ငံက) သတ်မှတ်ထားတဲ့ လူအရေအတွက်အတိုင်းပဲ ဝင်ခွင့်ပေးတာ။ ဒီဘက်က ဝင်ဖို့စောင့်နေတာက နေ့စဉ်ထောင်ကျော်ရှိတယ်။ စောင့်နေတဲ့ကာလမှာ မူဆယ်မှာနေရတဲ့ စရိတ်တွေရှိတယ်။ ဟိုဘက်ရောက်ရင် စာအုပ်စာတမ်းတွေမသေချာရင်၊ ပြန်ပို့ခံရရင် စရိတ်ဆုံးမှာပေါ့။ အဲဒီလိုပဲ မူဆယ်မှာ သောင်တင်နေတဲ့သူတွေအများကြီး” လို့ ၎င်းကပြောပါတယ်။
ကိုဗစ်ကပ်ရောဂါကာတွေတည်းက ပိတ်ထားတဲ့ နယ်စပ်ဂိတ်ပေါက်တွေကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက တရုတ်နိုင်ငံဘက်က စတင်ဖွင့်လှစ်ပေးခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ဝင်ပေါက်တွေဖြစ်တဲ့ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်ဝင်ပေါက်တွေကနေ နေ့စဉ် လူဦးရေ ၄၀၀ ခန့် ဝင်ခွင့်ပြုနေတာပါ။
ပုံစာ – နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ဂိတ်
ဓာတ်ပုံ – MoI