ဂေထော
ရန်ကုန်၊၂၀၂၀ စက်တင်ဘာ ၁ (မော်ကွန်း)
လာမည့် ၂၀၂၀ ရ္ဂေးကောက်ပွဲအတွက် တရားဝင်နိုင်ငံရေးပါတီများသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ ထိန်းချုပ်နယ်မြေများတွင် နယ်မြေခံ အုပ်ချုပ်ရေးတာဝန်ရှိသူများကို ကြိုတင်အကြောင်းကြားပြီး မဲဆွယ်စည်းရုံးနိုင်ကြောင်း ယင်းအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက မော်ကွန်းသို့ပြောသည်။
“သက်ဆိုင်ရာမြို့နယ်ပေါ်မှာရှိတဲ့ RCSS ဆက်ဆံရေးရုံး သို့မဟုတ် မြို့ပြင်ထွက်တာနဲ့ RCSS ရဲ့ တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာမှာ ဆက်သွယ်ပြီး အကြောင်းကြားမှုတွေ၊ နားလည်မှုတွေ၊သဘောတူညီမှုတွေရယ် ညှိညှိနှိုင်းနှိုင်းနဲ့ အဲလိုမျိုးပေါ့”ဟု သူက ဆိုသည်။
RCSS၏ ထိန်းချုပ်နယ်မြေဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လုံ၊မိုင်းကိုင်၊မိုင်းပွန်၊လင်းခေး၊မိုးနဲ၊နမ့်ဆမ်မြို့နယ်များအပါဝင်၊ မြောက်ပိုင်းတွင် ကျောက်မဲ၊သီပေါနှင့်မိုင်းရယ်မြို့နယ်တို့အပါဝင်၊ အရှေ့ပိုင်းတွင် ကျိုင်းတုံ၊တာချီလိတ်၊မိုင်းရှပ်မြို့နယ်တို့အပါဝင် လေးဆယ်ဝန်းကျင်ရှိသည်ဟု ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။
တရားဝင်နိုင်ငံရေးပါတီများသည် RCSS အုပ်ချုပ်ရေးနယ်မြေဒေသအတွင်း လာရောက်မဲဆွယ်ရာတွင် ရှမ်းပြည်နယ်အရေး၊ပြည်ထောင်စုအရေးကို ဦးထိပ်ထား၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်များ၊ အမိန့်နှင့်ညွန်ကြားချက်များ၊ ကျင့်ဝတ်နှင့်လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲဥပဒေများ၊ COVID-19 ကပ်ရောဂါဆိုင်ရာ ကျန်းမာရေးလမ်းညွန်ချက်များနှင့်အညီ လွတ်လပ်စွာ မဲဆွယ်ခြင်းများကို ပြုလုပ်ဆောင်ရွက်နိုင်ကြောင်း ယနေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့မှ အဖွဲ့တစ်ခုဖြစ်သည်။
ပုံစာ – RCSS /SSA တပ်မတော်
photo – RCSS/SSA News & Information Department Facebook page
#Dailynews