ရေစကြို – ၂၀၂၃ ဧပြီ ၂၅ (မော်ကွန်း)
မကွေးတိုင်း၊ရေစကြိုမြို့နယ် ရှင်မတောင်အနီးတဝိုက်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်စစ်သားတွေကို မနေ့က အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကသိရပါတယ်။
ပခန်းကြီးနယ်မြေရဲစခန်းကနေ စစ်သား ၆၀ ဝန်းကျင်ကိုတင်ဆောင်လာတဲ့ဖောကားနှစ်စီးကို မြေခဲတောင်ရွာနဲ့ ကျောက်တံခါးကျေးရွာကြားမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြို ပ.က.ဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
“ရှင်မတောင်ရွာနားကကျေးရွာတွေကို သူတို့ကတစ်ရွာဝင်တစ်ရွာထွက်စစ်ကြောင်းပတ်ထိုးနေတာ၊ မြေခဲတောင်နဲ့ကျောက်တံခါးနားမှာ သူတို့ဖောကားပေါ်ကဆင်းပြီးရွာထဲဝင်မယ်အလုပ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ”လို့ အဆိုပါတာဝန်ခံကပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှုနာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ထိခိုက်ဒဏ်ရာရစစ်သားတွေကို ဘုန်းကြီးကျောင်းထဲ ခေါ်ဆောင်ဆေးကုပေးနေတယ်လို့ပြောပါတယ်။
ရှင်မတောင်အနီးတစ်ဝိုက်ကိုစစ်ကြောင်းထိုးနေတဲ့စစ်သားတွေက ကိုင်းမကြီးရွာကအမျိုးသားသုံးဦးနဲ့ အမျိုးသမီးလေးဦးတို့ကို တိုက်ပွဲမဖြစ်ခင် ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
#Dailynews

