အောင်ပိုင်
ရန်ကုန် – သြဂုတ် ၁၃၊ ၂၀၂၀ (မော်ကွန်း)
ရွေးကောက်ပွဲဆိုင်ရာဖြစ်စဉ်နှင့် လုပ်ထုံးလုပ်နည်းများကို လေ့လာစောင့်ကြည့်နေသော အရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲစောင့်ကြည့်ခွင့်အား ပိတ်ပင်လိုက်သည်။
ပိတ်ပင်ရသည့် အကြောင်းအရင်းမှာ အသင်းအဖွဲ့မှတ်ပုံတင်မရှိမှုနှင့် ပြည်ပ ရန်ပုံငွေအထောက်အပံ့ ရယူထားခြင်းကြောင့်ဆိုကာ ပိတ်ပင်ခံရခြင်းဖြစ်သည်ဟု ယနေ့ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)၏ သတင်းစာရှင်းလင်းပွဲတွင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောသည်။
“အရပ်ဘက်အဖွဲ့အစည်းတွေထဲမှာ မှတ်ပုံတင်ထားတဲ့ အသင်းအဖွဲ့တွေက လက်ချိုးရေလို့ ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆို အသင်းအဖွဲ့တွေက လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိတယ်။ မိမိသဘောအရ မှတ်ပုံတင်လိုက တင်နိုင်တယ်။ အရပ်ဘက်အဖွဲ့အစည်းတိုင်းဟာ လေ့လာစောင့်ကြည့်ခွင့်ရှိဖို့လိုတယ်။ မှတ်ပုံတင်ထားတာ ရှိ၊ မရှိပေါ်မူတည်ပြီး ဆုံးဖြတ်တာက မဖြစ်သင့်ဘူး” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၊ မြို့တော်စည်ပင်ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က လေ့လာစောင့်ကြည့်ခွင့်ရှိခဲ့သည်။
လက်တလောတွင် ၂၀၂၀ ရွေးကောက်ပွဲအမြင်သဘောထားအကြိုစစ်တမ်းကိုသာ ပြုစုနိုင်ခဲ့ပြီး တခြားသောလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်နိုင်ခွင့်မရတော့ကြောင်းလည်း စိုင်းရဲကျော်စွာမြင့်ကပြောသည်။
ပြည်သူ့ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က “PACE အဖွဲ့က ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို လေ့လာစောင့်ကြည့်တဲ့နေရာမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့အဖွဲ့အစည်းဆိုတာ ငြင်းလို့မရဘူး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာလည်း ဒီအဖွဲ့က အများကြီး အားစိုက်လုပ်ခဲ့တယ်။ UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) ကိုယ်တိုင်တောင် ပြည်ပအထောက်အပံ့ယူထားပြီး ဒီအကြောင်းအရင်းနှစ်ခုကြောင့် အရေးယူတာ ဘာကြောင့်လဲဆိုတာ UEC က ဖြေရမယ့်မေးခွန်းပဲ။” ဟု မော်ကွန်းကို ပြောသည်။
ယခုလို ပိတ်ပင်အရေးယူခံရခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြောဆိုရန် တာဝန်ရှိသူ ဦးမြင့်နိုင်ကို မော်ကွန်းက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။
ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့သည် အစိုးရမဟုတ်သော လွတ်လပ်သည့် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ရေးအရပ်ဘက် အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သည်။
ရွေးကောက်ပွဲတွင် ပြည်သူပြည်သားများ၏ အခွင့်အရေးကိုကာကွယ်ခြင်း နှင့် ကိုယ်တိုင်ပါဝင် လှုပ်ရှားလာရေးတို့ကို မြှင့်တင့်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအင်စတီကျူးရှင်းများ ပိုမိုအားကောင်းခိုင်မာလာရေးအတွက်ဆိုကာ ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။
#Dailynews