ကနီ-၂၀၂၄ မတ် ၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်တစ်ဖက်ကမ်းက ကနီမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်နေတာကြောင့် မြို့ကိုလက်မလွှတ်ရဖို့ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုအများအပြား လုပ်ဆောင်နေသလို မြို့တွင်းမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ကနီမြို့ကိုတိုက်ခိုက်ရာမှာ ပါဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ကနီမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အခုလ ၂ ရက်ကစလို့ ဒီနေ့အထိ ငါးရက်ကြာ တိုက်ခိုက်နေတာဖြစ်ပြီး မြို့ကို အလုံးစုံမသိမ်းပိုက်နိုင်သေးဘူးလို့ သူကပြောပါတယ်။
“မနေ့က သိမ်းပြီရပြီလို့သတင်းတွေတက်ပြီးတော့ စစ်တပ်က ချက်ချင်းပြန်လုံးတာ။ (မြို့ကို)ရာနှုန်းပြည့် မရသေးပါဘူး။ အခုချိန်ထိ တိုက်ခိုက်နေတုန်း၊ လေကြောင်းလည်းတိုက်နေတုန်း။ မြို့ထဲမှာ စစ်ကောင်စီတပ်တွေက ကျန်သေးတယ်။ သူတို့ကမြေပြင်စစ်ကူမပို့နိုင်ဘူး။ ဒါပေမယ့်လေကြောင်းနဲ့ ပို့တယ်လည်းကြားတယ်။ ကုန်းကြောင်းက သူတို့တက်ဖို့မလွယ်တော့ မလာသေးဘူး” လို့ တိုက်ပွဲရဲ့ အခြေအနေကို သူကပြောပြပါတယ်။
ငါးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ ကနီမြို့ပေါ်နဲ့ အနီးနားကကျေးရွာတွေကိုလည်း လေကြောင်းကနေ အကြိမ်များစွာဗုံးကြဲတိုက်ခိုက်လို့ ဒေသခံထိခိုက်သေဆုံးတာတွေရှိနေသလို နေအိမ်ပျက်စီးဆုံးရှုံးမှုတွေလည်း များတယ်လို့ ကနီဒေသခံတစ်ဦးကလည်း ပြောပါတယ်။
“(မြို့ထဲ)ပိတ်မိတဲ့သူတွေကတော့ ပြေးကြပြီ။ နီးစပ်ရာတွေကိုပေါ့။ အားလုံးပေါင်းဆိုရင် ထွက်ပြေးရတာက အဲဒီနားဝန်းကျင်ဆို (စစ်ရှောင်)သုံးထောင်လောက်တော့ရှိတယ်။ အဓိကက ကနီဝန်းကျင်ကရွာတွေပေါ့။ လေကြောင်းတိုက်ခိုက်မှုတွေတောက်လျှောက်လုပ်တော့ အဲဒီရွာတွေကပြေးရတာ။ ရွာထဲမှာ သေဆုံးသူတွေလည်းရှိတယ်” လို့ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲစဖြစ်တဲ့ ပထမနေ့မှာတင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်လေယာဉ်နဲ့ဗုံးကြဲတာ၊ တိုက်ခိုက်ရေးရဟက်ယာဉ်နဲ့ပစ်ခတ်တိုက်ခိုက်တာ အကြိမ် သုံးဆယ်ထက်မနည်းရှိလာနေပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
အဲဒီတိုက်ပွဲငါးရက်အတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ရှစ်ဦးနီးပါးကျဆုံးခဲ့ပေမယ့် တိုက်ပွဲဖြစ်နေဆဲမို့ ဘယ်တပ်ဖွဲ့ကရဲဘော်တွေဆိုတာ မသိရသေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“အခြေနေက ဒီနေ့သူတို့ဘက်က တော်တော်ကြမ်းလာတယ်။ ကိုယ့်ဘက်က ရှစ်ယောက်လောက်ကျတယ်။ ဘယ်အဖွဲ့တွေဆိုတာ အတည်မပြုရသေးဘူး။ ကျတဲ့စာရင်းက ရှစ်ယောက်လောက်ရှိတယ်။ ဟိုကောင်တွေဘက်ကအကျအဆုံးစာရင်းတော့ အတည်မပြုနိုင်သေးဘူး။ အရပ်ပြောတွေပဲရှိတာ၊ လုံးဝအတည်မပြုနိုင်သေးဘူး” လို့ သူကဆိုပါတယ်။
တိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့ ကနီမြို့ဟာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ မုံရွာမြို့နဲ့ မိုင် ၄၀ ဝန်းကျင်အကွာမှာရှိပြီး မြို့ပေါ်ရပ်ကွက်သုံးခု၊ ကျေးရွာပေါင်းတစ်ရာကျော်နဲ့ဖွဲ့စည်းထားတဲ့ စိုက်ပျိုးရေးလုပ်ငန်းအဓိကလုပ်ကိုင်တဲ့မြို့နယ်တစ်ခုဖြစ်ပါတယ်။
ကနီမြို့နယ်နဲ့ထိစပ်နေတဲ့ ယင်းမာပင်၊ ပုလဲ၊ ဘုတလင်၊ ရေဦး၊ မင်းကင်း၊ ဒီပဲယင်းစတဲ့မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်တွေက မကြာခဏစစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံအများအပြားရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၇ သန်းကျော်အထိရှိလာနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHAရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ပုံစာ-ကနီမြို့ဝင်ဆိုင်းဘုတ်အနီးက တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့။
ဓာတ်ပုံ-DPRA

