ရန်ကုန်၊ ၂၀၂၀၊ မတ်- ၁၃ (မော်ကွန်း)
တနင်္သာရီတိုင်းဒေသကြီး၊ရေဖြူမြို့နယ်တွင် မြေမြုပ်မိုင်းကြောင့် ယနေ့နံနက်ပိုင်းက ဒေသခံနှစ်ဦး ဒဏ်ရာရရှိသည်ဟု ရေဖြူ၊ မွန်အရပ်ဘက်အဖွဲ့အစည်းကွန်ယက်၏ အကြံပေးဖြစ်သူ မင်းစိုးသိန်းက ပြောသည်။
နံနက် ၈ နာရီခန့်တွင် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ရားဖူးကျေးရွာအုပ်စု၊ မျောက်ချောရွာနေ နိုင်ဗိုင် ဆိုသူ အမျိုးသား သည် ရေပိုက်ပြုပြင်ရန်သွားရောက်စဉ် ယင်းကျေးရွာအုပ်စုအတွင်းရှိ ကလယ်ရွာ အနီးတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
ယင်းရွာမှ အခြားတစ်ဦးဖြစ်သူ နိုင်ဝင်းလှိုင် ဆိုသူသည်လည်း နံနက် ၉ နာရီခန့်တွင် ဥယျာဉ်ခြံကိုသွားရောက်စဉ် ဒေသအခေါ် အိုင်ရှည်ဆိုသည့်အရပ်တွင် မိုင်းနင်းမိခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့် အမျိုးသားနှစ်ဦးစလုံး၏ ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု မင်းစိုးသိန်းက ပြောသည်။
ရေဖြူမြို့နယ်အတွင်း ၂၀၁၈၊ နိုဝင်ဘာမှ ယခုအချိန်ထိ မြေမြုပ်မိုင်းကြောင့် ထိခိုက်၊ ဒဏ်ရာရရှိ သူ ဦးရေ ၁၁ ဦးအထိ ရှိလာကြောင်း မင်းစိုးသိန်းက ပြောသည်။
မြေမြုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့အစည်း၏ နောက်ဆုံးထုတ် အစီရင်ခံစာတွင် ၂၀၁၁ မှ ၂၀၁၈ ခုနှစ်အတွင်း လူသတ်မိုင်းများကြောင့် ထိခိုက်၊သေဆုံးသူ ဦးရေ ၁,၆၀၀ ခန့် ရှိခဲ့ပြီးဟု ဖော်ပြသည်။
ပုံစာ – ရေဖြူတွင် ယနေ့မိုင်းနင်းမိသူတစ်ဦး