ရွှေဘို – ၂၀၂၂ မတ် ၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ရတနာသိင်္ခတံတားမှာ အာဏာသိမ်းစစ်တပ်က ကြံကားတွေ ဖြတ်သန်းသွားလာခွင့်မပြုလို့ ကြံစိုက်တောင်သူတွေ အခက်အခဲနဲ့ကြုံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့နယ်ခွဲနဲ့ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တို့ကိုဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတားပေါ်မှာ ကြံတွေတင်လာတဲ့ကားတွေဆိုရင် ဖြတ်သန်းခွင့်မပြုဘဲ ပြန်လှည့်ခိုင်းကြောင်း၊ ကြံတွေကို မန္တလေးတိုင်းဘက် ပို့ဆောင်ရောင်းချဖို့ အခက်အခဲတွေရှိနေကြောင်း ဒေသခံက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဘာကြောင့် ကြံကားတွေ ဖြတ်သန်းခွင့်မပြုတာလဲဆိုတာကို အသိမပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်မြောင်းတံတား(ရတနာသိင်္ခတံတား) မှာ ကြံကားများကို ဖြတ်သန်း သွားလာခွင့် မပြုတာကြောင့် ဝက်လက်နယ်အရှေ့ခြမ်းမှာရှိတဲ့ ကြံစိုက်တောင်သူတွေ အခက်ကြုံနေရပါတယ်။
“ကြံခင်းတွေက ခုတ်ပြီးသွားပြီ။ ရတနာသိင်္ခတံတားက ဖြတ်လို့မရလို့ ကြံစိုက်တောင်သူတွေ ဒုက္ခရောက်နေတယ်”လို့ ရွှေဘိုနယ် ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရတနာသိင်္ခတံတားပေါ်မှာ ဆိုင်ကယ်တွေကို မောင်းနှင်စီးနင်းခွင့်မပြုဘဲ တွန်းပြီးဖြတ်သန်းရကြောင်း၊ ကားပေါ်မှာလိုက်ပါလာတဲ့ ပြည်သူတွေလည်း လမ်းဆင်းလျှောက်ရတယ်လို့ ဒေသခံက ပြောပါတယ်။
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကိုဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားတွေအနက် ရတနာသိင်္ခတံတားဟာ အရေးပါတဲ့တံတားတစ်စင်းဖြစ်ပြီး တံတားထိပ်နှစ်ဖက်လုံးမှာ အာဏာသိမ်းစစ်တပ်နဲ့ရဲတွေက ဂိတ်ဖွင့်ပြီးစစ်ဆေးလေ့ရှိပါတယ်။
#Dailynews

