ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၂၄ (မော်ကွန်း)
အခုရက်ပိုင်းမှာ ကမ္ဘာ့ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ အနည်းငယ်မြင့်တက်လာပြီးနောက် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာလည်း ဆက်တိုက်မြင့်တက်လာခဲ့ကာ ဒီနေ့မှာ အခေါက်ရွှေတစ်ကျပ်သားကို ၆၇ သိန်းကျပ် ဝန်းကျင်ထိ ရောက်ရှိလာတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။
အခုလဆန်းပိုင်းတုန်းက ပြည်တွင်းအခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ၆၃ သိန်းကျပ် ဝန်းကျင်မှာရှိနေရာကနေ ဒီလထဲမှာ တဖြည်းဖြည်းနဲ့ ပြန်လည်မြင့်တက်လာတာပါ။
ဒါ့ပြင် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းဟာလည်း ဒီလဆန်းပိုင်းက တစ်ဒေါ်လာကို ၄,၅၀၀ ကျပ် ဝန်းကျင်မှာ ရှိနေရာက လက်ရှိမှာ တစ်ဒေါ်လာကို ၄,၇၀၀ ကျော်ကို ရောက်ရှိလာပါတယ်။
ဒီလဆန်းပိုင်းကစပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ရွှေဈေးနှုန်းဟာ နည်းငယ်တက်လိုက်၊ ပြန်ကျလိုက်နဲ့ မတည်ငြိမ်ဖြစ်နေရာက အခုလ ၂၂ ရက်ကစတင်ကာ ပြန်လည်မြင့်တက်ခဲ့ပြီး ဒီနေ့ထိ အရှိန်ကောင်းကောင်းနဲ့ ဆက်လက်မြင့်တက်နေတယ်လို့ ပြည်တွင်းဈေးကွက်ကို လေ့လာစောင့်ကြည့်တဲ့ Myanmar Market Price က သုံးသပ်ထားပါတယ်။
ဗဟိုဘဏ်ကနေ အမေရိကန်ဒေါ်လာတွေ ဆက်တိုက်ဆိုသလို ရောင်းချပေးနေပေမယ့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) က ထုတ်ပြန်ထားတဲ့ ဈေးနှုန်းနဲ့ ပြင်ပဈေးနှုန်းက ကွာဟနေဆဲဖြစ်ပြီး YGEA ရဲ့ သတ်မှတ်ချက်ကတော့ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၅၆ သိန်းဝန်းကျင်မှာပဲရှိတာပါ။
ပြည်တွင်းရွှေဈေးဟာ အခုနှစ် ဩဂုတ်လပိုင်းကဆိုရင် တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ဝန်းကျင်ထိ မြင့်တက်ခဲ့ပြီး နောက်ပိုင်းမှာမှ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာတာပါ။
အခုလို ဒေါ်လာဈေးနဲ့ ရွှေဈေးတွေ ပြန်ပြီးလှုပ်ခတ်လာတာဟာ တရုတ်နိုင်ငံက မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆို့လိုက်တာကြောင့်ဖြစ်တယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့ကလည်း သုံးသပ်ပါတယ်။
“တရုတ်ဘက်က ကုန်သွယ်ရေးလမ်းကြောင်းတွေ အကုန်ပိတ်လိုက်တော့ နည်းနည်းစိုးရိမ်လာတော့ ဈေးကွက်ကို နည်းနည်း လှုပ်ခတ်လာတယ်လို့ ပြောလို့ရတယ်။ အရင်ဒေါ်လာဈေးအကျမှာ ကုန်ဈေးနှုန်းကျမယ်လို့ မျှော်လင့်နေပေမယ့် အခုတဖြည်းဖြည်းနဲ့ ဒေါ်လာရော ရွှေရောက တက်ရိပ်ပြန်ပြလာတယ်” လို့ ၎င်း ဈေးကွက်လေ့လာစောင့်ကြည့်သူက ပြောပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ရှမ်းပြည်နယ်ထဲက နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖြစ်တဲ့ မိုင်းလားနယ်စပ်ဂိတ်၊ မူဆယ်နယ်စပ်ဂိတ်တွေကနေ ကုန်စည်တင်သွင်းခွင့်တွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့တာပြီး နယ်စပ်ဖြတ်သန်းမှုတွေကိုလည်း တင်းကြပ်ထားခဲ့တာဖြစ်ပြီး ဘယ်လောက်ကြာကြာ ပိတ်ထားမယ်ဆိုတာတော့ မသိရသေးပါဘူး။
Photo – Mawkun
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

