မော်ကွန်း။ ။ NUG နဲ့ပတ်သတ်လို့ ဘယ်လိုသတ်မှတ်ထားလဲ။ တော်လှန်ရေးအစိုးရတစ်ခုအနေနဲ့ သတ်မှတ် ထားလား။ ဘာဖြစ်လို့လဲဆိုတော့ တော်လှန်ရေးကာလထဲမှာ သူနဲ့ပတ်သတ်နေတဲ့အမြင်တွေ အများကြီးရှိတယ်။ Mandate ပေါ့။ သူယူလာတဲ့ Mandate က ၂၀၂၀ ရွေးကောက်ပွဲဖြစ်နေတာမျိုးပေါ့။ ပြီးတော့ ဒီတော်လှန်ရေးမှာ သူကသာ ဗဟိုပုံစံလိုမျိုး ဒါမျိုးတွေအမျိုးမျိုးရှိတာပေါ့။
သီရိမွန်ချမ်း။ ။ တော်လှန်ရေးကာလအတွင်းမှာ ပေါ်ပေါက်လာတဲ့အစိုးရကို တော်လှန်ရေးအစိုးရအနေနဲ့ ကျွန်တော်တို့ အသိအမှတ်ပြုတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ မွန်ပြည်ဖက်ဒရယ်ကောင်စီကလည်း ကိုယ်စားလှယ်တွေလွှတ်ထား တာရှိတယ်။ မွန်ပြည်ဖက်ဒရယ်ကောင်စီမဖွဲ့ခင်အတည်းက MSICC (မွန်ပြည် ကြားကာလ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ) ဖွဲ့ထားပြီးတော့ အခု ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်၊ မွန်ပြည်ဖက်ဒရယ်ကောင်စီကပို့ထားတဲ့ ဘဏ္ဏာရေး ဒုဝန်ကြီး မင်းဇေယျာဦးလည်းရှိတယ်။ နောက်ပြီးတော့ အလုပ်သမားရေးရာဝန်ကြီးပေါ့။ ကျွန်တော်တို့ အချိတ်အဆက်ရှိနေပါတယ်။
သို့သော်ငြားလည်း NUG အစိုးရရဲ့ အားသာချက်၊ အားနည်းချက်တို့ ရှိတာပေါ့။ ကျွန်တော်တို့လည်း အားနည်းချက်တွေကို တစ်ခါတစ်လေတော့ ထောက်ပြတာရှိတယ်။ စစ်ရေးဆိုင်ရာစီမံခန့်ခွဲမှုပေါ့၊ တော်လှန်ရေးအစိုးရအနေနဲ့ ကျွန်တော်တို့ အမြင်ပေါ့၊ တစ်နိုင်ငံလုံးကို ခြုံပြီးတော့ စစ်ရေးလုပ်ရှားမှုက နိုင်ငံရေးအရလိုတယ်။ ဟိုတစ်ကွက် ဒီတစ်ကွက် ဥပမာ- မကွေး၊ စစ်ကိုင်းမှာပဲဖြစ်ဖြစ်၊ တခြားမှာပဲဖြစ်ဖြစ် စစ်ရေးဖော်ဆောင်မယ်၊ စစ်ဒေသတစ်ခုကို ဦးတည်ပြီးလုပ်မယ့်အစား တစ်နိုင်ငံလုံးအနှံ့ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ ခါကာဘိုရာဇီတောင်ထိပ်ကနေ ဟိုးကျွန်းထဲကလူအထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှု တပြေးတည်းလုပ်နိုင်မှ ရည်ရွယ်ထားတဲ့ အောင်မြင်မှုရနိုင်မယ်။
အခု အဲဒီလိုမျိုးမလုပ်နိုင်တဲ့အတွက်ကြောင့် မြောက်ပိုင်းမှာအပစ်ခတ်ရပ်စဲရေးလုပ်နိုင်ခဲ့တဲ့တခြားတပ်တွေကြောင့် ကျွန်တော်တို့ မွန်ပြည်နယ်မှာလည်း (စကစ) စစ်အင်အားတိုးချဲ့လာတာရှိတယ်။ အရင်တုန်းက မြောက်ပိုင်းမှာ စစ်ရေး လှုပ်ရှားမှုတွေလုပ်နေတဲ့အချိန် တောင်ဘက်ပိုင်းမှာလည်း အဲဒီလိုမျိုး အချိတ်အဆက်ညီညီ၊ ဟန်ချက်ညီညီလုပ်နိုင်ခဲ့ရင် အခြေအနေတစ်မျိုးဖြစ်လာခဲ့မယ်။
မြန်မာပြည်စစ်မြေပြင်တစ်ခုလုံးကို အဲဒီလိုမျိုးအချိတ်ဆက်ညီညီမလုပ်နိုင်ဘူးဆိုတော့ စကစက သူ့ရဲ့အသက်ရှူပေါက်အရ ပြည်နယ်တစ်ခုမှာ၊ တိုင်းတစ်ခုမှာ၊ ခြေကုပ်ယူပြီးတော့ ပြန်တိုက်နိုင်တဲ့သဘောမျိုးရှိတယ်။ ဒါကြောင့်ပဲ အဲဒီအပေါ်မှာကျတော့ စစ်ရေးမဟာဗျူဟာပေါ့၊ နိုင်ငံတစ်ခုလုံးနဲ့ဆိုင်တဲ့ စစ်ရေးအမြင်တွေ မြှင့်တင်ဖို့လိုတဲ့အတွက်ကြောင့် ထောက်ပြထားတာရှိတယ်။ ခြုံပြီးပြောရရင်တော့ အစိုးရတစ်ရပ်အနေနဲ့ (NUG)ကို လက်ခံတယ်။ အားနည်းချက်ကို အားသာချက်ဖြစ်အောင် ထောက်ပြပြီးတော့၊ လက်တွဲပြီးတော့ ပြုပြင်ဖို့လည်း ကျွန်တော်တို့ကြိုးစားနေပါတယ်။
မော်ကွန်း။ ။စစ်ကောင်စီရွေးကောက်ပွဲကို ဘယ်လိုမြင်လဲ။
သီရိမွန်ချမ်း။ ။ စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကို ရင်ဆိုင်နေရတဲ့နိုင်ငံရေးအကျပ်အတည်းကနေ ထွက်နိုင်ဖို့ အသက်ရှုပေါက်အနေနဲ့သုံးဖို့ ဖြစ်တယ်။ နိုင်ငံရေးထွက်ပေါက်ပေါ့။ အခုအချိန်မှာတွေ့ကြုံနေရတဲ့ နိုင်ငံရေး၊ စစ်ရေးရှုံးနိမ့်မှုအပေါ်မှာ အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့ လုပ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့ တစ်နိုင်ငံလုံးအနှံ့ တိုင်းနဲ့ပြည်နယ်မှာလှုပ်ရှားနေကြတဲ့ လက်နက်ကိုင်တပ်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ အားလုံးဆန့်ကျင်ဖို့လိုတယ်။
ကျွန်တော်တို့အတွေ့အကြုံအရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲမှာကျတော့ နိုင်ငံရေးအဖွဲ့အစည်း အတော်များများက ဆန့်ကျင်ကြတယ်။ ဒီအခြေခံဥပဒေက စစ်တပ်အကြိုက်ရေးထားတဲ့ ဖွဲ့စည်းပုံဖြစ်တဲ့အတွက်ကြောင့် အတည်မပြုကြဖို့၊ ဆန့်ကျင်ကြဖို့ကြိုးစားခဲ့တယ်။ သို့သော်ငြားလဲ စစ်ရေးအရ ဆန့်ကျင်တိုက်ခိုက်မှုတွေမလုပ်နိုင်ခဲ့ဘူး။ အဲ့ဒီအတွက်ကြောင့် ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့တယ်။
၂၀၁၀ ရွေးကောက်ပွဲလည်း ဒီတိုင်းပဲ။ ၂၀၀၈ အခြေခံဥပဒေအပေါ် အခြေခံပြီးတော့ ဒီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ကျွန်တော်တို့အပါအဝင် ဆန့်ကျင်ကြတယ်။ ဒါပေမဲ့ ပြည်သူ့လှုပ်ရှားမှု၊ နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုတွေ ဘာမှမလုပ်နိုင်တဲ့ အတွက်ကြောင့် အဲ့ဒီ ၂၀၁၀ ရွေးကောက်ပွဲလည်း ဖြစ်ပေါ်လာခဲ့တယ်။
အဲဒီသင်ခန်းစာကိုယူပြီးတော့ အခု ၂၀၂၅ မှာကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံရေးအရ၊ သံတမန်ရေးအရ ပြည်သူ့လှုပ်ရှားမှုအရအပြင် စစ်ရေးအရပါ ကျွန်တော်တို့တိုက်ဖျက်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ အောက်မှာ စကစအတုအယောင်ရွေးကောက်ပွဲတိုက်ဖျက်ရေးကော်မတီကို ဖွဲ့စည်းလာခဲ့တယ်။ ရပ်တည်ချက်က ခုနကပြောထားသလို ရွေးကောက်ပွဲကစကစရဲ့ထွက်ပေါက်။ တစ်တိုင်းပြည်လုံးမှာရှိနေကြတဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ ဒီမိုကရေစီရေး၊ အမျိုးသားရေးအတွက် အကျိုးမဖြစ်ဘူးဆိုတော့ ဒီရွေးကောက်ပွဲမဖြစ်အောင်၊ စကစမှာကျန်နေတဲ့ အသက်ရှူပေါက်ကို ပိတ်နိုင်အောင်၊ ပြတ်ပြတ်သားသားဆန့်ကျင်ကြဖို့ စီမံချက်ချထားတယ်။
မော်ကွန်း။ ။ အဲဒီအစီစဥ်တွေကဘယ်လိုမျိုးလဲ။ ၂၀၂၅ လည်း ရောက်လာပြီဆိုတော့ လာမယ့် လပိုင်းဆို မြင်ရတော့ မှာပေါ့။ အရှေ့မှာ သန်းခေါင်စာရင်းနဲ့ပတ်သတ်လို့ အများကြီးလုပ်ထားပြီးပြီဆိုတော့၊ မွန်ပြည်နယ်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ဖို့ဆိုရင် ဘယ်လိုအစီစဥ်မျိုးတွေ ပါဝင်မလဲ။
သီရိမွန်ချမ်း။ ။ကျွန်တော်တို့စီမံချက်ချထားတာက လုပ်ငန်းစဥ်သုံးရပ်ပေါ့။ ပထမလုပ်ငန်းစဥ်က မွန်ပြည်နယ်မှာရှိတဲ့ မွန်ပြည်သူ ပြည်သားတွေကို အတုအယောင်ရွေးကောက်ပွဲဆိုင်ရာ အသိပေးလုပ်ရှားမှုတွေ လုပ်မယ်။ နောက်တစ်ခုကျတော့ သံတမန်ရေးရာပေါ့။ သံတမန်တွေနဲ့လည်း နိုင်ငံရေးအရ စကစကပြုလုပ်မယ့်ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ အကူအညီမပေးဖို့အတွက် ကျွန်တော်တို့လုပ်မယ်။ နောက်ဆုံးတစ်ဆင့် အရေးကြီးတဲ့အဆင့်ကျတော့ ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာ နိုင်ငံရေးပါတီဝင်ဖို့လှုပ်ရှားလာရင်တော့ ကျွန်တော်တို့ စစ်ရေးအရ နောက်ဆုံးအရေးယူဖို့၊ လှုပ်ရှားဖို့၊ အဲ့လိုမျိုးစီမံချက်ချထားတာရှိတယ်။ ဒါပေမဲ့ စစ်ရေးလှုပ်ရှားမှုကျတော့ မဖြစ်မနေ အခြေအနေမျိုးရောက်လာမှသာ စစ်ရေးနဲ့ပြတ်ပြတ်သားသားအရေးယူလှုပ်ရှားဖို့ ချမှတ်ထားတာရှိတယ်။
မော်ကွန်း။ ။စစ်ကောင်စီရဲ့ အစိုးရယန္တယားမှာ ရွေးကောက်ပွဲဖြစ်မြောက်အောင်ပါဝင်မယ့် အရပ်ဘက် ဝန်ထမ်းတွေရှိတယ်။ သူတို့ရဲ့အုပ်ချုပ်ရေးယန္တယားမှာရှိတဲ့ ရပ်ကျေးတို့၊ ရဲတို့ကျတော့ရော ဘာတွေဆက်လုပ်မလဲ။
သီရိမွန်ချမ်း။ ။စကစရည်းမှန်းထားတာက အဓိကမြို့နယ် သုံးမြို့နယ်ပေါ့။ မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ အပေါင်မြို့နယ်။ ကျွန်တော်တို့ လက်နက်ကိုင်တပ်ဖွဲ့ လှုပ်ရှားမှုနည်းတဲ့နေရာတွေပေါ့။ အဲ့ဒီနေရာမှာကျတော့ အုပ်ချုပ်ရေးမှူးတို့ အခြားမြို့ပေါ်မှာရှိတဲ့ အစိုးရဝန်ထမ်းတွေရဲ့အကူအညီနဲ့ သူတို့လုပ်ဖို့စီစဥ်နေတယ်။ ကျွန်တော်တို့ရဲ့ ပစ်မှတ်ကျတော့ အဲဒီအုပ်ချုပ်ရေးမှူးတွေ။ နိုင်ငံရေးသဘောအရပေါ့၊ ကျွန်တော်တို့ တိုက်တွန်းမှုတွေ၊ သတိပေးမှုတွေလုပ်မယ်။ တကယ်လို့ နီးလာတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့တိုက်တွန်းမှုအပေါ်မှာ မလိုက်နာဘူးဆိုလို့ရှိရင် ခုနက စစ်ရေးဆိုင်ရာလှုပ်ရှားမှုပေါ့။ စစ်ရေးလှုပ်ရှားမှုကျတော့ အားလုံးပြောလို့မရဘူး။ အရေးယူသင့်သလောက်တော့ ကျွန်တော်တို့အရေးယူရမယ်။
မော်ကွန်း။ ။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာပါမယ့် အရပ်ဘက်ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ ကော်မတီရဲ့ပေါ်လစီပေါ့၊ အရပ်သားဖြစ်နေတဲ့အတွက် သူတို့ကိုဘယ်လောက်ထိအရေးယူမလဲ။
သီရိမွန်ချမ်း။ ။ ကျွန်တော်တို့လည်း တော်တော်လေးစဥ်းစားထားတယ်။ ကျွန်တော်တို့ မွန်ပြည်သူပြည်သားတွေရဲ့ ဆန္ဒလည်းရှိတယ်။ သို့သော်ငြားလည်း ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်က စကစရပ်တည်လို့မရအောင်ဆိုတဲ့ ရည်ရွယ်ချက်ပဲ။ တကယ်လို့ကျွန်တော်တို့ နိုင်ငံရေးအရ သတိပေးမှုတွေ၊ တိုက်တွန်းမှုတွေ၊ နောက်ပြီးတော့ နှိုးဆော်မှုတွေကို မလိုက်နာခဲ့ဘူးဆိုရင်တော့ စကစကို အကူအညီပေးနေတဲ့ ပြည်သူတွေလို့ပဲပြောပြော၊ ဒါကတော့ စကစရဲ့လက်ကိုင်တုတ်အနေနဲ့ စကစအာဏာဆက်တည်မြဲနိုင်ဖို့အတွက် လက်ကိုင်တုတ်ဆိုတဲ့အဖြစ်နဲ့ ပြတ်ပြတ်သားသားအရေးယူဖို့လိုမယ်။ ဒါကြောင့်ပဲ စစ်ရေးအရ ကျွန်တော်တို့ပြတ်ပြတ်သားသားလုပ်မယ်။
မော်ကွန်း။ ။ မွန်ပြည်သစ်ဗဟိုမဟုတ်တဲ့ အခုလို မွန်တော်လှန်ရေးတပ်ဖွဲ့တွေပေါ် မွန်လူထုရဲ့ အားပေးထောက်ခံမှု အခြေအနေက ဘယ်လောက်လောက်ရှိလဲ။
သီရိမွန်ချမ်း။ ။ အခုချိန်မှာ ပြည်တွင်းပြည်ပ မွန်လူထုတွေရဲ့အားပေးထောက်ခံမှုက တော်တော်လေး အားကောင်းတယ် လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ မွန်ပြည်နယ်မှာကျတော့ ကျွန်တော်တို့ လက်နက်ကိုင်တပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှု မလုပ်တာတောင်မှ စစ်မီးကနေမရှောင်ဖယ်နိုင်ဘူး။ မွန်ပြည်သူပြည်သားတစ်ရပ်လုံးက အားလုံးနားလည်လာတဲ့အတွက်ကြောင့် ၂၀၂၃ ခုနှစ်ကတည်းက မွန်လက်နက်ကိုင်တော်လှန်ရေးအပေါ်မှာ အားပေးမှုတော်တော်လေးကောင်းလာခဲ့တယ်။ သူတို့ရဲ့ တောင်းဆိုချက်၊ တိုက်တွန်းချက်ကတစ်ခုပဲရှိတယ်။ လက်နက်ကိုင်တပ်တွေ ညီညွှတ်မှုကို လုပ်ကြပါလို့။
မော်ကွန်း။ ။ တကယ်လို့ မွန်ပြည်သစ်ပါတီအနေနဲ့ တော်လှန်ရေးမှာ စစ်ကောင်စီနဲ့ ဒီလိုပဲ ဆက်သွားနေဦးမယ်ဆိုလို့ရှိရင် တဖြည်းဖြည်းနဲ့ ဘာဖြစ်လာနိုင်မလဲ။
သီရိမွန်ချမ်း။ ။ တကယ်လို့ မွန်ပြည်သစ်ပါတီအနေနဲ့ သူတို့ရပ်တည်နေတဲ့၊ လျှောက်လှမ်းနေတဲ့လမ်းစဥ်ကို အပြောင်းအလဲမလုပ်ဘူးဆိုလို့ရှိရင် ရခိုင်ပြည်နယ်မှာ အရင်တုန်းကရှိလာခဲ့တဲ့ ALP ပါတီ (ယခုစောမြရာဇာလင်းအဖွဲ့) လို သူတို့ရဲ့ နိုင်ငံရေးရပ်တည်ချက်၊ လှုပ်ရှားချက်တွေကြောင့် လုံးပါးပါးသွားမယ်။ ပြည်သူပြည်သားတွေကျတော့ တကယ်တမ်း စစ်ကောင်စီကိုပဲပြောပြော၊ အာဏာရှင်အစိုးရကိုပဲပြောပြော၊ တကယ်တမ်းတိုက်တဲ့တပ်ကိုပဲ အားပေးချင်ကြတယ်။ ကျွန်တော်တို့မွန်ပြည်နယ်မှာလည်းဒီအတိုင်းပဲပေါ့။ တော်လှန်ရေးက ၂၀၂၁ ခုနှစ်နဲ့ ဒီဘက်နှစ် ၂၀၂၃၊ ၂၀၂၅ တွေမှာ မွန်ပြည်သူပြည်သားတွေရဲ့အားပေးမှု၊ ထောက်ခံမှုတော်တော်လေးကွာသွားတယ်။ တချို့ကကျတော့ မွန်ပြည်သစ်ပါတီ(ဗဟို)ကို ဖိအားပေးကြတယ်။ အကယ်လို့ အပြောင်းအလဲမရှိဘူး၊ ဒီတိုင်းပဲ လုပ်နေမြဲဆိုတဲ့သဘောမျိုးဆိုရင်တော့ ALP လိုမျိုး လုံးပါးပါးသွားနိုင်တယ်။ အခုလိုမျိုးမှာဆိုရင်လည်း တစ်ခုခုလုပ်ဖို့အချိန်ရှိ နေသေးတယ်။
မော်ကွန်း။ ။ မွန်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အခုလုပ်နေတဲ့တော်လှန်ရေးရော၊ အနာဂတ်မှာ သွားချင်တဲ့ ကိုယ့်လူမျိုးစုအတွက်ပဲဖြစ်ဖြစ်ပေါ့၊ မွန်ပြည်သူတွေကို အာမခံလို့ရတဲ့အာမခံချက် ပြည်သူလူထုကို ဘာပြောချင်လဲ။
သီရိမွန်ချမ်း။ ။ မွန်ပြည်နယ်မှာလှုပ်ရှားနေကြတဲ့ မွန်တော်လှန်ရေးတပ်တွေအားလုံးရဲ့ရည်မှန်းချက်က ဒီမိုကရေစီရရှိရေး၊ နွေဦးတော်လှန်ရေးအောင်မြင်ဖို့၊ ရေရှည်ရည်မှန်းချက်ဖြစ်တဲ့ မိမိတို့လူမျိုးစုတွေရဲ့ရပိုင်ခွင့်၊ အချုပ်အခြာအာဏာပြည့်ဝတဲ့ မွန်ပြည်နယ်တည်ထောင်နိုင်ဖို့။ အဲဒီရည်မှန်းချက်တွေရနိုင်ဖို့က လက်နက်ကိုင်တော်လှန်ရေးနဲ့ မသွားဘဲနဲ့ ဘယ်လိုမှရနိုင်မှာမဟုတ်ဘူး။ ဗမာပြည်ရဲ့နိုင်ငံရေး၊ စစ်ရေးသမိုင်းကိုသုံးသပ်ရရင် ၁၉၄၈ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်း ၁၉၆၂ တော်လှန်ရေးအစိုးရ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးအစိုးရခေတ်မှာပဲပြောပြော၊ အဲဒီနောက်ပိုင်းမှာတက်လာခဲ့တဲ့ နဝတ-နအဖဖြစ်ဖြစ် နိုင်ငံရေးကို နိုင်ငံရေးနဲ့ဆွေးနွေးဖို့၊ ဖြေရှင်းဖို့၊ တိုင်းရင်းသားအရေးကို နိုင်ငံရေးနဲ့ဆွေးနွေးဖို့ တိုက်တွန်းလာခဲ့ကြတယ်။ ကြိုးစားလာခဲ့တယ်။ ဘာမှမအောင်မြင်ခဲ့ဘူး။
ဒါကြောင့်ပဲ ကျွန်တော်တို့ရဲ့ယုံကြည်ချက်က စစ်အာဏာရှင်စနစ်ကို အစပျိုးလာခဲ့တဲ့ တပ်မတော်ရှိနေသရွေ့ကာလပတ်လုံး ကျွန်တော်တို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ အမျိုးသားရေးဆိုင်ရာ အခွင့်အရေးတွေ၊ ဒီမိုကရေစီအခွင့်အရေးတွေကို မရနိုင်ဘူး။ ဒါကြောင့်ပဲ ကျွန်တော်တို့ မွန်ပြည်သူပြည်သားတွေကို ကျွန်တော်တို့ အာမခံချက်တစ်ခုပေးချင်တာက ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံးက စစ်ရေးဆိုင်ရာရည်မှန်းချက်နဲ့ ကျွန်တော်တို့ မွန်ပြည်သူပြည်သားတွေလိုလားတဲ့ အမျိုးသားအခွင့်အရေးတို့၊ နောက်ပြီးတော့ ပြည်သူပြည်သားတွေလိုလားတဲ့ ဒီမိုကရေစီ အခွင့်အရေးကိုရအောင် ကျွန်တော်တို့တိုက်ပေးမယ်။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြုတ်အောင်၊ စစ်အာဏာရှင်စနစ်ကို အစပျိုးလာခဲ့တဲ့ စစ်တပ်ကို အင်အားမရှိအောင်၊ ပျက်သုဉ်းသွားအောင်၊ တိုက်ထုတ်ပေးမယ်လို့ အာမခံချက်ပေးချင်တာပေါ့။
မော်ကွန်း။ ။ ကေအဲန်ယူနဲ့ မွန်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဆက်ဆံရေးက ဘယ်လိုရှိလဲ။ ကေအဲန်ယူအနေနဲ့ မွန်တော်လှန်ရေးတပ်ဖွဲ့ကို ဘာကူညီလဲ။
သီရိမွန်ချမ်း။ ။ ကျွန်တော်တို့ ၁၉၄၈ ကတည်းက KNDO၊ MNDO ဆိုပြီးတော့ အဲဒီလိုမျိုးစစ်ရေးဆိုင်ရာ မဟာမိတ်တွေ ဖွဲ့စည်းလာခဲ့တယ်။ ဒီနောက်ပိုင်း မွန်ပြည်သူ့တပ်ဦးလက်နက်ချပြီးတဲ့နောက်ပိုင်း၊ မွန်ပြည်သစ်ပါတီ ပေါ်လာတဲ့ အချိန်မှာကျတော့လည်း ကေအဲန်ယူရဲ့အကူအညီနဲ့ အထူးသဖြင့် လှုပ်ရှားတဲ့နယ်မြေမှာကျတော့ စစ်ရေးဆိုင်ရာ မဟာမိတ်တွေ၊ နိုင်ငံရေးဆိုင်ရာမဟာမိတ်တွေဖွဲ့စည်းခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုံရန်သူကိုတိုက်ခိုက်တဲ့ နေရာမှာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးစုစည်းဖွဲ့စည်းနိုင်မှသာ တိုက်ခိုက်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် မဖြစ်မနေ ခိုင်မာတဲ့မဟာမိတ်ဖြစ်အောင် ကျွန်တော်တို့ကြိုးစားတယ်။ အခုအချိန်မှာလည်း ကျစ်လစ်ခိုင်မာတဲ့မဟာမိတ်အနေနဲ့လည်း ရပ်တည်နေပါတယ်။
မော်ကွန်း။ ။ မွန်နဲ့ ကရင်ကြားမှာ အရှေ့မှာလည်းနယ်မြေဆိုင်ရာ အငြင်းပွားမှုတွေရှိခဲ့တယ်ပေါ့။ တကယ်လို့ တော်လှန်ရေးကာလမှာ လုပ်ရင်းကိုင်ရင်းနဲ့ ဒီလိုမျိုးတွေရှိလာခဲ့တယ်ဆိုရင် ဘယ်လိုမျိုးလုပ်သွားဖို့ရှိလဲ။
သီရိမွန်ချမ်း။ ။ နယ်မြေကလည်းထိစပ်နေတယ်။ တချို့နေရာမှာကျတော့ ထပ်တူဖြစ်နေတယ်။ တစ်ခါတစ်လေကျတော့ ပွတ်တိုက်မှုတွေဖြစ်လာခဲ့တယ်။ အဲဒီလိုမျိုး ပွတ်တိုက်မှုဖြစ်တဲ့အချိန်တိုင်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုနဲ့ ထိပ်သီးခေါင်းဆောင်တွေဆွေးနွေးလာခဲ့တယ်။ ၁၉၈၈ မှာကျတော့ တစ်နိုင်ငံလုံးမှာ ဆန္ဒပြမှုတွေလုပ်ခဲ့တယ်။ ဘုရားသုံးဆူမှာကျတော့ မွန်နဲ့ကေအဲန်ယူရဲ့နယ်မြေအရ လက်နက်ကိုင်ပြသနာတွေ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ လက်နက်ကိုင်ပြဿနာကို စစ်ရေးနဲ့ တစ်ဘက်နဲ့တစ်ဘက်အနိုင်မယူခဲ့ဘူး။ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံပြီးတော့ ဆွေးနွေးခဲ့ကြတယ်။ ဒါကြောင့်ပဲ နောင်တစ်ချိန်မှာ တစ်ကယ်လို့ဖြစ်လာခဲ့ရင် ကျွန်တော်တို့ရဲ့ရည်မှန်းချက်၊ ရပ်တည်ချက်ကို တွေ့ဆုံဆွေးနွေးမှုနဲ့ ကျွန်တော်တို့ဖြေရှင်းနိုင်ရင်တော့ သိပ်ပြဿနာမရှိဘူး။ တကယ်လို့ နယ်မြေဆိုင်ရာ ဥပမာ ဖက်ဒရယ်နိုင်ငံဖြစ်လာတဲ့အချိန်ကျရင် ဖြေရှင်းဖို့လွယ်ကူလာမယ်။ မွန်ပြည်နယ်မှာရှိတဲ့ မွန်ပြည်သူပြည်သားတွေရဲ့ ဆန္ဒအရတွေ့ဆုံဆွေးနွေးမှုအရ အဖြေရှာမှသာရမှာ။
မော်ကွန်း။ ။ မွန်တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ဘယ်လောက်အဆုံးထိသွားမလဲ။ ဆိုလိုချင်တာက ဘယ်အထိ ဘယ်အချိန်ရောက်ရင် ရပ်တန့်မလဲ။
သီရိမွန်ချမ်း။ ။နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့ PDF တွေရဲ့ ရည်မှန်းချက်က နွေဦးတော်လှန်ရေးအတွက်ပဲ။ နွေဦးတော်လှန်ရေးပြီးဆုံးသွားရင်၊ ဒီမိုကရေစီအစိုးရပေါ်ပေါက်လာခဲ့ရင် သူတို့အနေနဲ့ အနားယူချင်ယူမယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ရေတိုရည်မှန်းချက်အနေနဲ့ နွေဦးတော်လှန်ရေး အောင်မြင်အောင် ကျွန်တော်တို့တိုက်မယ်။ ၁၉၄၈ ကတည်းက စတင်လာခဲ့တဲ့ အမျိုးသားတော်လှန်ရေး၊ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကျွန်တော်တို့ကိုယ်တိုင်စီမံခန့်ခွဲနိုင်တဲ့ အခွင့်အရေးတွေကို အာမခံချက်မပေးမချင်း ကျွန်တော်တို့ မွန်လက်နက်ကိုင်တပ်ရှိနေမယ်။ ရှိလည်းရှိသင့်တယ်။
မော်ကွန်း ။ ။ ဖြည့်စွက်ပြောစရာရှိရင်ပြောလို့ရပါတယ်။
သီရိမွန်ချမ်း။ ။ မွန်ပြည်နယ်မှာလှုပ်ရှားတဲ့ လက်နက်ကိုင်တပ်တွေဆိုတော့ မွန်ပြည်သူပြည်သားတွေကို တိုက်တွန်း ချင်တာက စကစကကျင်းပမဲ့ အတုအယောင်ရွေးကောက်ပွဲကို မထောက်ခံကြဖို့၊ မပျက်ပျက်အောင်လုပ်သွားကြဖို့ ဆန္ဒပြုချင်တယ်။ နောက်တစ်ခုကျတော့ မြန်မာပြည်တစ်နိုင်ငံလုံးက စကစရဲ့အသက်ရှူပေါက်ပဲပြောပြော၊ စကစရဲ့ နိုင်ငံရေးထွက်ပေါက်လို့ပဲပြောပြော၊ ဒီအသက်ရှူပေါက်ကိုမပေးဖို့၊ ထွက်ပေါက်ကိုမပေးကြဖို့။ စကစကနေပြီး အတုအယောင် ရွေးကောက်ပွဲနဲ့ အသက်ရှူပေါက်ရလာခဲ့ရင် ကျွန်တော်တို့ဆင်နွဲလာခဲ့တဲ့ဒီတိုက်ပွဲ အလဟသဖြစ်နိုင်တယ်။ စစ်ရေးအနိုင်ရရှိသွားရင်တော့ ကျွန်တော်တို့မျှော်မှန်းထားတဲ့ နွေဦးတော်လှန်ရေးအောင်ပွဲတို့၊ နောက်ပြီးတော့ ဒီမိုကရေစီအောင်ပွဲတို့၊ အမျိုးသားရေးတိုက်ပွဲတို့ ရရှိနိုင်မယ်။ တကယ်လို့ ဒီအသက်ရှူပေါက်ကနေ စကစကဆက်ပြီးတော့ အသက်ရှူနိုင်မယ်၊ ရပ်တည်နိုင်မယ်ဆိုရင်တော့ အာဏာရှင်အစိုးရရဲ့အောက်မှာ သားစဥ်မျိုးဆက်အထိ ဆက်ပြီးတော့ ခံသွားရမှာဖြစ်တဲ့အတွက်ကြောင့် ဒီတိုက်ပွဲမှာ ကျွန်တော်တို့အားလုံး ဝိုင်းဝိုင်းဝန်းဝန်း တိုက်ပွဲဝင်သွားကြဖို့ကျွန်တော်အနေနဲ့ တိုက်တွန်းချင်ပါတယ်။

