ရန်ကုန် – ၂၀၂၅ ဩဂုတ် ၁၈ (မော်ကွန်း)
စစ်ကောင်စီဟာ သူတို့ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီးကျင်းပမှာဖြစ်ပြီး ရွေးကောက်ပွဲအပိုင်း (၁) ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
နိုင်ငံအာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးလေးနှစ်ခွဲကျော်မှာတော့ သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ရွေးကောက်ပွဲကို ကျင်းပဖို့စီစဉ်လာပြီး ကျင်းပမယ့်ရက်စွဲကိုလည်း အတိအကျ ထုတ်ပြန်လာတာပါ။
လက်ရှိမှာတော့ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမယ့် ရက်စွဲကိုပဲ ထုတ်ပြန်ထားပြီး ဆက်လက်ကျင်းပမယ့် အပိုင်းလိုက် နေ့ရက်တွေကို ထပ်မံထုတ်ပြန်သွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အာဏာသိမ်းစဉ်ကဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းကာ အာဏာသိမ်းအစိုးရအဖွဲ့အတွင်းမှာလည်း အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတော်အရေးပေါ်အခြေအနေကာလ ကြေညာချက်ကိုလည်း ပြန်လည်ဖျက်သိမ်းခဲ့ပြီး မြို့နယ်အလိုက် စစ်အုပ်ချုပ်ရေးတွေကို ထပ်မံထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ကာလတွေအတွင်း တော်လှန်ရေးတပ်တွေဆီကို လက်လွှတ်ထားရတဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့က မြို့တွေမှာလည်း လာမယ့်ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်တွေအဖြစ် ထည့်သွင်းသတ်မှတ်ကြေညာခဲ့တာပါ။
ပြီးခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် အပျက်အစီးများခဲ့တဲ့ စစ်ကိုင်း၊ မန္တလေးမြို့တွေလည်း ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်တွေအတွင်း ပါဝင်နေပါတယ်။
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွေကိုတော့ မဲများသူအနိုင်ရတဲ့ (FPTP) စနစ် နဲ့ ကျင်းပမှာဖြစ်ပြီး ကျန်တဲ့ အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွေကိုတော့ မဲများသူအနိုင်ယူစနစ် (FPTP) နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) တို့ကို ရောနှောကျင်းပသွားမှာလို့ ထုတ်ပြန်ထားတာပါ။
ပါတီခေါင်းဆောင်ပိုင်းတွေ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မပါဝင်တဲ့ ဒီရွေးကောက်ပွဲမှာ စစ်ကောင်စီလက်ထက်မှာ ပြန်လည်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၄၉ ပါတီ ဝင်ရောက်ပြိုင်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က အသိပေးထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲကို ဟန့်တားနှောင့်ယှက်ဖျက်ဆီးသူတွေကိုလည်း အနိမ့်ဆုံး ထောင်ဒဏ်သုံးနှစ်ကနေ ထောင်ဒဏ်တစ်သက်တစ်ကျွန်းနဲ့ သေဒဏ်တွေအထိ ချမှတ်လို့ရတဲ့ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကိုလည်း ပြီးခဲ့တဲ့လကုန်မှာ သတ်မှတ်ပြဋ္ဌာန်းခဲ့ပါသေးတယ်။
ဒီနှစ်ဆန်းပိုင်းကစပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုလည်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး နောင်ချိုနဲ့ မိုးဗြဲတို့လို နယ်မြေတချို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်က တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီလက်အောက်မှာကျင်းပမယ့် ဒီရွေးကောက်ပွဲဟာ တရားမဝင်တဲ့အကြောင်းကို ထုတ်ပြန်ကြေညာထားပါတယ်။
ပုံစာ – ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်တိုင်မဲပေးနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်
ဓါတ်ပုံ – Seniorgeneralminaunghlaing.com

