ကျော်ဇေယျ၊
ရန်ကုန် – ၂၀၂၀၊ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း)
ယခုနှစ်ထဲမှာ ရေယာဉ်ထိန်းချုပ်စောင့်ကြည့်ရေးစနစ်( Vessel Monitoring System -VMS ) တပ်ဆင်ကာ တရားမဝင်ငါးဖမ်းယူမှုတွေကို ထိန်းချုပ်မယ်လို့ အစိုးရကပြောသည့်တိုင် မြေပြင်မှာတော့ ငါးမဖမ်းရ ဧရိယာတွေမှာ ခိုးယူ ဖမ်းဆီးမှုတွေနဲ့ ကြုံနေရဆဲပဲလို့ တနင်္သာရီတိုင်းဒေသကြီး၊ လန်ပိကျွန်းက ဒေသခံတစ်ချို့က ပြောပါတယ်။
အမျိုးသားအဏ္ဍဝါဥယျာဉ်အဖြစ် သတ်မှတ်ထိန်းသိမ်းနေတဲ့ လန်ပိကျွန်းတစ်ဝိုက်မှာ ကမ်းဝေးငါးဖမ်းလှေတွေဟာ ခိုးယူဖမ်းဆီးမှုတွေရှိနေပြီး အခြားနေရာတွေမှာလည်း မြင်တွေ့နေရတယ်လို့ လန်ပိကျွန်းက ဒေသခံတွေက ပြောပြတယ်။
လန်ပိကျွန်းတစ်ဝိုက် ငါးခိုးဝင်ဖမ်းနေတဲ့ စက်လှေတွေတွေ့နေရဆဲဖြစ်တာကြောင့် VMS စနစ် အလုပ်မလုပ်ဘူးလို့ လန်ပိကျွန်းဧရိယာ၊ မကြုံဂလက်ရွာက ဦးချိုလွန်းက ပြောတယ်။
“ VMS သာ တကယ်အလုပ်လုပ်နေရင် ဒီလှေတွေ ဘယ်နေရာတွေမှာ ရွေ့လျားနေတယ်။ ဖမ်းဆီးနေတယ်ဆိုတာ ကို သိရမယ်။ အရေးယူမှုတွေ လုပ်ရမယ်” လို့ သူက ပြောတယ်။
ငါးခိုးယူဖမ်းဆီးမှုတွေကို ညပိုင်းအချိန်တွေမှာ ပိုမိုလုပ်ကိုင်ကြတဲ့အတွက် စောင့်ကြည့်တိုင်ကြားနိုင်ဖို့ လက်လှမ်း မမီဘူးလို့လည်း ဒေသခံတွေက ပြောတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်ကတော့ ပင်လယ်ပြင်မှာ ငါးဖမ်း၊ ငါးသယ် လုပ်ဆောင်နေတဲ့ ရေယာဉ်တွေကို VMS တပ်ဆင်နေတာဟာ တစ်နိုင်ငံလုံးမှာ ၉၈ ရာခိုင်နှုန်းကျော် တပ်ဆင်ပြီးပြီလို့ ဒီနေ့ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
ကမ်းဝေး ငါးဖမ်း၊ ငါးသယ်ရေယာဉ် စုစုပေါင်း ၃,၄၀၂ စင်း ရှိတဲ့အနက် ၃,၃၆၇ စင်းကို တပ်ဆင်ထားပြီးပြီလို့ ဦးလှကျော်က ပြောတယ်။ ကျန် ၃၅ စင်းဟာ ပြင်ဆင်ပြုပြင်မှုတွေ လုပ်ဆောင်နေတာကြောင့် တပ်ဆင်မှုမလုပ်နိုင်သေးတာလို့ သူက ဆိုတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ လန်ပိကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ ကမ်းဝေးငါးဖမ်းလှေတစ်စီးကို ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ်။ ( ဓါတ်ပုံ- မော်ကွန်း)
#Dailynews