ရှစ်စပ်က ဂျင်ဂျင်လည်ခဲ့ကြသူများ

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Forgotten ဖြစ်ပါသည်။

မောင်ဥယျာဉ်

လူတိုင်းကိုယ်စီ ကလေးဘဝက ကစားနည်းတွေ ကို  မှတ်မှတ်ထင်ထင် ရှိကြပါလိမ့်မယ်။ ကလေး ကစားနည်းတိုင်းက ကိုယ်လက်လှုပ်ရှား ပါဝင် သလို စည်းကမ်းနည်းလမ်းတွေလည်း တိတိ ကျကျ သတ်မှတ်ထားလေ့ရှိတယ်။ တချို့ကစား နည်းတွေက ကိုယ်လက်လှုပ်ရှားမှုကို အထောက် အကူ ပြုရုံမက ဉာဏ်ရည်ဉာဏ်သွေးပါ တစ်ပြိုင် နက် သုံးရတဲ့ကစားနည်းတွေလည်းရှိတယ်။ မိတ်ဆွေတို့ရဲ့ ငယ်ဘဝမှာလည်း ကစားနည်း ပေါင်းစုံဗြောင်းဆန်အောင် ကစားဖူးခဲ့မှာ သေချာတယ်။ ကျွန်တော် မှတ်မှတ်ထင်ထင် ရှိနေတဲ့ ကစားနည်းက ဂျင်ပေါက်တမ်း ကစားနည်းပါပဲ။

ဂျင်ပေါက်တမ်းကစားနည်းကို မူလတန်းကျောင်းသားဘ၀ နွေကျောင်းပိတ်ရက်တွေမှာ စပြီး ကစားဖူးတာပါ။ ကျွန်တော်တို့ ထက် ကြီးသူတွေက မြေတလင်းပြောင်ပြောင်မှာ တုတ်ချောင်း တစ်ချောင်းနဲ့ စက်ဝိုင်းညီညီ ဆွဲပြီး ဂျင်ပေါက်တမ်း ကစားနေ ပေမယ့် ကျွန်တော်က သူတို့ထဲ ဝင်ပါခွင့် မရသေးဘူး။ သူတို့ ကစားဝိုင်း ဘေးနားက နေပြီးဂျင်ကို ကစားကြရတာပါ။ ဂျင် ပေါက်သက်တမ်း ရင့်လာပြီဆိုမှ သူတို့နဲ့အတူ ကစားခွင့် ပြုခဲ့တယ်။

ဂျင်ပေါက်တမ်းကစားနည်းမှာလည်း စည်းကမ်းတွေ ရှိ တယ်။ မြေပြင်ညီပေါ်မှာ ကစားသူတွေရဲ့ သဘောတူညီမှုနဲ့ မကျဉ်းလွန်း မကျယ်လွန်းတဲ့ စက်ဝိုင်းတစ်ခု ဆွဲကြရတယ်။ ပွဲစ ပြီဆိုတာနဲ့ လက်ထဲက ကြိုးနဲ့ ဂျင်ကို ရစ်ပြီး လည်အောင် ပေါက် ကြရတယ်။ ကြိုးက ချည်ကြိုးဖြစ်ပြီး တစ်လံလောက် ရှည်တယ်။ ကြိုးအဆုံးမှာ ကြိုးမချော်သွားအောင် ဘိလပ်ရည်ပိတ်ကို အပေါက်ဖောက်ထားကြရတယ်။ ဘိလပ်ရည်ပိတ်က အခုခေတ် ဘီယာပုလင်းအပိတ်ပုံစံ ဖြစ်ပြီး ကြေးဝါရောင်သန်းနေတတ် တယ်။ ကြိုးကို ကစားဖော်တစ်ယောက်ယောက်က တက်နင်းမိ ရင် အနင်းခံရတဲ့ ကြိုးပိုင်ရှင်ရဲ့ ဂျင်ကို စက်ဝိုင်းအတွင်းမှာ ထား ပေးကြရတယ်။

ကျွန်တော်တို့ခေတ်မှာ ဂျင်တွေ အများစုက သစ်သားနဲ့ လုပ်ထားတာ ဖြစ်ပေမယ့် အခုခေတ် ဂျင်တွေက ပလတ်စတစ် ရောင်စုံနဲ့ လုပ်ထားကြတယ်။ သစ်သားနဲ့ လုပ်ထားတယ်ဆိုတဲ့ ဂျင်မှာလည်း ပန်းပွတ်သမား လက်စွမ်းပြရင် ပြသလို ဗမာဂျင်၊ ကုလားဂျင်၊ ခမောက်ဂျင်၊ ပန်းကန်ပြားဂျင်တွေလည်း ရှိတယ်။ အများအားဖြင့် ဗမာဂျင်နဲ့ ကုလားဂျင်တွေနဲ့သာ ကစားကြတာ များတယ်။ ဗမာဂျင်က ကိုယ်ထည်အလယ်လောက်မှာ အထစ် လေး လုပ်ပေးထားပြီး အဲဒီအထစ်ပေါ်မှာ ကြိုးနဲ့ ရစ်ပြီး ဂျင်ကို လည်အောင် ပေါက်ကြရတယ်။ ကုလားဂျင်ကတော့ အခုခေတ် ကလေးတွေ အများစု ကစားနေတဲ့ ခပ်လုံးလုံးပုံစံပါပဲ။

ဂျင်တွေမှာ သံချောင်းလေးတွေ တပ်ထားပြီး ဂျင်အသစ် တွေမှာ သံချောင်းအချွန် ဖြစ်ပေမယ့် ပြိုင်ပွဲမှာ ကစားကြသူတွေ က သံတွေကို ပြားထားကြတယ်။ သံချောင်းအချွန်က တစ်ဖက် ဂျင်ကို ပေါက်တဲ့အခါ စိုက်ဖို့ အခွင့်အလမ်းနည်းလို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ သံကို ပြားထားကြတာပါ။ စဝယ်စဉ်တုန်းကတော့ ဂျင်မှာ ပါတဲ့ သံချောင်းက လက်သုံးလုံးလောက် ရှည်တယ်။ နောက်တော့ ဂျင်ပေါက်သက် ကြာလာတဲ့အခါ သွေးရပါများလို့ သံချောင်းလည်း တဖြည်းဖြည်း တိုဝင်လာတယ်။ တစ်ခါတလေ တော့ ဂျင်မှာ တပ်ထားတဲ့ သံက အဆန်ချောင်ပြီး ကျွတ်ထွက် တာလည်း ရှိတာပဲ။ သံကျွတ်ထွက်တဲ့အခါ သံပေါက်ထဲ ပလတ် စတစ်တွေကို ဝါရှာအဖြစ် ထိုးထည့်ပြီး သံကျွတ်မထွက်အောင် လုပ်ခဲ့ရတာလည်း ရှိတယ်။ ရွှေအကြောင်း ဖယောင်းသက်သေ ဆိုရင် ဂျင်အကြောင်း သံချောင်းသက်သေလို့ ဆိုရမယ် ထင်ပါရဲ့။

ဂျင်ပေါက်ကစားနည်းမှာ တစ်ခုကောင်းတာက ကစား ဖော်အရေအတွက်ကို ကန့်သတ်မထားဘူး။ ငွေကုန်ကြေးကျ လည်း နည်းတယ်။ ဂျင်တစ်လုံး ဝယ်ထားရင် တော်တော်နဲ့ မပျက် စီးနိုင်တာကလည်း ဂျင်ရဲ့ အရည်အသွေးကောင်းတစ်ခု။ ဂျင် ပေါက်တမ်း ကစားခဲ့စဉ်တုန်းက စည်းမျဉ်းစည်းကမ်းတွေ အခုနေ ပြန်စဉ်းစားတဲ့အခါ ရေးတေးတေးသာ မှတ်မိတော့တယ်။ ဂျင်ပေါက်တမ်း စကစားပြီဆိုရင် စက်ဝိုင်းအတွင်း ဂျင်ပေါက်ခွင့် မရှိဘူး။ စက်ဝိုင်းထဲမှာ ဂျင်တစ်လုံး လည်နေရင် ကျန်ကစားဖော် တွေက ကန်ထုတ်ခွင့် ရှိတယ်။ ဂျင်ကို လည်အောင် ပေါက်ပြီးတာနဲ့ လက်ထဲက ကြိုးနဲ့ ပြန်ဖမ်းကြရတယ်။ အဲဒီလို ဖမ်းနေရင်း အောက်ပြုတ်ကျတာတွေလည်း ရှိတာပဲ။ တစ်ချက်တည်းနဲ့ ဖမ်း မိသူတွေလည်း ရှိတယ်။ နောက်အကျဆုံးသူက သူ့ဂျင်ကို စက် ဝိုင်းထဲမှာ ထားပေးရတယ်။ ကျန်သူတွေက စက်ဝိုင်းအတွင်းက ဂျင်ကို ဂျင်နဲ့ လှမ်းပေါက်ကြရတယ်။ ခံရတဲ့ ဂျင်တွေခမျာ ပဲ့တာ ပဲ့၊ ရွဲ့တာ ရွဲ့ ဖြစ်ကုန်ကြရတယ်။ ထုတ်ချင်းခပ်ပေါက်ပြီး ဂျင်နှစ် လုံး ပူးသွားရတာတွေလည်း ရှိတယ်။ ဂျင်တစ်လုံးနဲ့ တစ်လုံး ပေါက်ရင်း ပူးသွားရင် သံစိုက်တဲ့ ဂျင်ပိုင်ရှင်က သံအစိုက်ခံရတဲ့ ဂျင်ကို ယူပိုင်ခွင့်ရှိတယ်။

ကျွန်တော်တို့ခေတ်မှာ ဂျင်ပေါက်ကြသူ အများစုက သူတို့ ဂျင်တွေရဲ့ အပေါ်မှာ သင်္ဘောဆေးလေးတွေ ခြယ်ကြသကြတာ လည်း ရှိတယ်။ ဂျင်ပေါက်လိုက်လို့ မွှတ်နေအောင် လည်တဲ့ ဂျင် ပေါ်က ဆေးရောင်လေးတွေက မျက်စိပသာဒ ဖြစ်စေတယ်။ ဂျင် တွေအပေါ်မှာ သင်္ဘောဆေးသုတ်ရခြင်း အခြားရည်ရွယ်ချက် လည်း ရှိသေးတယ်။ ကာလရှည်ကြာလာတာနဲ့အမျှ ဂျင်တွေမှာ ဒဏ်ရာဒဏ်ချက်တွေ များသထက် များလာတယ်။ ဒဏ်ရာဒဏ် ချက်တွေ ဖုံးချင်ကွယ်ချင်တဲ့အခါ သင်္ဘောဆေးက ပရိုမီနမ် ဖြစ် သွားတယ်။ သင်္ဘောဆေးဘူးထဲက လက်ကျန် ဖင်ကပ်ဆေးတွေ ကို လက်ညှိုးနဲ့ ခြစ်ခြုတ်ကော်ပြီး ဂျင်ပေါ်မှာ သုတ်လိမ်းလိုက်ရင် ဆေးရောင်လှလှ ခြယ်ကာသ ဖြစ်လာတယ် မဟုတ်လား။

တကယ်တော့ ကျွန်တော်တို့ ဂျင်ပေါက်တမ်း ကစားတာကို  လူကြီးမိဘတွေကိုယ်တိုင်က ကြည်ဖြူလှတာတော့ မဟုတ်ဘူး။ ဂျင်ပေါက်ရင်းနဲ့ မတော်တဆ ထိမိခိုက်မိမှာ စိုးရိမ်တာလည်း ပါတာပေါ့။ ဂျင်တစ်လုံး ဝယ်ပေးထားရင် နောက်ထပ် ဂျင်တစ်လုံး ဝယ်ပေးဖို့ မပူဆာရဲဘူး။ လူကြီးသူမတွေက ကျွန်တော်တို့ ကစား ဖို့ ဂျင်တစ်လုံး ဝယ်ပေးတယ်ဆိုတာ ပထမဆုံးနဲ့ နောက်ဆုံး ဝယ် ပေးခြင်းဆိုတာ ကျွန်တော်တို့ ခေတ်ရဲ့ ကလေးအားလုံး အလိုလို နားလည်ထားရတဲ့ ပဋိညာဉ်တစ်ခု။ ရှိတဲ့ ဂျင်လေးကိုပဲ တရို တသေ ကိုင်ခဲ့ကြရတယ်။ မရိုသေလို့ကလည်း မဖြစ်ဘူး။ နောက် ထပ်တစ်လုံး ဝယ်ဖို့ဆိုတာ အိပ်မက် မမက်ရဲဘူး။ လူကြီးမိဘတွေ မသိအောင် ဝယ်ဖို့ ဆိုတာလည်း မလွယ်ရေးချ မလွယ်။ အိမ်တိုင် ရာရောက် အခမဲ့ သွားတိုင်ပေးကြမယ့်သူတွေက အပြည့်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဂျင်က ကလေးတိုင်း ကြိုက်တဲ့ ကစားစရာတစ်ခု။ ယောကျ်ားလေးတိုင်းနီးပါး သူတို့ရဲ့ ငယ်ဘဝမှာ ဂျင်ပေါက်တမ်း ကစားခဲ့ကြတယ်။ တချို့ မိန်းကလေး ငယ်တွေလည်း ဂျင်ပေါက်ခဲ့ကြတာတွေ ရှိတယ်။ ဒါကြောင့်လည်း ဂျင်ဟာ လူထုသုံး ကလေးကစားစရာတစ်ခု ဖြစ်ခဲ့ရတယ်။ ရပ်သံ ရွာသံပါတဲ့ စကားလုံးတွေထဲမှာ ဂျင်ကို ထည့်သုံးခဲ့ကြတယ်။ လည်လည်ပတ်ပတ်ရှိသူတွေဆိုရင် အရပ်ထဲမှာ ဂျင်လို့ နာမ်စား သုံးကြတယ်။ ဂျင်မလေး ဂျမ်း၊ ရှစ်စပ်က ဂျင်ဂျင်လည်၊ ဂျင်ပေါ် က ထုံး စတဲ့ ဝေါဟာရတွေကို ကြည့်ရုံနဲ့ ဂျင်က လူတိုင်းနဲ့ နီးစပ် တဲ့ စကားလုံးဆိုတာ သိနိုင်တယ်။

အခုခေတ် ဂျင်တွေက ပလတ်စတစ်နဲ့ လုပ်ထားတော့ ပေါ့ ပေါ့ပါးပါးလေးတွေ။ အရပ်ထဲက ကလေးတွေ ဂျင်ပေါက်တမ်း ကစားတဲ့အခါ ကျွန်တော် ငေးကြည့်မိတယ်။ သူတို့က ကျွန်တော် တို့တုန်းကလို မဟုတ်တော့ဘဲ အလှပေါက်နေကြတာ များတယ်။ ဂျင်တစ်လုံးနဲ့ တစ်လုံး သဲကြီးမဲကြီး ပေါက်နေကြတာ မရှိဘူး။ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ဂျင်တွေ ဖြစ်လို့ ဂျင်တစ်လုံးနဲ့ တစ်လုံး ထန်းသီးပူးတာ ပဲ့တာရွဲ့တာ လည်း သိပ်မရှိကြဘူး။ သူတို့ ကစားနေတာ ကြည့်လိုက်တော့ လည်း ကစားသူတွေအားလုံး ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ် ပါပဲ။ သူတို့ ကစားပုံ ကစားနည်း ကြည့်ပြီး အားမလိုအားမရ ဖြစ်နေတာက ကျွန်တော်။ လက်စသတ်တော့ ကျွန်တော်တို့ ကစားနည်းက တစ်ယောက်နဲ့ တစ်ယောက် အပြုတ်တိုက်ရေး လမ်းစဉ်။ သူတို့ကစားနည်းက ပူးပေါင်းဆောင်ရွက်ရေးကို အခြေ ခံတဲ့ လမ်းစဉ်။ လားလားမျှ မဆိုင်။

ကျွန်တော်တို့တုန်းက ကလေးကြီးအချို့က ဂျင်ပေါက်တဲ့ အခါ စွမ်းရည်ပြကစားနည်းတွေ ကစားပြတာလည်း ကြုံဖူးတယ်။ ဂျင်ကို ကြိုးနဲ့ ရစ်ပြီးတာနဲ့ မြေကြီးပေါ် မပေါက်ဘဲ လေထဲမှာ ပေါက်၊ ကြိုးနဲ့ ပြန်ရစ်ယူပြီး လက်ဝါးပေါ် လှည့်ပြကြတယ်။ ဒါမှ မဟုတ်ရင် မြေပေါ် အရင်လည်အောင် လုပ်ပြီးမှ ကြိုးနဲ့ ပြန်မပြီး လက်ဝါးပေါ်မှာ လည်နေတဲ့ ဂျင်ကို တင်ပြသူတွေလည်း ရှိတယ်။ ကျွန်တော်လည်း သူတို့လို ကြိုးစားပြီး လုပ်ကြည့်ပေမယ့် တစ်ခါ မှ မအောင်မြင်ခဲ့ဖူးဘူး။

နွေကျောင်းပိတ်ရက်ဆိုတော့ ကစားနည်းတွေက စုံမှ စုံ။ ရုပ်ပုံကားချပ်တွေနဲ့ ပိုလိုကား ထပ်ကြတာလည်း ရှိတယ်။ ပလတ် စတစ်အရုပ်တွေ တန်းစီထောင်ပြီး ရှပ်ဒိုးနဲ့ ဖြစ်စေ ပေသီးနဲ့ ဖြစ် စေ မှန်အောင် ပစ်ရတဲ့ ကစားနည်းတွေလည်း ရှိတယ်။ တစ်ခါ တလေ ယောကျ်ားလေးရော မိန်းကလေးပါ ကစားပွဲမှာ ပါစေချင် တဲ့အခါ ညောင်ပင်တစ္ဆေ၊ ရွှေတံခါးကြီး ဖွင့်ပါဦး၊ အရူးမကြီး မစာဥ၊ တူတူပုန်း၊ ကုလားမခြေထောက်၊ ထုပ်ဆီးတိုး၊ ကြေးသား ရိုက်၊ ရီထိုး၊ နတ်ရေကန်၊ ကြက်ပျံ၊ ဝက်ပျံ စတဲ့ ကစားနည်းတွေ ဗြောင်းဆန်အောင် ဆော့ကစားခဲ့တာ အမှတ်ရမိတယ်။ ကျွန် တော် ကောင်းကောင်း မမှတ်မိတော့တဲ့ ကစားနည်းတွေ လည်း  ရှိတယ်။ တစ် ယောက်နဲ့ တစ် ယောက် ကုန်းပိုးစီးပြီး ထုံးထား တဲ့ ပုဆိုးကို ပစ်ပေးရတဲ့ ကစားနည်းဆို ကစား ခဲ့တာ မှန်ပေမယ့် အနိုင်အရှုံး ဘယ်လို သတ်မှတ်လည်း မမှတ်မိ တော့ဘူး။ ကစားနည်းတိုင်းမှာ ရည်ရွယ်ချက်ကောင်းတွေ ရှိ တယ်။ နတ်ရေကန် ကစားနည်းကတော့ တစ်ထွာလောက်ရှိတဲ့ စက်ဝိုင်းတစ်ဝိုင်း ဝိုင်းထားရပြီး ကစားဖော်နှစ်ယောက် ကစားခွင့် ရှိတယ်။ စက်ဝိုင်းကို လေးပိုင်း စိတ်ပိုင်းထားရပြီး တစ်စိတ်ကို ကြက်ခြေခတ်ကာ နတ်ရေကန်အဖြစ် သတ်မှတ်တယ်။ နတ်ရေ ကန်ကို ကစားဖော်နှစ်ယောက်စလုံး ကျော်ခွခွင့် မရှိဘူး။ တစ် ယောက်ကို ကျားနှစ်ကောင်စီ ပေးထားပြီး ပိတ်ကစားရတဲ့ ကစားနည်း ဖြစ်တယ်။ ဉာဏ်ရည်ဉာဏ်သွေးကို အထောက်အကူ ပြုတဲ့ ကစားနည်း ကောင်းတစ်ခုပါပဲ။ နတ်ရေကန်ကစားနည်းက ကျွန်တော်တို့ ကိုယ်ပိုင်ကစားနည်း ဟုတ်၊ မဟုတ် မသေချာပေ မယ့် ကောင်းတာတော့ အမှန်ပဲ။ ကစားနည်းတိုင်းက ဘာသာ၊ လူမျိုး၊ ယဉ်ကျေးမှု နယ်နိမိတ်မျဉ်းတွေကို ကျော်ဖြတ်နိုင်စွမ်း ရှိကြတယ်။ ကျွန်တော်တို့ ကစားနည်းတွေလည်း အခြားဒေသ တွေဆီ ပျံ့နှံ့နိုင်သလို သူတို့ဆီက ကစားနည်းတွေလည်း ကျွန်တော်တို့ဆီ စိမ့်ဝင်နိုင်တယ်။

နတ်ရေကန်ကစားနည်းက ဘယ်သူ့ကစားနည်းဖြစ်ဖြစ် ကျွန်တော်တို့ လက်ဆင့်ကမ်းဖို့ ပျက်ကွက်ခဲ့လို့ ဒီခေတ်ကလေး တွေ မကစားတတ်တော့ဘူး။ တကယ်တော့ ကစားနည်းတွေဆို တာ ဒြပ်မဲ့ ယဉ်ကျေးမှုတွေပါပဲ။ အခုခေတ်ကလေးတွေ ကစားနေ တဲ့ ကစားနည်းတွေ ကျွန်တော်တို့ ခေတ်နဲ့ မတူတော့ဘူး။ သူတို့ ကစားနည်းတွေထဲမှာလည်း ကောင်းတဲ့ အချက်တွေ ပါတာ သတိထားမိတယ်။ ဒီနေ့ခေတ် ကလေးတွေ ကစားနည်းတွေက အကင်းပါးမှု၊ လျင်မြန်မှု၊ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုတွေ ပါဝင် တာ သတိထားမိတယ်။ ကျွန်တော်တို့တုန်းက ကစားနည်းတွေက မှ ကောင်းပြီး သူတို့ ကစားနည်းတွေက မကောင်းဘူးလို့ မျက်စိ စုံမှိတ် မပြောနိုင်ဘူး။

ကလေးဘဝလွန်မြောက်လို့ လူပျိုပေါက်အရွယ် ရောက် လာတော့ ဂျင်ပေါက်တဲ့ ကစားနည်းကို အလိုလို စွန့်မိလျက်သား ဖြစ်သွားတယ်။ ကျွန်တော်နဲ့ ရွယ်တူတန်းတူတွေလည်း ကျွန် တော်နဲ့ မရှေးမနှောင်းမှာပဲ ဂျင်ပေါက်ကစားနည်းကို စွန့်လွှတ် လိုက်ကြတယ်။ ဒါပေမဲ့ သံယောဇဉ်က မပြတ်ချင်တော့ ဂျင်ပေါက် နေတဲ့ ကလေးငယ်တွေ တွေ့တိုင်း ခဏတဖြုတ်တော့ ရပ်ကြည့် မိတာချည်းပါပဲ။ မိတ်ဆွေတို့ရဲ့ ငယ်ဘဝမှာရော ဂျင်တွေ ဘယ်လို ပေါက်ခဲ့ကြပါသလဲ။

#mawkun #magazine #chronicle #forgotten




 

အမျိုးအစား - အမေ့ခံ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."