အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ ဩဂုတ် ၂၄ (မော်ကွန်း)
လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်း ခုနစ်ထောင်ကျော် တင်သွင်းထားသည်ဟု အစိုးရမီဒီယာဖြစ်သည့် MRTV က ဩဂုတ် ၂၃ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမှုတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်(၁၄)ခုတွင် ရှမ်းပြည်နယ်က ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းသူ ၁,၀၃၇ ဦးဖြင့် ပထမ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက ၉၅၆ ဦးဖြင့် ဒုတိယအများဆုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီးက ၆၈၄ ဦးဖြင့် တတိယအများဆုံးဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။
ယင်းစာရင်းများကို အတည်ပြုပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်၏ ရုံးဖုန်းနှင့်လက်ကိုင်ဖုန်းများကို မော်ကွန်းက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဋ္ဌ ဦးထင်ကျော်က “၂၉ ရက်နေ့ကြရင် အပြည့်အစုံ ကျွန်တော်တို့ ထုတ်ပြန်ပေးပါ့မယ်၊ လောလောဆယ်တော့ UEC က စိစစ်တုန်းပဲ ရှိပါသေးတယ်” ဟု မော်ကွန်းကို ပြောသည်။
ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ ကိုယ်စားလှယ်လောင်း အမည်စာရင်းပေးသွင်းထားသည့် နိုင်ငံရေးပါတီ ၃၂ ခုရှိပြီး တစ်သီးပုဂ္ဂလ ၂၂ ဦး တင်သွင်းထားသည်ဟု ဦးထင်ကျော်က ပြောသည်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်ကလည်း စုစုပေါင်း နိုင်ငံရေးပါတီ ၁၈ ပါတီက အမည်စာရင်းတင်သွင်းထားပြီး တစ်သီးပုဂ္ဂလ ၄၂ ဦး အမည်စာရင်း တင်သွင်းကာ စုစုပေါင်း ၃၈၆ ဦး တင်သွင်းထားသော်လည်း ပယ်ဖျက်ခံရသူများ ရှိသည့်အတွက် ၃၇၉ ဦး စာရင်းကျန်သည်ဟု မော်ကွန်းကို ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ ၁၉၄၅ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၉၈၆ ဦး၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအတွက် ၃၈၇၈ ဦးနှင့် တိုင်းရင်းသားလူမျိုးများမဲဆန္ဒနယ်အတွက် ၂၁၄ ဦး စုစုပေါင်း ၇၀၂၃ ဦးရှိပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၈၂ ဦး ရှိသည်ဟု MRTV သတင်းတွင် ဖော်ပြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမှုကို ဇူလိုင် ၂၀ ရက်မှ ဩဂုတ် ၇ ရက်အထိ အပြီးတင်းသွင်ကြရန် ထုတ်ပြန်ထားပြီး ဩဂုတ် ၁၁ ရက်မှ ဩဂုတ် ၁၇ ရက်အထိ အပြီးစိစစ်သွားမည်ဟု ထုတ်ပြန်ထားသည်။
#Dailynews