ရွှေပြည်သာမြို့နယ်တွင် ပုဂ္ဂလိက Quarantine Centre အဖြစ် လူမှုကူညီသူများအား လုပ်ကိုင်ခွင့်ပြု

ရွှေပြည်သာမြို့နယ်တွင် ပုဂ္ဂလိက Quarantine Centre အဖြစ် လူမှုကူညီသူများအား လုပ်ကိုင်ခွင့်ပြု

အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၂၄ (မော်ကွန်း)

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ လူမှုကူညီသူများက Quarantine Centre တချို့လုပ်ကိုင်လို သည်ဟု တင်ပြလာသဖြင့် မြို့နယ် COVID-19 တုန့်ပြန်ရေးနှင့် အရေးပေါ်တားဆီးကာကွယ်ရေး ကော်မတီက ခွင့် ပြုပေးထားကြောင်း နာယကက ပြောသည်။

“ကျွန်တော်တို့ အနေနဲ့လည်း စေတနာရှင်တွေ၊ လူမှုကူညီရေးအဖွဲ့တွေကို အားကိုးရပ်တည်နေရတာပါ၊ Quarantine Centre လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ကော်မတီကို တရားဝင်ဖြစ်သွားအောင် အကြောင်းကြားဖို့တော့ လိုပါတယ်” ဟု မြို့နယ် COVID-19 တုန့်ပြန်ရေးနှင့် အရေးပေါ်တားဆီးကာကွယ်ရေး ကော်မတီနာယက ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ရွှေပြည်သာမြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက ပြောသည်။

ကျန်းမာရေးကိစ္စများနှင့် Quarantine Centre ဖွင့်လှစ်ရန် နေရာကို မြို့နယ် COVID-19 တုန့်ပြန်ရေးနှင့် အရေး ပေါ်တားဆီးကာကွယ်ရေကော်မတီက ပံ့ပိုးပြီး စားသောက်ရေးနှင့် အခြားလိုအပ်ချက်များကို ရပ်ကွက်ရှိ လူမှုကူညီသူများနှင့် စေတနာရှင်တို့က တာဝန်ယူပေးခြင်းဖြစ်ကြောင်း အမှတ်(၁၁) ရပ်ကွက် အလက(၉) စာသင် ကျောင်းတွင် ပုဂ္ဂလိက Quarantine Centre အဖြစ် ဖွင့်လှစ်ခွင့်ရသူ ဦးအောင်ကြီးက ပြောသည်။

“ကျွန်တော်တို့ ရပ်ကွက်ထဲက လူတွေကို တခြား Quarantine Centre ကို ပို့လို့ အခက်အခဲတွေ တွေ့လာရင် ကူညီနိုင်ဖို့ဆိုတာ မလွယ်ဘူး၊ အဝေးကြီးဆိုရင်လေ၊ အဲဒါကြောင့် ကိုယ့်ရပ်ကွက်ထဲကလူတွေကို ကိုယ့်ရပ်ကွက်ထဲမှာပဲ ထားမယ်ဆိုရင် ဘာပဲပြောပြော ကျွန်တော်တို့ ကူညီနိုင်မယ်၊ စောင့်ရှောက်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါ်လာတာပါ”ဟု သူကရှင်းပြသည်။

လက်ရှိတွင် ယင်း Quarantine Centre ၌ ၅၁ ဦးအား စောင့်ကြည့်လျက်ရှိသည်။အမှတ်(၁၁) ရပ်ကွက်အတွင်း နေထိုင်ပြီး အဆိုပါ Quarantine Centre တွင် စောင့်ကြည့်ခံရသူ တစ်ဦးကလည်း စားသောက်ရေးနှင့် အစစအရာရာ အဆင်ပြေလျက်ရှိကြောင်း ပြောသည်။

ဦးအောင်ကြီးကဲ့သို့ အခြား ပုဂ္ဂလိက Quarantine Centre ဖွင့်လှစ်ခွင့်ရသူမှာ အမှတ်(၁၀) ရပ်ကွက်အုပ်ချုပ်ရေး မှူး ဦးလှမျိုး ဖြစ်သည်။

၎င်း၏ Quarantine Centre မှာ အထက်ကျောင်းခွဲ အလက(၁၁) တွင် ဖွစ့်လှစ်လျက်ရှိပြီး လူဦးရေ ၆၂ ဦးကို လက်ခံနိုင်သည်ဟု ဆိုသည်။ လက်ရှိတွင် ၃၃ ဦးကို စောင့်ကြည့်လျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

“လောလောဆယ်တော့ ကျွန်တော့တို့မှာ PPE လောက်တော့ လိုအပ်ချက်ရှိပါတယ်။ ကျန်တာကတော့ အခုအချိန် အထိ ကျွန်တော်တို့ လုပ်နိုင်ပါတယ်” ဟု ဦးလှမျိုးက ပြောသည်။

ရွှေပြည်သာမြို့နယ် COVID-19တုန့်ပြန်ရေးနှင့် အရေးပေါ်တားဆီးကာကွယ်ရေး ကော်မတီက ဖွင့်လှစ်ထားသည့် Quarantine Centre ၁၀ ခုရှိပြီး လူဦးရေ ၅၀၀ ကျော်ကို စောင့်ကြည့်လျက်ရှိကြောင်း ဦးရန်အောင်မင်းက ပြောသည်။ ၎င်း၏ စာရင်းအရ ရွှေပြည်သာမြို့နယ်တွင် COVID-19 အတည်ပြုလူနာ ၁၂၁ ဦး ရှိကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်တွင် ပုဂ္ဂလိက Quarantine Centre မည်မျှခွင့်ပြုထားသည်ကို မြို့နယ် COVID-19 တုန့်ပြန် ရေးနှင့် အရေးပေါ်တားဆီးကာကွယ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးကို မော်ကွန်းက ဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

ပုဂ္ဂလိက Quarantine Center အဖြစ် ဖွင့်လှစ်ထားသည့် အလက (၉) စာကျောင်းအား တွေ့ရစဉ်
ဓာတ်ပုံ – အောင်ထူးနိုင်


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."