မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ အမေ့ခံဖြစ်ပါသည်
မောင်ဉယျာဉ်ရေးသည်
မြန်မာစာပေလောကမှာ မဂ္ဂဇင်းတွေရဲ့ ကျေးဇူးက ကြီးမားလှတယ်။ ဒါပေမဲ့ မြန်မာမဂ္ဂဇင်း လောကရဲ့ ဒီနေ့အခြေအနေက ရပ်တည် ရုန်းကန်နိုင်ဖို့ မနည်းကြိုးစားနေကြရတယ်။ ကာလရှည်ကြာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခဲ့တဲ့ သက်တော်ရှည် မဂ္ဂဇင်းကြီးတွေလည်း နွေဦးရက်တွေမှာ ကြွေကျတဲ့ရော်ရွက်ဝါတွေလိုပဲ။ တဖြောဖြော မြေခသက်ဆင်းနေတယ်။
မြန်မာမဂ္ဂဇင်းတွေရဲ့ သက်တမ်းသည်ပင် နှစ် ၁၀ဝ ကျော်ခဲ့ပါပြီ။ မနေ့တစ်နေ့ကပဲ ဆရာကြီးရွှေဥဒေါင်းရဲ့ မောင်သိန်းတင် မသိန်းရှင်ဝတ္ထုတိုကို မြန်မာဝတ္ထုတို နှစ် ၁၀ဝ ပြည့်ပွဲ လုပ်ခဲ့တယ် မဟုတ်လား။ အဲဒီဝတ္ထုတိုက ၁၉၁၇ ခုနှစ် မတ်လထုတ် သူရိယ မဂ္ဂဇင်း အမှတ် ၁ မှာ ဖော်ပြခဲ့တာပါ။ ဒါလောက်ဆိုရင် မြန်မာ မဂ္ဂဇင်းတွေရဲ့ သက်တမ်းကို ခန့်မှန်းလို့ ရနိုင်ပါပြီ။ အရင်ခေတ်က စာရေးဆရာအများစုက မဂ္ဂဇင်းစာမျက်နှာတွေကို မဖြစ်မနေ ဖြတ်သန်းကြရတယ်။ မဂ္ဂဇင်းစာမျက်နှာမှာ ပုံနှိပ်အက္ခရာနဲ့ ဖော်ပြခံရရင် ဂုဏ်တစ်ခု။ အဲဒီခေတ်က အယ်ဒီတာတွေရဲ့ အထပ်ထပ် စစ်ဆေးမှုကိုခံပြီးမှ စာမျက်နှာပေါ် ရောက်ခဲ့ကြရတာပါ။
မြန်မာမဂ္ဂဇင်းတွေဟာ တာထွက်ကောင်းသလောက် ပန်းဝင်နောက်ကျခဲ့တယ်။ မြန်မာမဂ္ဂဇင်း ခေတ်ဦးကာလတွေမှာ စာဖတ်သူတွေအပေါ် တာဝန်ကျေပွန်ခဲ့ကြတယ်။ ခေတ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြတယ်။ သူတို့ခေတ်မှာ ကျရောက်လာတဲ့ တာဝန်တွေကို တတ်စွမ်းသလောက် ထမ်းဆောင် ခဲ့ကြတယ်။ မြန်မာမဂ္ဂဇင်းတွေဟာ ခေတ်ဦးကနေ ၁၉၆၂ ခုနှစ်အထိ မြန်မာစာပေရေအလျဉ်မှာ တသွင်သွင် စီးဆင်းနိုင်ခဲ့ကြတယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း တော်လှန်ရေးကောင်စီတက်လာ ပြီးနောက်မှာတော့ မြန်မာမဂ္ဂဇင်းတွေသာမက မြန်မာစာပေ လောကတစ်ခုလုံး ရေသေအိုင်သဖွယ် ဖြစ်ခဲ့ရပါတော့တယ်။ စာပေစိစစ်ရေးဆိုတဲ့ အကန့်အသတ်အောက်မှာ စာပေအနုပညာအားလုံး စိစစ်ဖြတ်တောက်ခြင်း ခံလိုက်ရတော့တယ်။
စာပေစိစစ်ရေး မရှိခင်က ကိုယ်ထုတ်တာ ကိုယ်တာဝန်ယူခဲ့ရပြီး ထုတ်တင်စနစ်နဲ့ ပုံနှိပ်ထုတ်ဝေရေးတွေ ထုတ်ဝေခဲ့ကြတယ်။ စာပေစိစစ်ရေး ရှိလာတဲ့နောက်မှာတော့ စာအုပ်တွေ မထုတ်ဝေခင် စာပေစိစစ်ရေးကို အရင်တင်ကြရတယ်။ စိစစ်ရေးခွင့်ပြုချက် ရပြီဆိုမှ ထုတ်ဝေဖြန့်ချိခွင့် ရကြတာပါ။ စာပေစိစစ်ရေးခေတ်က ရာစုတစ်ဝက်ကျော် ကြာခဲ့တယ်။ စာပေစိစစ်ရေးခေတ်မှာ ပုံနှိပ်ဖြန့်ချိခဲ့ပေမယ့် နောက်တစ်ကြိမ် ပြန်ထုတ်ရင် နောက်တစ်ခါစိစစ်ရေး ပြန်တင်ရပြန်တယ်။ ပထမတစ်ခါ စာပေစိစစ်ရေးက ကင်းလွတ်ပေမယ့် နောက်တစ်ခါ ထုတ်တဲ့အခါ စိစစ်ရေးမလွတ်တာတွေလည်း ရှိတယ်။ ငွေမင်အသုတ်ခံရတဲ့ ကဗျာတွေ ရှိခဲ့တယ်။ စုတ်ဖြဲခံရတဲ့ ဝတ္ထုတိုတွေလည်း အများကြီးပဲ။ ကော်ကပ်ခံရတဲ့ ကာတွန်းတွေ၊ ဆောင်းပါးတွေလည်းရှိတာပေါ့။ ငွေမင်အသုတ်ခံရတဲ့ စာတွေ၊ ကဗျာတွေဖတ်ချင်ရင် သွားတိုက်ဆေးနဲ့ ပွတ်ပြီး ဖတ်ခဲ့ရသလို ကော်ကပ်ခံရတဲ့ ဝတ္ထုတွေ၊ ဆောင်းပါးတွေကိုတော့ ရေနွေးငွေ့နဲ့ အပူပေးပြီး စက္ကူကို ဂရုတစိုက်ခွာလို့ ဖတ်ကြရတယ်။ စုတ်ဖြဲခံရပြီဆိုရင်တော့ နိဋ္ဌိတံပြီ။

မြန်မာမဂ္ဂဇင်းတွေက စာဖတ်ပရိသတ်အပေါ်မှာ ကောင်းကောင်းအကျိုးပြုခဲ့တယ်။ ရှုမဝနဲ့ မိုးဝေခေတ်ကို ကျွန်တော် မမီလိုက်ပေမယ့် ကျွန်တော့အစ်ကိုတွေ၊ ဦးလေး၊ ဦးကြီးတွေကတော့ ကောင်းကောင်း မီလိုက်ကြတယ်။ တစ်ခါတစ်ရံ အဲဒီမဂ္ဂဇင်းတွေကို စာအုပ်အဟောင်းဆိုင်တွေက ရတတ်တယ်။ မဂ္ဂဇင်းအဟောင်းတွေ ဖြစ်ပေမယ့် အဟောင်းဆိုင်က အကြောင်းတိုက်ဆိုင်လို့ ရတဲ့အခါ ပြန်ဖတ်ကြည့်တော့လည်း အရသာရှိနေဆဲ။ လစဉ်ထုတ် မြန်မာမဂ္ဂဇင်းတွေကို စဖတ်ဖြစ်တာက ၁၉၈၅-၁၉၈၆ အလယ် တန်းကျောင်းသားအရွယ်လောက်မှာ စဖတ်ဖြစ်တာပါပဲ။ စာအုပ်အငှားဆိုင်တွေကို ကျွန်တော်ကိုယ်တိုင် သွားငှားတာ မဟုတ်ဘဲ ဦးလေးငှားလာတဲ့ စာအုပ်တွေကိုသာ ဖတ်ခဲ့ရတာပါ။ ကျွန်တော့ ဦးလေးတစ်ယောက်က စာဖတ်ဝါသနာပါသူ ဖြစ်တယ်။ လစဉ်ထုတ် မဂ္ဂဇင်းတွေကို အမြဲငှားဖတ်လေ့ရှိတယ်။ အဲဒီအချိန်လောက်က ရပ်ကွက်တိုင်းနီးပါးမှာ စာအုပ်အငှားဆိုင်လုပ်ငန်း တွေ အမြစ်တွယ်နေပြီ။ မိသားစု သုံးလေးယောက်လောက်ရှိတဲ့ သူတွေအတွက် စာအုပ်အငှားဆိုင်တွေက ထမင်းအိုးပွက်အောင် ဖန်တီးပေးနိုင်ခဲ့တယ်။ စာအုပ်ငှားခတွေက တစ်အုပ်တစ်ရက် ငှားရမ်းခက တစ်ကျပ် ဖြစ်ပါတယ်။
ကျွန်တော့ဦးလေး အမြဲငှားတဲ့ မဂ္ဂဇင်းတွေထဲမှာ သပြေတေးမဂ္ဂဇင်းလည်း အမြဲပါတယ်။ ဦးသပြေရဲ့ အမေးအဖြေကဏ္ဍလည်း လစဉ်ပါခဲ့တာ အမှတ်ရမိတယ်။ သပြေတေးမဂ္ဂဇင်းလို့ အမည်ခံထားပေမယ့် တေးဂီတသီးသန့်မဟုတ်ဘဲ အခြားစာပေ အနုပညာတွေလည်းပါတယ်။ မဂ္ဂဇင်းတွေရဲ့ သရုပ်ဖော်ပုံတွေကလည်း ကောင်းမှကောင်း။ သပြေမဂ္ဂဇင်းဟာ သူ့ခေတ်သူ့အခါ (၁၉၈၅ ခုနှစ်ဝန်းကျင်)မှာ မှောင်ခိုမဂ္ဂဇင်းဖြစ်တဲ့အထိ အောင်မြင်ခဲ့တယ်။
ငှားရမ်းဖတ်ရှုသူများတာကြောင့် ဖောက်သည်လည်းမပြတ်အောင် စာအုပ်ငှားသူလည်း ကျေနပ်အောင် အလှည့်ကျစနစ်နဲ့ စာအုပ်ဆိုင်တွေက ငှားရမ်းပေးခဲ့ကြရတယ်။ ကျွန်တော် မဂ္ဂဇင်းတွေကို ကိုယ်တိုင်စငှားဖြစ်တာက ၉၀ ခုနှစ်ဝန်းကျင်လောက် ရောက်မှပါ။ ကျွန်တော်တို့ခေတ်မှာတော့ မဟေသီနဲ့ ရွှေအမြုတေက မြန်မာမဂ္ဂဇင်းလောကမှာ ပရိသတ်အခိုင်အမာရရှိနေတဲ့ မဂ္ဂဇင်းတွေ ဖြစ်ကြတယ်။ စာပေစိစစ်ရေး ယန္တရားကြီးလည်း အားကောင်းမောင်းသန် လည်ပတ်လို့ လက်စွမ်းတွေ ပြနေပါပြီ။ စာပေအနုပညာရှင်တွေက စာပေစိစစ်ရေးတံတိုင်းကြီးကို နည်းမျိုးစုံနဲ့ ကျော်ဖြတ်ခဲ့ကြတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အဖိအနှိပ် အကွပ်အညှပ်တွေကြားကပဲ မဂ္ဂဇင်းထုတ်ဝေခွင့်တွေ၊ ဌာနဆိုင်ရာ ထုတ်ဝေခွင့် လမ်းကြောင်းကတစ်ဆင့် စာဖတ်ပရိသတ်ထံ အကောင်းဆုံး တင်ဆက်နိုင်ဖို့ အယ်ဒီတာတွေ အပြိုင်အဆိုင် အားထုတ်ကြရတယ်။ တံခါးပိတ်ဝါဒကို နှစ်ပေါင်း ၃၀ နီးပါး ကျင့်သုံးခဲ့လေတော့ နိုင်ငံသူ နိုင်ငံသားတွေဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့ရတယ်။ လကျော်မှ ရောက်လာတတ်တဲ့ တိုင်းမ်၊ နယူးစ်ဝိခ်လောက်ကိုပဲ လေယာဉ်ပိုင်းလော့တွေ သယ်လာတဲ့အခါ၊ ဖတ်ကြရတဲ့အခါ ရှိသလို နိုင်ငံခြားသင်္ဘောလိုင်းတွေမှာ အလုပ်လုပ်သူတွေ ပြည်တော်ပြန်လာတဲ့အခါ ဖတ်ကြရတာလည်း ရှိတယ်။ ဒါလည်း လက်တစ်ဆုပ်စာပါပဲ။ တိုင်းမ်နဲ့ နယူးစ်ဝိခ်တွေကို တရားဝင်လမ်းကြောင်းက တင်သွင်းတာ ရှိပေမယ့် ဌာနဆိုင်ရာ အဆင့်ဆင့်ရဲ့ ထောက်ခံချက် အစုံအလင်နဲ့ လျှောက်ထားပါမှ ဝယ်ယူဖတ်ရှုခွင့် ရခဲ့ကြတာပါ။ တစ်ခါတစ်ရံ အာဏာပိုင်တွေ သဘောမတွေ့တဲ့ အကြောင်းအရာတွေ ဖော်ပြတဲ့လဆို အဲဒီ မဂ္ဂဇင်းတွေက စာဖတ်သူလက်ထဲ မရောက်တော့ဘူး။
၁၉၉၀ ဝန်းကျင်မှာ အာဏာပိုင်တွေက မဂ္ဂဇင်းထုတ်ဝေခွင့် အသစ်တွေကို အကန့်အသတ်နဲ့ ထုတ်ဝေခွင့် ပြုခဲ့တယ်။ သတင်းငတ်နေတဲ့ မြန်မာစာဖတ်ပရိသတ်ဟာ မဂ္ဂဇင်းတွေကို အလုအယက် ဖတ်ခဲ့ကြတယ်။ တစ်လျှောက်လုံး မင်းသား၊ မင်းသမီး တွေရဲ့ အိပ်ရာဝင်၊ အိပ်ရာထစာတွေ ဖတ်ခဲ့ရတဲ့ ပရိသတ်အဖို့ မဂ္ဂဇင်းအသစ်တွေကို ချင်ခြင်းအထိုက်အလျောက်ပြေစေခဲ့တယ်။ လစဉ်ထုတ် မဂ္ဂဇင်းဖြစ်ပေမယ့် ပရိသတ်က တလေးတစား စောင့်ဖတ်ခဲ့ကြတယ်။ ဓနနဲ့ မြန်မာ့ဓနမဂ္ဂဇင်းတွေက စီးပွားရေး သတင်းတွေကို ဦးစားပေး ဖော်ပြခဲ့ကြပါတယ်။ စာဖတ်ပရိသတ်ရဲ့ အားပေးမှုလည်းရခဲ့တဲ့ မဂ္ဂဇင်းတွေ ဖြစ်ကြတယ်။ နောက်ပိုင်းမှာ ကြော်ငြာနဲ့ ဈေးဝယ်လမ်းညွှန်၊ ကြီးပွားရေး၊ ရွှေစည်းစိမ်စတဲ့ မဂ္ဂဇင်းတွေလည်း စီးပွားရေးအကြောင်းတွေ အလေးထား ဖော်ပြခဲ့ကြတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ စာပေစိစစ်ရေး တင်းကျပ်ထားစဉ်မှာပဲ မဂ္ဂဇင်းထုတ်ဝေခွင့်တွေ ဟောတစ်အုပ် ဟောတစ်အုပ် ထုတ်ဝေခွင့်တွေ ကျလာတယ်။ ထုတ်ဝေခွင့်ကျလာတဲ့ မဂ္ဂဇင်းအသစ်တွေဟာ သီးသန့် ပရိသတ်ရအောင် သူ့နည်းသူ့ဟန်နဲ့ ထူထောင်ခဲ့ကြရတယ်။ ရနံ့သစ်နဲ့ နွယ်နီက နိုင်ငံတကာသတင်းတွေ ဝေဝေဆာဆာနဲ့ ဖော်ပြခဲ့ပြီး ပရိသတ်ကို ဖမ်းစားနိုင် ခဲ့ကြတယ်။ ရတနာသစ်က ဘောလုံးမဂ္ဂဇင်းအဖြစ် ရပ်တည်ခဲ့တယ်။ ဟန်သစ်နဲ့ သရဖူက မော်ဒန်စာပေ အလံကိုင်ပြီး တပ်ဦးကနေ ချီတက်ခဲ့ကြတယ်။ အပျိုမနဲ့ အပျိုစင် မဂ္ဂဇင်းတွေက ခန္ဓာကိုယ် လှပသန်စွမ်းစေတဲ့ အကြောင်းတွေနဲ့ အင်္ကျီချုပ်ပုံချုပ်နည်းတွေ ဖော်ပြပြီး အမျိုးသမီးကြီးငယ်တွေရဲ့ လက်ခံမှုရအောင် ကြံဆောင်ခဲ့ကြတယ်။ ပင်လယ်၊ ဝါနီပြာ၊ ပိတောက်ပွင့်သစ်၊ သာရ၊ စာပေဂျာနယ်စတဲ့ မဂ္ဂဇင်းတွေက စာပေနဲ့ အနုပညာကို ဦးစားပေးခဲ့ကြတယ်။
ရုပ်ရှင်သစ္စာ၊ ရုပ်ရှင်အောင်လံ၊ ရုပ်ရှင်တေးကဗျာ၊ ရွှေအောင်လံ၊ ရုပ်ရှင်အမြုတေ၊ ရွှေအမြုတေ၊ မဟေသီ၊ ရွှေဝတ်မှုံ၊ ချယ်ရီ၊ ရင်ခုန်သံ၊ မြားနတ်မောင်၊ သောကြာ၊ သောင်းပြောင်းထွေလာ၊ ရုပ်ရှင်မျက်မှန်၊ ရင်ခုန်ပွင့်၊ မဟာ၊ ရွက်နုဝေ၊ မြတ်ကြေးမုံ၊ ပုလဲ၊ နဝဒေး၊ အိပ်မက်ဖူး၊ မြဝတီ၊ ငွေတာရီ၊ သွေးသောက်၊ စစ်ပြန်၊ စတိုင်လ်သစ်၊ ပိတောက်မြေစတဲ့ မဂ္ဂဇင်းတွေကတော့ ရုပ်ရှင်နဲ့ စာပေအပြင် အကြောင်းအရာမျိုးစုံကို ဖော်ပြခဲ့ကြပါတယ်။ နက္ခတ္တရောင်ခြည်၊ ဝေဒ၊ ဂမ္ဘီရ၊ ရောင်ပြန်၊ သူရဇ္ဇတွေကတော့ ဗေဒင်၊ ယတြာနဲ့ ဂါထာတွေအကြောင်း ထုတ်ဝေခဲ့ကြတယ်။ မှုခင်းမဂ္ဂဇင်းတွေလည်း ဖောချင်းသောချင်း ထုတ်ခဲ့ကြသေးတာပေါ့။ ရဲမှူးကြီးခင်မောင်ထွန်း (လမ်းမတော်)၊ ကျော်မြသန်း နဲ့ နီလေးမောင်တို့ စီစဉ်တဲ့ မှုခင်းမဂ္ဂဇင်းတွေလည်း စာအုပ်အငှားဆိုင်တွေမှာ တော့ပ်တန်း ဖြစ်ခဲ့ကြပါတယ်။ ပြစ်မှု၊ မှုခင်း၊ ဖြစ်ရပ် မှန်၊ စုံထောက်စတဲ့ နာမည်တွေနဲ့ လစဉ်ထုတ်ဝေခဲ့ကြတယ်။
စာပေစိစစ်ရေးရဲ့ ပိတ်ဆို့ ကန့်သတ်မှုတွေအောက်မှာပဲ မဂ္ဂဇင်းတွေဟာ စာဖတ်ပရိသတ်အတွက် တာဝန်ကျေအောင် ထမ်းဆောင်ခဲ့ကြတယ်။ အထူးသဖြင့် နိုင်ငံရေးအကြောင်းအရာ လုံးဝပုံနှိပ်ဖော်ပြခွင့်မရှိ။ ကျန်တဲ့ပညာရေး၊ စီးပွားရေး၊ လူမှုရေး သတင်းတွေလည်း အဆင့်ဆင့် စိစစ်ဖြတ်တောက်ပြီးပါမှ စာဖတ်ပရိသတ်ထံ ရောက်ကြရတယ်။ အဲဒီခေတ်က နိုင်ငံရေးသမား မဆိုထားနဲ့၊ အစိုးရနဲ့ ပလဲနံပ မသင့်သူဆိုရင် စာအုပ်ထဲမှာ နာမည်တောင် ဖော်ပြခွင့် မရှိဘူး။ ဒါရိုက်တာ ဦးဝင်းဖေ၊ ကဗျာဆရာတင်မိုး၊ အဆိုတော်ဒေါ်မာမာအေး စတဲ့သူတွေရဲ့ ရုပ်ရှင်တွေ ပြသခွင့်မရ၊ ကဗျာတွေပုံနှိပ်ဖော်ပြခွင့်မရ၊ တေးသီချင်းတွေ ထုတ်လွှင့်ခွင့် မရခဲ့တဲ့ ကာလရှည် ရွှေပြည်ကြီးမှာ ရှိခဲ့ဖူးတယ်။ သူတို့တွေရဲ့ နာမည်တွေတောင် ပုဂ္ဂလိက မဂ္ဂဇင်းစာမျက်နှာတွေမှာ ဖော်ပြခွင့် မရခဲ့ကြဘူး။ မဂ္ဂဇင်းစာမျက်နှာထက်ကနေ ဖတ်ခွင့်ရခဲ့တဲ့ စာပေဝေဖန်ရေးဆောင်ပါးတွေကလည်း လွမ်းစရာကောင်းသေးတော့။ စာပေဝေဖန်ရေးတွေက မဂ္ဂဇင်းတွေရဲ့ ပင်တိုင်ကဏ္ဍဖြစ်ခဲ့ပြီး စာပေဝါသနာအိုးတွေ လစဉ် စောင့်ဖတ်ရတဲ့အထိ သြဇာကြီးမားခဲ့တယ်။ စာပေဝေဖန်ရေးတွေထဲမှာပဲ စာအကြောင်းမဝေဖန်ဘဲ ပုဂ္ဂိုလ်ရေးဝေဖန်မှုတွေနဲ့ ပွဲဆူအောင်လုပ်တဲ့ ဝေဖန်ရေးအမည်ခံ ပုဂ္ဂိုလ်ရေးထိုးနှက်ချက်တွေလည်း ရှိခဲ့တာပဲ။ အများစု ဝေဖန်ရေးတွေကတော့ စာပေကိုပဲ ဝေဖန်ခဲ့ကြလို့ စာဖတ်ပရိသတ်အတွက် အကျိုးရှိခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လစဉ်ထုတ်မဂ္ဂဇင်းတွေကြောင့် စာပေဝေဖန်ရေးတွေ အားကောင်းခဲ့တာ သေချာတယ်။ စာပေဝေဖန်ရေးမှာပဲ အုပ်စုနဲ့ ဘုံကလောင်ထားပြီး ဝေဖန်တာ ရှိသလို ဝေဖန်ရေးဆရာတစ်ဦးချင်းက သူ့စိတ်ကြိုက် ဝေဖန်တာတွေလည်းရှိတယ်။ မော်ဒန်စာပေ သမားအချို့ ဆန်တီယာဂို အမည်ခံပြီး ဝေဖန်စာတွေ ရေးခဲ့ကြသလို မန္တလေးဝတ္ထုတိုရွှေခေတ်ဆရာတွေ စုစည်းထားတဲ့ စာအိုးကလောင်ကလည်း စာပေဝေဖန်ရေးမှာ လက်စောင်းထက်ခဲ့ကြတယ်။ တကယ်တော့ သမာသမတ်ရှိတဲ့ ဝေဖန်ရေးဆိုတာ စာပေစောင့်နတ်မင်းကြီးတွေသာ ဖြစ်တယ်။ ဝေဖန်ရေးစာပေကြောင့် စာအုပ်စာပေ ရွေးချယ်ဖတ်ရှုရာမှာ အထောက်အကူပြုတာတွေ ရှိတယ်။ မြန်မာစာပေမှာ ဝေဖန်ရေးစာပေရဲ့ ကျေးဇူးကြီးမားလှတယ်။

ကျွန်တော် အမှတ်ရမိတဲ့ စာပေဝေဖန်ရေးတွေက မောင်စွမ်းရည်ရဲ့ ဗမာစာပေ ဘာလဲ ဘယ်လဲ၊ အောင်သင်းရဲ့ အကြိုက်ဆုံးဝတ္ထု၊ ကျော်စောမင်းရဲ့ ဖတ်ကြည့်၊ ဇန်မြင့်ရဲ့ ရွှေပါးစပ် ငွေပါးစပ်၊ မှိုင်းနွယ်ရဲ့ ရင်ခုန်တောင်ကြားတွေ ဖြစ်တယ်။ မောင်သာနိုး၊ မြင့်သန်း၊ ဇော်ဇော်အောင်၊ မောင်ယော၊ ဖြိုးထိန်၊ ကိုလေးမြတ်၊ အောင်စိုးသူ၊ မောင်ခိုင်လတ်၊ အောင်ဝေး၊ ရှားပန်း၊ လေးကိုတင်၊ စိုးမြင့်သိန်း စတဲ့ ဝေဖန်ရေးဆရာတွေကလည်း အလျဉ်းသင့်သလို ရေးခဲ့သားခဲ့ကြတယ်။
ကျွန်တော် အမှတ်ရနေတဲ့ မဂ္ဂဇင်းတွေလည်းရှိတယ်။ မြားနတ်မောင်၊ အတွေးအမြင်နဲ့ သင့်ဘဝမဂ္ဂဇင်းတွေပါပဲ။ မြားနတ်မောင်က သုတ၊ ရသစုံအောင် ထည့်နိုင်လို့ သဘောကျတယ်။ အတွေးအမြင်ကတော့ အပြင်အဆင် ရိုးရိုးရှင်းရှင်းနဲ့ စာဖတ်ပရိသတ်ကို တန်အောင်ပေးတယ်။ သင့်ဘဝရဲ့ မျက်နှာဖုံးဆောင်းပါးတွေကလည်း စိစစ်ရေးတင်းကျပ်မှုအောက်ကနေ စာဖတ်ပရိသတ်အတွက် တာဝန်ကျေအောင် ဆောင်ရွက်နိုင်ခဲ့တယ်။ အထူးသဖြင့် တင်မောင်သန်းနဲ့ မောင်သစ်ဆင်းရဲ့ ကာဗာစတိုရီတွေက သူ့ခေတ်သူ့အခါမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြသူတွေဖြစ်တယ်။ မြန်မာတို့ရဲ့ အလှ၊ ကျောင်းကောင်း၊ ပညာရဲ့ သဘော၊ မူကြိုကလေးရဲ့ ပညာရေး၊ နတ်ဘုရားမောင်ဖိုးတင်၊ ကြောက်စိတ်၊ မုသား၊ မြန်မာတွေပျင်းသလား၊ ခိုးမှုအသင်ကင်းရဲ့လား၊ ဆ…ဆရာ၊ ကလေးတို့ရဲ့ မနက်ဖြန်၊ သခင်စိတ်ဓာတ် သခင်အကျင့်၊ အံသွားနှစ်ချောင်းရဲ့ အတ္ထုပ္ပတ္တိ၊ သူတို့ဆီက အချိန်ဓလေ့၊ အတွင်းမှအပြင်သို့ စတဲ့ မျက်နှာဖုံးဆောင်းပါးတွေနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို လှုပ်နှိုးဖို့ ကြိုးစားခဲ့ကြတယ်။
မြဝတီနဲ့ ငွေတာရီက လစဉ် ဓာတ်ပုံပြိုင်ပွဲကဏ္ဍ ထည့်သွင်းပြီး ပရိသတ်ရဖို့ ကြိုးစားခဲ့သေးတယ်။ မြဝတီမဂ္ဂဇင်းရဲ့ တစ်ခုသောလမှာ ကျွန်တော့ကြီးတော်ကြီးရဲ့ ဓာတ်ပုံ ပါခဲ့ဖူးတယ်။ ကြီးတော်ကြီးက စက်ရုံအလုပ်သမတစ်ဦးဖြစ်ပြီး စံပြလုပ်သားဆုအတွက် ခရီးထွက်ခွာနီးမှာ အဘွားအိုတစ်ယောက်က ကြီးတော်ကြီးရဲ့ ရင်ဘတ်မှာ တွယ်ထားတဲ့ စံပြလုပ်သားဆုတံဆိပ်ကို ကိုင်ကြည့်နေတဲ့ပုံပါ။
မဂ္ဂဇင်းတွေမှာ ပင်တိုင်ကဏ္ဍတွေ ပါလေ့ရှိပြီး ပရိသတ်ကိုလည်း အသေအချာ ဖမ်းစားနိုင်ခဲ့ကြတယ်။ သောင်းပြောင်းထွေလာ ရယ်စရာမှာပါခဲ့တဲ့ နန္ဒာစိုး(ဆင်ဖြူကျွန်း)ရဲ့ ဂွစာရဲ့ တစ်လစာမှတ်တမ်း၊ ရွှေအမြုတေရဲ့ ပဟေဠိ၊ မဟေသီက ကြည်လင်အေး ရဲ့ ကျွန်တော်တို့ဝန်းကျင်၊ ရနံ့သစ်က သင့်နော်ရဲ့ စာအုပ်စစ်တမ်း၊ သပြေက ဦးသပြေရဲ့ အမေးအဖြေ၊ ကြီးပွားရေးက ကိုကိုကြီးကျယ်ရဲ့ သင်ပုန်းကြီးဖတ်စာ၊ ချယ်ရီက နတ်နွယ်ရဲ့ တောအကြောင်း တောင်အကြောင်း၊ သင့်ဘဝက လူထုစိန်ဝင်းရဲ့ သတင်းစာပညာ သောင်းပြောင်းထွေလာ၊ အတွေးအမြင်က မောင်ဝံသရဲ့ ဝေါမြို့က မိဝိုင်းသို့၊ ကြော်ငြာနဲ့ ဈေးဝယ်လမ်းညွှန်က ကိုထွန်း (လမ်း ၈၀)ရဲ့ မန္တလေးအတွေး မန္တလေးအရေး၊ မြန်မာ့ဓနက သံဝရရဲ့ အညာစာလွှာတွေဟာ ပင်တိုင်ကဏ္ဍတွေ ဖြစ်ကြတယ်။ ပင်တိုင်ကဏ္ဍမှာပါခဲ့တဲ့ စာအချို့က နောင်တစ်ချိန်မှာ စာအုပ်အဖြစ်ပြန်ထွက်ကြတာလည်းရှိတယ်။ မဂ္ဂဇင်းတွေအနေ နဲ့ ပင်တိုင်ကဏ္ဍ ပေးရတာ စွန့်စားခန်းဝင်ရတာပါပဲ။ ပင်တိုင်ဖြစ်လို့ အချိန်မီ စာမူရောက်ဖို့ အယ်ဒီတာတွေမှာ စိတ်မောရတဲ့အပြင် စာဖတ်ပရိသတ်တွေ အီလာမှာလည်း စိုးရိမ်ကြရတယ်။ ကျွန်တော်ကတော့ ကိုယ်နဲ့ ခေတ်ပြိုင် မဂ္ဂဇင်းအဟောင်းတွေကို ညဈေးကဖြစ်စေ၊ စာအုပ်အဟောင်းဆိုင်က တွေ့ရင်ဖြစ်စေ တခုတ်တရ ဝယ်ဖတ်တုန်းပဲ။ အရင်လို အပြည့်အဝ အရသာရှိချင်မှရှိမှာ ဖြစ်ပေမယ့် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အရသာရှိနေဆဲ။ ခေတ်ပြိုင်မဂ္ဂဇင်းအဟောင်းတွေက အကြောင်းကြောင်းကြောင့် ကွဲကွာသွားတဲ့ ငယ်ချစ် (အပျိုကြီး)နဲ့ တူတယ်။ လမ်းမှာတွေ့ရင် သူကရယ်ကာမောကာ နှုတ်ဆက်ရင် ကိုယ်လည်း ရယ်ကာမောကာ ရောယောင် ပြန်နှုတ်ဆက်နိုင်ပေမယ့် ကျောခိုင်းလိုက်တဲ့အခါ မအီလည်တဲ့ခံစားမှုမျိုး အခုထိ ပေးနိုင်စွမ်းရှိတယ်။ ဒါကြောင့်လည်း ခေတ်ပြိုင်မဂ္ဂဇင်းအဟောင်းတွေတွေ့တိုင်း အခုထိကျွန်တော် အမှတ်တရ ဝယ်သိမ်း ဖြစ်နေတယ်။ မိတ်ဆွေတို့ရော ခင်ဗျားတို့နဲ့ခေတ်ပြိုင် မဂ္ဂဇင်းအဟောင်းတွေကို တစ်နေရာမှာ တွေ့ဖြစ်ရင် ဘယ်လိုခံစားမှုမျိုး ရကြသလဲ။ အခြေအနေပေးတဲ့တစ်နေ့ မဂ္ဂဇင်းဟောင်းတွေအကြောင်း ရယ်ကာမောကာ ပြောကြရအောင်။ ခင်ဗျားတို့ပြောမယ့် ငယ်ချစ်ဦး (အပျိုကြီး) အကြောင်းတွေ သိချင်စမ်းပါဘိ။
#forgotten #70

