လှည်းကူး -၂၀၂၃ အောက်တိုဘာ ၉ (မော်ကွန်း)
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးနားကကျေးရွာတွေ အခုလ ၇ ရက်ကစလို့ရေမြုပ်နေပြီး ရေဆက်တက်လာမယ့်အခြေအနေရှိတာကြောင့် ကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက မော်ကွန်းကိုပြောပါတယ်။
မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတစ်ချို့ရေမြုပ်တာဟာ မိုးများပြီး ငမိုးရိပ်ဆည်ရေ စိုးရိပ်မှတ်အထက်ကျော်လာလို့ ရေပိုလွှဲကနေဖောက်ချတာကြောင့်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေကဆိုပါတယ်။
“မနက်ကသွားတော့မှ ဝေါဝေါနဲ့ လူနေတဲ့ရွာဘက် ရေကတောက်လျှောက်တက်နေတာ။ ရေကထပ်တိုးမယ့် အနေအထားဗျ။ ရွာဆင်းတော့ သူတို့လည်း ပတ်ပတ်လည်ရေဝင်နေတော့ သွားမရလို့ ပိတ်မိနေလို့ကျွန်တော်တို့ကယ်ထုတ်လိုက်ရတယ်။ တချို့နေရာတွေက ရင်ဘက်၊ တချို့နေရာတွေဆို လည်ပင်း၊ ခါးလောက်ပေါ့။ ရန်ကင်းရပ်ကွက်ကိုဝင်လိုက်မယ်ဆိုရင် ဆင်းလိုက်တာနဲ့ ပေါင်လောက်ရှိတယ်” လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောပါတယ်။
ရေဝင်တဲ့နေရာတွေက ဒေသခံတွေကို လှည်းကူးမြို့ပေါ်က ငါးထပ်ကြီးဘုရားဝင်း၊ သီတာအေး ၆ လမ်းက ခရစ်ယာန်ဘုရားကျောင်းအဆောက်အဦနဲ့ ဘောလုံးကွင်း၊ အောင်မင်္ဂလာငါးလမ်းဓမ္မာရုံ၊ အောင်စင်္ကြာဘုန်းကြီးကျောင်း၊ ဣသိနာရုံဘုန်းတော်ကြီးကျောင်း၊ ဝေဠုဝန်ကျောင်းနဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေကို ရွှေ့ပြောင်းပေးနေတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။
“ကယ်ဆယ်ရေးအများဆုံးလိုတာဆို ကျေးရွာတွေဘက်ကလိုတာ။ ကျေးရွာတွေမှာ ရေတွေက မတရားကြီးနေတာ။ ကိုယ်တွေလည်း အဲ့ထိမသွားနိုင်၊ လမ်းတွေလည်းရေကျော်နေတော့ ကားတွေကလည်း မသွားနိုင်” လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။
လှည်းကူးမြို့ပေါ်မှာ ရေကြီးနေတာကြောင့် ရေဘေးရှောင်ရသူဦးရေဟာ ထောင်ဂဏန်းအထိရှိလာနေပြီး ကယ်ဆယ်ရေးမလုပ်နိုင်သေးနေရာတွေလည်းရှိသေးတယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့တွေကတော့ ကူညီကယ်ဆယ်ရေးထိထိရောက်ရောက်လုပ်နိုင်ဖို့ စက်တပ်လှေတွေလည်းလိုအပ်နေတယ်လို့ ဆိုကြပါတယ်။ လက်ရှိအချိန်မှာ ရိုးရိုးလှေအသေးနဲ့ပဲ ကူညီကယ်ဆယ်နေရတာကြောင့် ရေများတဲ့နေရာတွေဆို မသွားရဲကြဘူးလို့ သိရပါတယ်။
လှည်းကူးမြို့နယ် အလားတူ ပဲခူးမြို့မှာလည်း အခုလ ၇ ရက်ကစလို့ မြို့ပေါ်ရပ်ကွက်တွေမှာ ရေမြုပ်နေပြီး နေအိမ်တွေမှာ ပိတ်မိနေသူတွေရှိနေသလို ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေပါတယ်။
ပုံစာ-လှည်းကူးမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာ အခုလ၇ရက်ကစလို့ ရေဝင်နေပြီး ကူညီကယ်ဆယ်ရေးတွေလိုအပ်နေပါတယ်။
ဓာတ်ပုံ-လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့

