ရန်ကုန် – ၂၀၂၄ ဧပြီ ၂၂ (မော်ကွန်း)
ရန်ကုန်တိုင်းက ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး အစရှိတဲ့ မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း စစ်မှုထမ်းသင်တန်း ဒုတိယအသုတ်အတွက် စတင်ပြင်ဆင်နေပြီး စစ်မှုမထမ်းလိုတဲ့ လူငယ်တွေကလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
ကျေးရွာပေါင်း ၁၃၀ ကျော်ရှိတဲ့ ကွမ်းခြံကုန်းမြို့နယ်မှာ အခုရက်ပိုင်းကစပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းဖို့ ဒုတိယအသုတ်စတင်ခေါ်ယူဖို့ စီစဉ်နေတာကြောင့် လူငယ်တွေတိမ်းရှောင်နေကြရတယ်လို့ ကွမ်းခြံကုန်းမြို့ခံတစ်ဦးက ပြောပါတယ်။
“အခုတစ်ရက်နှစ်ရက်အတွင်း မဲနှိုက်တော့မယ် လာပြောသွားတယ်။ ရွာထဲက လူတွေလည်း ကြောက်ကုန်ကြတော့ ပြေးတဲ့သူတွေလည်း ပြေးနေကြပြီ” လို့ ၎င်းမြို့ခံက ပြောပါတယ်။
ကွမ်းခြံကုန်းနဲ့ ဆက်စပ်နေတဲ့ တွံတေး၊ ကော့မှူး စတဲ့မြို့နယ်တွေမှာလည်း မဲနှိုက်မယ့်စာရင်းတွေကို အုပ်ချုပ်ရေးအဖွဲ့တွေက စတင်လုပ်ဆောင်နေပြီလို့ တွံတေးမြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ ရွာမှာ ဥက္ကဋ္ဌသားနာမည်တောင်ပါတယ်။ သူ့သားတွေကတော့ အရင်တစ်ခေါက်မှာမပါဘူး။ အခုပါသွားလို့ ပြေးပြီ” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ပထမအသုတ်ခေါ်ယူမှုမှာတော့ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်တွေက ကျေးရွာတစ်ရွာကို လူနှစ်ဦးနှုန်းနဲ့ မဲဖောက်ခေါ်ယူထားပြီးဖြစ်ပြီး သင်္ကြန်ကာလအပြီးမှာ အခုလို ဒုတိယအသုတ်ခေါ်ယူဖို့ ပြင်ဆင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
တောင်ဥက္ကလာပမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကတော့ လက်ရှိအချိန်ထိတော့ သူတို့မြို့နယ်မှာ ဒုတိယအသုတ်ခေါ်ဖို့ ညွှန်ကြားထားတာမရှိသေးဘူးလို့ ပြောပါတယ်။
“သင်္ကြန်တွင်းကလည်း ရုံးတွေကပိတ်ထားတာဆိုတော့ ဒီနေ့အထိတော့ ဘာညွှန်ကြားစာမှမလာသေးဘူး။ အခုထိတော့ မြို့ပေါ်ရပ်ကွက်တွေထဲ ဒုတိယအသုတ်ထပ်ခေါ်ဖို့ ညွှန်ကြားတာတော့မရှိသေးဘူး” လို့ ၎င်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
စစ်ကောင်စီဟာ သင်္ကြန်မတိုင်မီ ယခုလ ၈ ရက်မှာ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းထားတဲ့ လူငယ်တွေနဲ့ စစ်သင်တန်းအပတ်စဉ် (၁) ကို စတင်ခဲ့ပါတယ်။
အဲဒီလို ပထမအသုတ် ခေါ်ယူဖို့ စစ်ကောင်စီဟာ မြို့နယ်ပေါင်း ၁၈၆ မြို့နယ်မှာ စစ်မှုထမ်းအတွက် စာရင်းကောက်ယူတာ၊ အကျုံးဝင်သူတွေအဖြစ် မှတ်ပုံတင်စာရင်းသွင်းတာတွေနဲ့ မဲနှိုက်ရွေးချယ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ လူငယ်တော်လှန်ရေးသပိတ်ခေါင်းဆောင်တွေ ပူးပေါင်းတည်ထောင်ထားတဲ့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က ယခုလ ၁၈ ရက်မှာ ထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်မှု အခြေအနေစာတမ်းမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး နည်းဥပဒေထွက်ရှိမှုကိုပင် မစောင့်တော့ဘဲ သူတို့ရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ခြေလှမ်းသွက်သွက်နဲ့ အတင်းအကျပ် စစ်သားစုဆောင်းနေပြီး ပထမအသုတ်မှာ လူငယ် ၅,၀၀၀ ကို စုဆောင်းနိုင်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပထမအသုတ် အပတ်စဉ် (၁) မှာ လူငယ်တွေကို စစ်ကောင်စီရဲ့ စစ်အခြေခံ လေ့ကျင့်ရေးတပ် ငါးခု၊ တပ်မတော်တန်းမြင့်သင်တန်းကျောင်းရှစ်ခုနဲ့ အခြားသင်တန်းကျောင်းနှစ်ခုတို့မှာ စစ်သင်တန်းပေးနေတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီကတော့ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၁) ကို တိုင်းနဲ့ ပြည်နယ်အသီးသီးက လူငယ်တွေ မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းခဲ့ကြတာလို့ သူတို့ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြနေပါတယ်။
ပုံစာ – စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) မြင်ကွင်း
ဓာတ်ပုံ – စစ်ကောင်စီ သတင်းနှင့် ပြန်ကြားရေးဌာန