မုံရွာ – ဇူလိုင် ၂၀၂၃ (မော်ကွန်း)
ဟိုအရင်က လမ်းဘေးခွေးလေခွေးလွင့်ဆို ခြံဝန်းအနီးနားကပ်လာတာနဲ့ အော်ဟစ်မောင်းထုတ်တတ်တဲ့ဒေါ်ဌေးဟာ လွန်ခဲ့တဲ့ရှစ်လလောက်ကစပြီး လမ်းဘေးခွေးတွေကို သူ့အိမ်အနီးဝန်းကျင်မှာ အချိန်မှန်အစာကျွေး ဂရုစိုက်တတ်လာပါတယ်။
ဘာကြောင့် အခုလိုဂရုတစိုက်ကျွေးမွေးနေရလဲဆိုတော့ “သူခိုးတွေပေါလို့ဟေ့၊ လမ်းဘေးခွေးတွေကို နေ့တိုင်းအစာကျွေးထားရတာ။ သူတို့က လူစိမ်းဝင်လာတာနဲ့ဟောင်တော့ နည်းနည်းတော်သေးတာပေါ့” လို့ ဒေါ်ဌေးက ပြောပါတယ်။
သူနေထိုင်တဲ့အောင်ချမ်းသာရပ်ကွက်ဟာ မုံရွာမြို့မြောက်ပိုင်းမှာရှိပြီး အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ (၁၆) နဲ့ ဘေးချင်းကပ် ရပ်ကွက်ကြီးတစ်ခုဖြစ်ပါတယ်။
(Photo : Mawkun)
အရင်က ခွေးချစ်သူတွေလောက်သာဂရုစိုက်တဲ့ လမ်းဘေးခွေးလေခွေးလွင့်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သောင်းကျန်းလာတဲ့သူခိုးတွေကြောင့် အခုဆို သားပေါက်တာနဲ့ အလုအယက်အိမ်မှာခေါ်မွေးတာ၊ အိမ်အနီးနားလမ်းတွေမှာ နေထိုင်စေတာမျိုးတွေအထိ ဂရုစိုက်ခံလာရတဲ့ အဖိုးတန်ခွေးလေးတွေဖြစ်လာပါတယ်။
ဒီလိုတွေဖြစ်လာတာဟာ အောင်ချမ်းသာရပ်ကွက်တစ်ခုတည်းမဟုတ်ဘဲ စစ်ကိုင်းတိုင်းရဲ့မြို့တော်ဖြစ်တဲ့ မုံရွာမြို့ပေါ်ကရပ်ကွက်အများစုမှာလည်း လမ်းဘေးခွေးသားပေါက်တာနဲ့ သူ့ထက်ငါ အလုအယက်မွေးကြသလို တန်ဖိုးကြီး မျိုးကောင်းခွေးတွေအထိ ဈေးကြီးပေးဝယ်မွေးမြူလာကြတယ်လို့ မုံရွာမြို့ခံတွေကပြောကြပါတယ်။
“အရင်က ခွေးမွေးတယ်ဆိုတာမရှိသလောက်ပဲ။ အခုတော့ခွေးမရှိတဲ့အိမ်က ခပ်ရှားရှားရယ်၊ အိမ်တိုင်းနီးပါးရှိတယ်။ လမ်းဘေးခွေးပေါက်ရင် ကျန်ကိုမကျန်တာ၊ ခွေးပေါက်တာနဲ့ ယူကြတာပဲ” လို့ ခလရ (၁၆) တပ်ရင်းရဲ့ ဘေးကပ်ရပ်မှာရှိတဲ့ မြို့သစ်ရပ်ကွက်နေသူ ကိုဇော်ထက်ကပြောပါတယ်။
သူ့အိမ်ကိုလည်းသူခိုးမကပ်အောင် လမ်းဘေးခွေးငါးကောင်လောက်ကို နေ့တိုင်းအစာကျွေးထားဖြစ်တယ်လို့ သူကဆိုပါတယ်။
အောင်ချမ်းသာရပ်ကွက်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ မအေးအေးဝင်းကလည်း “တချို့တွေဆို တစ်အိမ်တည်းနဲ့ သုံးကောင်လောက်မွေးပြီးတော့ ဆိုးအောင်လို့ နေ့ခင်းဆိုရင်ကြိုးချည်ထားတာ၊ ညပိုင်းကျမှလွှတ်တာ။ ကိုက်အောင်၊ ရိုင်းအောင်ချည်ထားကြတာ၊ အလှမွေးတာမဟုတ်ဘူး။ လူနဲ့ရင်းနီးမှာစိုးလို့ကိုကြိုးနဲ့ချည်ထားတာ၊ အဲဒါမှ ကိုက်တာ” လို့ ပြောပါတယ်။
မုံရွာမြို့ခံအများစု အခုလို ခွေးတွေအသည်းအသန်မွေးလာကြရတဲ့ အဓိကအကြောင်းရင်းကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ မြို့ပေါ်မှာနေ့ခင်းမှာတောင် ခိုးမှုတွေဖြစ်တဲ့အထိ သူခိုးသောင်းကျန်းလာလို့ ကိုယ့်အိမ်၊ ကိုယ့်လုပ်ငန်းလုံခြုံဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်တာဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။
ဒီလိုဖြစ်လာရတာလည်း အာဏာသိမ်းစစ်ကောင်စီဟာ ခုခံတော်လှန်အားကောင်းတဲ့ စစ်ကိုင်းတိုင်းကို အပြင်းအထန်ဖိနှိပ်နေတာကြောင့် တိုင်းမြို့တော်မုံရွာမှာလည်း စီးပွားရေးလုပ်ငန်းတွေကျပ်တည်း၊ အလုပ်အကိုင်ရှားပါးလာသလို စစ်တပ်ရဲ့လွတ်ငြိမ်းတွေမှာလည်း ခိုးဆိုးလုယက်မှုတွေကိုသာ အများဆုံးပြန်လွှတ်ပေးတာကြောင့်လို့ မြို့ခံအများစုကဆိုပါတယ်။
စစ်တပ်အာဏာမသိမ်းခင်ကတည်းက မြို့ပေါ်မှာခိုးမှု၊ လုယက်မှုတွေရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုများလာတယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ – မြို့နယ် ပ.လ.ဖ တာဝန်ခံက မော်ကွန်းကိုပြောပါတယ်။
“အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး တိုင်းပြည်ကဖရိုဖရဲဖြစ်သွားတယ်။ အကုန်လုံးက ကပ်ဆိုက်တဲ့သဘောမျိုးဖြစ်သွားတယ်။ ပိုက်ဆံရှိတဲ့လူတန်းစားတွေအတွက်သာမသိသာပေမယ့် အခြေခံလူတန်းစား တစ်ရက်လုပ်တစ်ရက်စားရတဲ့ဟာတွေကျတော့ ခက်ခဲလာတယ်။ အဲဒီလိုကျပ်တည်းလာတဲ့အချိန်ကျ တချို့ကငွေအလွယ်ရတဲ့နည်းလိုက်လာကြတယ်။ ခိုးကြတယ်၊ လုကြတယ်” လို့ပြောပါတယ်။
မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဟာ မုံရွာမြို့နယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးဆိုးလုယက်မှုတွေကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ်အရေးယူနေတဲ့အဖွဲ့တစ်ခု ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ နှစ်နှစ်ကျော်ကာလအတွင်း ခိုးဆိုးလုယက်မှုတွေအပြင် အခြားအမှုပေါင်း တစ်ရာဝန်းကျင်နဲ့ ပြစ်မှုကျူးလွန်သူ ၇၀ ဝန်းကျင်ကို အရေးယူနိုင်ခဲ့တယ်လို့ မုံရွာ ပ.လ.ဖ တာဝန်ခံက ပြောပါတယ်။
ဒေသခံတွေရဲ့ပြောပြချက်တွေအရ စစ်ကောင်စီလက်အောက်ခံရဲစခန်းတွေဟာ ခိုးဆိုးလုယက်မှုတွေကို အရေးယူတာတွေမရှိလို့ အခုလိုသူခိုးတွေသောင်းကျန်းလာတာလို့ ပြောကြပါတယ်။
“မင်းအောင်လှိုင်အစိုးရရဲ့အောက်ကရဲတွေက တချို့ဟာတွေကိုဖမ်းပြီးရင် သူတို့ပြန်မွေးတယ်။ အိမ်ရှင်တွေက အိမ်လုံဖို့ခွေးမွေးသလို ဒီကောင်တွေ(ရဲ)ကလည်း ပြန်မွေးတာအဲဒီ့ကောင်(သူခိုး)တွေကို။ မင်းတို့လုပ်၊ ငါတို့မျက်ကွယ်ပြုထားပေးမယ်။ ဒါတွေက ကျွန်တော်တို့တရားမဲ့စွပ်စွဲနေတာမဟုတ်ပါဘူး၊ ကျွန်တော်တို့မိထားတဲ့သူခိုးတွေရဲ့ ထွက်ဆိုချက်အရပြောတာပါ” လို့ မုံရွာမြို့နယ် ပ.လ.ဖ တာဝန်ခံကဆိုပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပက်သက်ပြီး အသေးစိတ်သိရဖို့ မုံရွာမြို့နယ် အမှတ်(၁) ရဲစခန်းနဲ့ အမှတ် (၂) ရဲစခန်းနှစ်ခုလုံးကို မော်ကွန်းကအကြိမ်ကြိမ်ဆက်သွယ်ရာ အမှတ် (၁) ရဲစခန်းက ဖုန်းစက်ပိတ်ထားပြီး အမှတ် (၂)ရဲစခန်းကတော့ ဖုန်းဝင်ပေမယ့်လက်ခံဖြေကြားခြင်းမရှိပါဘူး။
(Photo : Mawkun)
ရဲအစားထိုး ခွေးအားကိုး
မုံရွာမြို့မှာ မကြာခဏဆိုသလို ခိုးဆိုးလုယက်မှုတွေ၊ နေအိမ်အနုကြမ်းဝင်စီးမှုတွေဖြစ်တာကြောင့် မလုံခြုံတော့သလိုခံစားလာရလို့ သူ့အိမ်ရှေ့လမ်းထဲမှာရှိတဲ့ လမ်းဘေးခွေးတွေကို အစာပုံမှန်ကျွေးဖြစ်တယ်လို့ ဒေါနခြံရပ်ကွက်နေသူ မနွယ်နီကလည်းပြောပါတယ်။
“သူတို့ကိုကျွေးထားတော့ အိမ်နားပဲနေတာ၊ လူစိမ်းဝင်လာတာနဲ့ဟောင်တယ်။ ဟန့်တဲ့သဘောမျိုး ဖြစ်တာပေါ့။ ညဆိုရင်တောင် ခွေးသံအားပြုပြီး နေရ၊ အိပ်ရတဲ့သဘော” လို့ သူကပြောပါတယ်။
လွန်ခဲ့တဲ့လအနည်းငယ်က သူတို့လမ်းထဲကအိမ်တစ်အိမ်ကို ညအစောပိုင်းမှာ သူခိုးတွေဝင်ခိုးဖို့လုပ်ရင်း အဲဒီအိမ်နဲ့ကပ်ရပ်အိမ်ကမွေးထားတဲ့ခွေးကဟောင်လို့ သူခိုးတွေထွက်ပြေးသွားရတယ်လို့ သူ့ကိုယ်တွေ့ဖြစ်ရပ်ကိုပြောပါတယ်။
စစ်တပ်နဲ့ကပ်ရပ် အောင်ချမ်းသာရပ်ကွက်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ မအေးအေးဝင်းရဲ့ဆိုင်ကိုလည်း လွန်ခဲ့တဲ့သုံးလလောက်က ညဘက်သူခိုးကပ်တုန်းက သူ့အိမ်ကခွေးဟောင်လိုက်လို့ ပစ္စည်းအခိုးမခံလိုက်ရဘူးလို့ဆိုပါတယ်။
“သူခိုးက ခြံအပြင်အုတ်တံတိုင်းကနေ အိမ်ထဲကိုကျော်တက်နေတာ၊ ဆူးကြိုးတွေချိတ်ထားတာလည်း မရဘူး။ အိမ်မှာမွေးထားတဲ့ညိုမက အသံကြားပြီးအတင်းဟောင်လို့ သူခိုးဝင်မှန်းသိရတာ။ ထွက်ကြည့်တော့ သူခိုးကဆိုင်ကယ်မောင်းထွက်ပြေးသွားတယ်” လို့ သူကပြောပါတယ်။
ကုန်စုံဆိုင်ဖြစ်တဲ့အတွက် မကြာခဏဆိုသလို သူခိုးကပ်ခံရတာ၊ အခိုးခံရတာတွေကြုံခဲ့ရတာကြောင့် ခွေးမွေးပြီးနောက်ပိုင်းမှာ အရင်နဲ့စာရင် သူခိုးကပ်တာနည်းသွားတယ်လို့ သူကပြောပါတယ်။
သူဟာ အရင်ကခွေးမမွေးဖူးဘဲ စစ်တပ်အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာမှာ သူတို့ရပ်ကွက်ထဲ သူခိုးပိုသောင်းကျန်းလာတာကြောင့် ဒိုဘာမင်ခွေးတစ်ကောင်ကို မွေးလိုက်တာလို့ဆိုပါတယ်။
မုံရွာမြို့ပေါ်မှာ လူနေရပ်ကွက် ၃၁ ခုရှိပြီး အဲဒီထဲက အောင်ချမ်းသာ (သံလမ်းအရှေ့ဘက်)၊ ကွေ့ကြီး၊ မြို့သစ်၊ သလ္လာ၊ မြဝတီ၊ ချမ်းမြဝတီ၊ ရတနာပုံ၊ အက်တော၊ နန္ဒဝန်၊ စက်မှုဇုန်၊ မုံရွာတောင် စတဲ့ရပ်ကွက်တွေမှာ မကြာခဏဆိုသလို ခိုးဆိုးလုယက်မှုတွေအဖြစ်များတယ်လို့ ဒေသခံတွေဆိုကြပါတယ်။
ရောင်းအားကောင်းလာတဲ့ ခွေးဈေးကွက်
သူခိုးသောင်းကျန်းတာကြောင့် မြို့ခံတွေအနေနဲ့ လမ်းဘေးခွေးတွေကိုကျွေးတာ၊ မွေးတာတွေအပြင် ငွေကြေးတတ်နိုင်သူတွေကလည်း ဈေးကြီးပေးရတဲ့ နိုင်ငံခြားမျိုးစပ်ခွေးတွေကို သူခိုးရန်ကာကွယ်ဖို့ မွေးလာကြပါတယ်။
ဒီလိုအခြေအနေတွေကြောင့် အခုနှစ်ထဲမှာ ခွေးဝယ်လိုအားပိုများလာကာ သားဖောက်တဲ့လုပ်ငန်း လုပ်ကိုင်လာသူတွေလည်းများလာတယ်လို့ ခွေးသားဖောက်လုပ်ငန်းနဲ့ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောကြပါတယ်။
အရင်နှစ်တွေကထက် အခုနှစ်ထဲမှာ ခွေးသားဖောက်ရတဲ့အလုပ် ပိုလုပ်ပေးနေရတယ်လို့ ခွေးရောင်းဝယ်ရေးလုပ်ငန်း လုပ်နေတဲ့ ကိုမောင်စိုးကဆိုပါတယ်။
(Photo : Mawkun)
သားဖောက်ရာမှာလည်း အလှမွေးခွေးတွေထက် အကိုက်ကြမ်းတဲ့ခွေးတွေကို သားဖောက်ရတာများပြီး ရောင်းအားကလည်း အကိုက်ကြမ်းတဲ့ခွေးတွေပိုရောင်းလာရတယ်လို့ အောင်ချမ်းသာရပ်ကွက်ထဲက အမည်မဖော်လိုတဲ့ ခွေးရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
“ဝယ်ကြတာများတာက (ကျပ်)ငါးသိန်း၊ ခြောက်သိန်း၊ ခုနစ်သိန်း အဲ့လောက်ထဲက ဝယ်ကြတာများတယ်။ ပစ်ဘူး(Pitbull)၊ ရော့ဝေလာ (Rottweiler)၊ ဒိုဂို (Dogo)၊ အဲ့ကောင်တွေကတော့ ခွေးအကြမ်းလိုင်းတွေပေါ့။ သူတို့က အကိုက်ကြမ်းတာတို့ဘာတို့၊ အဲ့လိုကောင်တွေရောင်းရတယ်။ တချို့ကလည်း အယ်လ်ဇေးရှင်းပေါ့။ အကြိုက်ချင်းကတော့ မတူကြဘူး။ သူတို့က လုံခြုံရေးလည်းကောင်းတာပေါ့” လို့ လက်ရှိခွေးရောင်းဝယ်ရေး အခြေအနေကို သူကပြောပြပါတယ်။
ခွေးသူခိုး
မုံရွာမြို့ပေါ်မှာ ခွေးဈေးတွေလည်းကောင်းလာတာကြောင့် သူခိုးတွေဟာ ပစ္စည်းခိုးရုံတင်မကဘဲ တန်ဖိုးကြီးခွေးတွေပါ ခိုးလာကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
“အိမ်လုံအောင်လို့ အယ်ဇေးလ်ရှင်းခွေးတစ်ကောင်ဝယ်မွေးထားတာ။ မနက်အိပ်ရာနိုးတော့ ခြံတံခါးသော့လည်း အဖျက်ခံထားရတယ်၊ ခွေးကော ကလစ်ဆိုင်ကယ်ကော အခိုးခံလိုက်ရတယ်” လို့ ကန်သာဦးရပ်ကွက်နေသူတစ်ဦးက သူ့အဖြစ်ကိုပြောပြပါတယ်။
အခုတော့ သူ့အိမ်လုံဖို့ လမ်းဘေးခွေးတွေကို အိမ်အနီးနားမှာကျွေးထားရတယ်လို့ ဆိုပါတယ်။
တချို့သူခိုးတွေဟာ ခွေးတွေကိုအဆိပ်ချသတ်ပြီးမှ ပစ္စည်းခိုးတာ၊ စားစရာကျွေးပြီးယဉ်ပါးအောင်လုပ်ကာ ပစ္စည်းအပြင် တန်ဖိုးကြီးခွေးတွေပါခိုးလာလို့ ခွေးတွေကို လူမယဉ်စေဘဲ ရိုင်းအောင်၊ ကိုက်တတ်အောင်သင်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“အဆိပ်ချသတ်ပြီးမှခိုးတာမျိုးတွေရှိတယ်၊ အစာတစ်ခုခုနဲ့မျှားပြီး ခိုးတာမျိုးလည်းရှိတယ်။ လမ်းထဲကတစ်အိမ်ဆို ခွေးမွေးထားတာပဲ၊ ခွေးကိုအစာနဲ့မျှားပြီး မဟောင်တော့မှ ဆိုင်ကယ်ဝင်ခိုးသွားတာ ပါသွားတာပဲ။ သူခိုးတင်မဟုတ်ဘူး၊ ဓားပြလည်းပေါတယ်။ နေ့နေ့ညညအိမ်တံခါးပိတ်ထားရတာ” လို့ မုံရွာမြို့စွန်ရပ်ကွက်တစ်ခုဖြစ်တဲ့ စက်မှုဇုန်ရပ်ကွက်မှာနေသူ ဦးထွန်းအောင်ကဆိုပါတယ်။
ကိုယ့်အားကိုယ်သာကိုး
အခုနှစ်ဇန်နဝါရီလထဲမှာ အောင်ချမ်းသာရပ်ကွက်ထဲက လင်မယားနှစ်ယောက်တည်းရှိတဲ့ ကုန်စုံဆိုင်တစ်ဆိုင်ကို လူလေးဦးဓားပြဝင်တိုက်ခဲ့ပြီး ပြန်ခုခံခဲ့တဲ့အမျိုးသားဖြစ်သူကို ဓားနဲ့ထိုးသတ်သွားပါတယ်။
အဲဒီ့နောက် စစ်ကောင်စီလက်အောက်ခံရဲတွေရောက်လာပြီး ရဲတစ်ဦးက အနီးကဒေသခံတွေကို အခုလိုမှာထားခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက မော်ကွန်းကိုပြန်ပြောပြပါတယ်။
“သူတို့ကတောင်မှာသွားသေးတာ၊ ကိုယ်ကဦးအောင်ဆော်တဲ့၊ ခုခံစရာလေး ဆောင်ထားတဲ့။ လုပ်စရာရှိတာလုပ်၊ သေအောင်ဆော်၊ ပြီးမှကျန်တဲ့ကိစ္စကျ ကျုပ်တို့ရှင်းပေးမယ်တဲ့။ ကိုယ့်အားကိုယ်ကိုးဆိုတဲ့ပုံစံမျိုးပြောသွားတာ”
မြို့လယ်မှာရှိတဲ့ မုံရွာအမှတ်(၁)ရဲစခန်းနဲ့ တစ်ရပ်ကွက်တည်းဖြစ်တဲ့ ရုံးကြီးရပ်ကွက်နေသူတစ်ဦးကလည်း မြို့လယ်ကရပ်ကွက်တွေအထိပါ သူခိုးသောင်းကျန်းလို့ လမ်းဘေးခွေးလေးကောင် သူ့ခြံဝန်းထဲမှာမွေးထားရတယ်လို့ဆိုပါတယ်။
“အရင်ကတော့ အိမ်နားပဲကျွေးထားတာ၊ ခြံထဲသူခိုးဝင်မှာကြောက်လို့ လေးကောင်လုံးကို ခြံဝန်းထဲထည့်မွေးထားတာ တစ်နှစ်ကျော်လောက်တော့ရှိပြီ” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ မုံရွာဒေသခံတွေဟာ ကိုယ့်အိမ်၊ ကိုယ့်လုပ်ငန်းလုံခြုံရေးအတွက် ခွေးမွေးပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြရတယ်လို့ မြို့ခံအများစုက ပြောကြပါတယ်။
ခိုးမှု၊ ဓားပြမှုအဖြစ်များတဲ့ ရပ်ကွက်တွေထဲကတစ်ခုဖြစ်တဲ့ ထန်းတောရပ်ကွက်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ဒေါ်ဘုတ်ဆုံကတော့ သူ့ဆိုင်ရှေ့က လမ်းဘေးခွေးတစ်သိုက်ကို အစာကျွေးနေရင်း အခုလိုပြောပါတယ်။
“မုံရွာမှာတော့ သူခိုးအရမ်းပေါလာတယ်၊ နေ့ခင်းကြောင်တောင်ကြီးကို ဝင်ခိုးတာ။ ရဲလည်းအားမကိုးရဘူး၊ ခေါ်လည်းမလာဘူး၊ ခွေးရှိနေတော့ တော်သေးတယ်”