ရေစကြို – ၂၀၂၁ အောက်တိုဘာ ၁၁ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မှာ မနေ့ညက အာဏာသိမ်းစစ်ကောင်စီရဲ့ အမှတ် (၂၅၇) ခြေလျင်တပ်ရင်းဟာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောပါတယ်။
မနေ့ည ၁၁ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ ရေစကြိုမြို့နယ် ဖူလုံရွာနားက ၂၅၇ တပ်ရင်းကို လက်နက်ကြီးနဲ့ သုံးချက်ပစ်ခတ်ခဲ့ပြီး ဒီပစ်ခတ်မှုကို People Defense Force Yesagyo နဲ့ မြိုင်နယ်က Myaing PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ တော်လှန်ရေးအဖွဲ့တွေဘက်က ထုတ်ပြန်ထားပါတယ်။
“လက်နက်ကြီးနဲ့အထုခံရပြီးတော့ တပ်ထဲကနေ သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ကြားလိုက်ရတယ်”လို့ ရေစကြိုနယ်ခံတစ်ဦးက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့ PDF က ထုတ်ပြန်ပါတယ်။
ရေစကြိုမြို့နယ်ဟာ စစ်ကောင်စီတွေကို ရရာလက်နက်နဲ့တော်လှန်နေကြတဲ့ဒေသတစ်ခုဖြစ်ပြီး ရေစကြို PDF တွေဟာ နယ်နိမိတ်ချင်းထိဆက်နေတဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းထဲက မြင်းခြံ၊ မြောင်၊ ချောင်းဦး အစရှိတဲ့နယ်တွေက PDF တွေနဲ့ပါ ပူးပေါင်းပြီး လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
#Dailynews

