ရွှေဘို – ၂၀၂၃ မေ ၁၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံသာကုန်းရွာကို ဒီနေ့မနက် ၆: ၀၀ နာရီဝန်းကျင်က အာဏာသိမ်းစစ်တပ်ဟာ စစ်ကြောင်းထိုးလာပြီးနောက် ရွာကိုမီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ရွှေဘိုမြို့အနောက်ခြမ်း၊ စိုက်ပျိုးရေးသိပ္ပံခြံထဲကနေ အာဏာသိမ်းစစ်တပ်ဟာ အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထွက်လာခဲ့တာလို့ People’s Defesnse Comrade က ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်ကပြောပါတယ်။
ကံသာကုန်းရွာကို စစ်ကြောင်းထိုး၊ မီးရှို့တဲ့စစ်ကြောင်းဟာ ပြီးခဲ့တဲ့မေလ ၈ရက်က ရွှေဘိုနယ်အနောက်ခြမ်း သရက်ပင်ဝန်းရွာက နေအိမ် ၂၂လုံးကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းနဲ့အတူတူပဲဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
ဒီနေ့မီးရှို့ခံရတဲ့ ကံသာကုန်းရွာက နေအိမ်ဘယ်လောက်မီးလောင်ပျက်စီးတယ်ဆိုတာကို အတိအကျမသိရသေးပါဘူး။
“မနက်အစောဆိုတော့ တိတ်တဆိတ်ဝင်လာတာပါပဲ၊ အဲ့ဒီစစ်ကြောင်းက မေလ ၈ရက်နေ့ ရေဦးကနေထွက်ကတည်းက စစ်ကြောင်းတလျှောက် တိုက်မိုင်းခဏခဏမိတော့ အခု ကံသာကုန်းက ဖမ်းဆီးခံပြည်သူတွေကို အရှေ့ကနေသွားခိုင်းတယ်၊ ဓားစာခံအနေနဲ့ပေါ့”လို့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ ကံသာကုန်းရွာကိုဝင်လာပြီးနောက် ကျေးရွာအတွင်းက ရွာခံပြည်သူ ၅၀နီးပါးကိုဓားစာခံအဖြစ်ဖမ်းဆီးထားတယ်လို့သူကပြောပါတယ်။
ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်လာပြီးနောက် အာဏာသိမ်းစစ်တပ်ဟာ အခုလက်ရှိ ညောင်ပင်သာရွာ ဘိုတဲကုန်းဘုန်းကြီးကျောင်းအတွင်းမှာ တပ်စွဲထားပါတယ်။
#Dailynews

