ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြင့်အရေးယူထားမှု ၂၈ ခုရှိ၊ ဧရာဝတီတိုင်းကအများဆုံးပါဝင်နေ

ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြင့်အရေးယူထားမှု ၂၈ ခုရှိ၊ ဧရာဝတီတိုင်းကအများဆုံးပါဝင်နေ

ဂေထော
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၂ (မော်ကွန်း)

အထွေထွေရွေးကောက်ပွဲ ကြိုတင်မဲပေးကာလနှင့်ရွေးကောက်ပွဲရက်များတွင် မဲမသမာမှုဖြစ်စဉ်များကြောင့် ၂၈ မှုအထိ အရေးယူထားကာ ဧရာဝတီတိုင်းမှအများဆုံးပါဝင်နေကြောင်း ပြည်ထောင်စုရွေး‌ကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပြည်ထောင်စုရွေး‌ကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၃ ရက်မှ ယမန်နေ့အထိ ထုတ်ပြန်ထားသော ရွေး‌ကောက်ပွဲဆိုင်ရာဥပဒေဖြင့် အရေးယူထားသည့် ကြေညာချက်များတွင် ဧရာဝတီတိုင်းတွင် ၁၂ မှု၊ ရန်ကုန်တိုင်းတွင်ငါးမှု၊ မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်းတွင် သုံမှုစီနှင့် မကွေးတိုင်း၊ကယား၊ရှမ်းနှင့်မွန်ပြည်နယ်တို့တွင် တစ်မှုချင်းစီ ပါဝင်သည်။

အရေးယူထားသော မဲမသမာမှုဖြစ်စဉ်များထဲတွင် မဲရုံတစ်ရုံထက်ပိုပြီး ထပ်မံဆန္ဒပြုမှု ၁၄ မှုရှိခဲ့ပြီး UEC အမှတ်တံဆိပ်မပါသော တံဆိပ်တုံးဖြင့် မဲပေးမှုသည် ခုနစ်မှုရှိခဲ့သည်။

ထို့အပြင် သူတစ်ပါးအယောင်ဆောင်၍ မဲပေးမှု၊ကိုယ်စားလှယ်လောင်းများမှ ရွေးကောက်ပွဲပျက်ပြားစေမှု၊ ရပ်ကျေးရွေး‌ကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှ လိမ်လည်လက်မှတ်ရေးထိုးမှုနှင့်မဲဆန္ဒရှင်က မဲလက်မှတ်များကို ဆန္ဒပြုပြီး မဲပုံးသို့မထည့်ဘဲ ဆုတ်ဖြဲမှုတို့လည်းပါဝင်သည်။

ထိုသူများကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းများတွင် ရာဇာသတ်ကြီးဥပဒေ ပုဒ်မ ၄၂၀/၄၆၈ နှင့် လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈၊၅၉ တို့နှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀/၄၆၈ သည် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလျှင် ခုနစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈၊၅၉ အရ ပြစ်မှုထင်ရှားလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ယမန့်နေ့က ထုတ်ပြန်ထားသော ရွေး‌ကောက်ပွဲဆိုင်ရာဥပဒေဖြင့် အရေးယူထားသည့် ကြေညာချက်များထဲတွင် ဆန္ဒမဲပေးခွင့်ပြုခဲ့ခြင်းကို ကျေနပ်မှုမရှိသဖြင့် လူအင်အား (၇၀) ဦးခန့်သည် လှည်းကူးမြို့နယ်၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှေ့တွင် မော်တော်ယာဉ်ငါးစီးဖြင့် စီတန်းကြွေးကြော်ခဲ့မှုများလည်းရှိသည်။

ထို့သို့ ကျူးလွန်သူများကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ပုံစာ – အထွေထွေရွေးကောက်ပွဲနေ့၌ လှည်းကူးမြို့နယ်၊ပြည်တော်သာရပ်ကွက်ရှိ မဲရုံ ၁ တွင် မဲပေးရန် တန်းစီစောင့်ဆိုင်းနေသူများ။
ဓာတ်ပုံ – ရေဂင်


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."