ရေစကြို – ၂၀၂၃ မတ် ၃၁ မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းနေရာကို ဒီနေ့မနက် ၄:၀၀ နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်မှုကြောင့် ရဲဘော်ငါးဦးကျဆုံးခဲ့တယ်လို့ ရေစကြိုပ.က.ဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
“အထိုင်စခန်းမှာစကားပြောနေကြတာ၊ အလစ်ပစ်ခံရတာဆိုတော့လေးယောက်က ပစ်ခံရပြီးကျတယ်၊တစ်ယောက်ကအရှင်ဖမ်းမိတာ၊ အဲ့တစ်ယောက်ကို ပေါက်ပြားတွေနဲ့ခုတ်သတ်ထားတယ်၊ ပစ်ခံထားရတဲ့တစ်ယောက်ဆိုရင်လည်းဦးခေါင်းထဲမှာဘာမှမရှိတော့ဘူး”လို့ ရေစကြိုပ.က.ဖသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကဆိုပါတယ်။
ရေစကြိုမြို့ပေါ်ကနေ အင်အား၄၀ ဝန်းကျင်နဲ့အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းကို မနေ့ကညောင့်စောင်နဲ့ သမန္တပို့ရွာကြားမှာ ရေစကြိုပ.က.ဖ က မိုင်းနှစ်လုံးဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သားအများအပြားထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် စခန်းကိုဝင်စီးခဲ့တာလို့ သူကဆိုပါတယ်။
“မနေ့က မိုင်းဆွဲတော့သူတို့ဘက်ကဒဏ်ရာရသူများတယ်၊ သူတို့နောက်ပြန်မဆုတ်ဘူး၊ ဘုန်းကြီးကျောင်းထဲနေပြီး မြို့ပေါ်ကအင်အားထပ်တိုးတာ၊ အင်အား ၇၀လောက်နဲ့ဒီနေ့မနက်စခန်းကို ပစ်ဝင်တာ၊ ပစ်ခတ်မှုဖြစ်တာကနီးနီးလေး ၊ လက်တစ်ပြန်တောင်မဝေးဘူး”လို့ ရေစကြိုပ.က.ဖသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
စခန်းဝင်စီးခံရချိန်ပစ်ခတ်ခံရမှုကြောင့် ပကဖအဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ပြီး သုံးဦး ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သူကဆိုပါတယ်။
ကျဆုံးရဲဘော်ငါးဦးရဲ့အလောင်းတွေကိုပြန်သယ်နိုင်ခဲ့ပြီး အာဏာသိမ်းစစ်တပ်စစ်ကြောင်းကတော့မြို့ပေါ်ကိုပြန်သွားခဲ့ပြီလို့ဆိုပါတယ်။
စခန်းစီးနင်းခံရမှုမှာ ရွှေလယ်ကျွန်း LPDF ၊ YLK ပြောက်ကျားတပ်ဖွဲ့နဲ့ အညာသားပြောက်ကျားတပ်ဖွဲ့တွေဆီက လက်နက်တစ်လက်စီ၊ စုစုပေါင်းသုံးလက်တို့ ဆုံးရှုံးခဲ့ရတယ်လို့ ရေစကြို ပ.က.ဖကဒီနေ့သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ – ရေစကြိုပ.က.ဖမှကျဆုံးရဲဘော်များ
ဓါတ်ပုံ – ရေစကြိုပ.က.ဖ
#Dailynews

