စည်သူ
ရန်ကုန် – ၂၀၂၀ သြဂုတ် ၂၀ (မော်ကွန်း)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ပျံသန်းတဲ့ ရန်ကုန်-စစ်တွေ လေယာဉ်ခရီးစဥ်တွေကို လေကြောင်းလိုင်းတွေဘက်က ဒီနေ့မှာ ယာယီဖျက်သိမ်းနေပေမယ့် ကိုဗစ်-၁၉ ဗဟိုကော်မတီက လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းဖို့ ညွှန်ကြားလာတာမရှိသေးဘူးလို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း၀န်က ပြောပါတယ်။
“စစ်တွေရဲ့ လက်ရှိအခြေအနေအရတော့ ပိတ်ဖို့ ကျွန်တော်တို့တော့မျှော်လင့်တာပေါ့ ။ ဒါပေမဲ့ ကျွန်တော်တို့က ပိတ်လို့မရပါဘူး။ ပိတ်တာက ကိုဗစ်ကော်မတီက သုံးသပ်ပြီးတော့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေ လိုအပ်ချက်အရလေ၊ နိုင်ငံတော်ရဲ့ ကျန်းမာရေး လုံခြုံမှု အရ သူတို့ ညွှန့်ကြားလာပါလိမ့်မယ်။ ဒီနေ့တော့ ပျံနေပါတယ်”လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က မော်ကွန်းကိုပြောပါတယ်။
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကတော့ ရန်ကုန်-စစ်တွေ ခရီးစဥ◌် အချို့ကိုဖျက်သိမ်းလိုက်ပြီး မနက်ဖြန် ခရီးစဥ် တွေကို လည်း ယာယီ ဖျက်သိမ်းထားတယ်လို့ ပြောပါတယ်။
အဲကမ္ဘောဇ(AirKBZ)လေကြောင်းလိုင်းကတော့ နက်ဖြန် ရန်ကုန်-စစ်တွေ ခရီးစဉ်တွေကိုဖျက်သိမ်းဖို့များနေပြီး အတိအကျမသိသေးဘူးလို့ ဆက်သွယ်မေးမြန်းမှုကို ရှင်းပြတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လူမှုရေးဝန်ကြီးကတော့ စစ်တွေကနေ ရန်ကုန်လာမယ့် ခရီးသည်တွေကို Quarantine ဝင်ခိုင်းမယ်လို့ ပြောပါတယ်။
ပြည်တွင်းကူးစက်မှုတစ်လအကြာ ငြိမ်သက်နေရာက ပြန်လည်ကူးစက်မှုအဖြစ် သြဂုတ် ၁၆ ရက်က စလို့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ တွေ့ရှိခဲ့ရာ ဒီနေ့အထိ စစ်တွေမြို့မှာ ပြည်တွင်းကူးစက်လူနာ ခြောက်ဦး ရှိနေပြီ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ကတော့ ရောဂါ ကူးစက်ခံရသူပေါင်း ၃၉၆ ဦး ရှိလာပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပုံစာ- မေလအတွင်းက ဖိလစ်ပိုင်နိုင်ငံမှ ရန်ကုန်လေဆိပ်သို့ ပြန်ဝင်လာသော မြန်မာနိုင်ငံသားများအား တွေ့ရစဉ်။
ဓါတ်ပုံ – မော်ကွန်း
#Dailynews