အောင်ထူးနိုင်၊ ထက်မြတ်အောင်
ရန်ကုန်-၂၀၂၀ ဧပြီ ၂၄ (မော်ကွန်း)
COVID-19 ရောဂါကြောင့် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို မတ် ၂၆ ရက်ကတည်းက ပိတ်ထားခဲ့ရသောကြောင့် တိရိစ္ဆာန်များအတွက် အစာလုံလောက်မှုရှိပါ့မလားဆိုသည့် စိုးရိမ်စိတ်များ ရှိနေသော်လည်း အစာကို ပုံမှန်အတိုင်းကျွေးထားကြောင်း ရန်ကုန်တိရိစ္ဆန်ဥယျာဉ် စီမံမန်နေဂျာ ဦးမျိုးကျော်သူက ပြောသည်။
“ ပုံမှန် နေ့စဉ် မနက် ကိုးနာရီတစ်ကြိမ်၊ ညနေ သုံးနာရီတစ်ကြိမ် အရင်ကတည်းက သတ်မှတ်ထားတဲ့ ရိက္ခာ အမျိုးအစား၊ ပမာဏ၊ အရည်အသွေးအတိုင်း ကျွန်တော်တို့ အခုအချိန်ထိ နေ့စဉ် ပုံမှန်ကျွေးမွေးနေပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် အလှူရှင်တချို့က တိရိစ္ဆာန်များအတွက် အစာကို ပမာဏတစ်ခုအနေဖြင့် လာရောက်လှူဒါန်းကြသူများ ရှိပြီး ထိုအစာများကို ဆရာဝန်နှင့်စစ်ဆေးပြီးပါက ဥယျာဉ်ဝန်ထမ်းမှတစ်ဆင့် ကျွေးခွင့်ပြုထားသည်ဟု ဦးမျိုးကျော်သူက ရှင်းပြသည်။
လက်ရှိတွင် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်အတွင်း တိရိစ္ဆာန်မျိုးကွဲပေါင်း ၁၃၀ ကျော်ရှိပြီး အကောင်ရေ ၁,၅၀၀ ခန့်ရှိသည်။ ဥယျာဉ်အတွင်းရှိ တိရိစ္ဆာန်များအတွက် တစ်ရက်တာ အစာဖိုးကုန်ကျစရိတ်မှာ ၁၁ သိန်းကျပ် ဖြစ်သည်ဟု ဦးမျိုးကျော်သူက ဆိုသည်။
တိရိစ္ဆာန်များအတွက်အစာကို တစ်နှစ်လျှင်တစ်ကြိမ် တင်ဒါခေါ်ယူပြီး သက်ဆိုင်ရာ အမျိုးအစားအလိုက် အရည်အသွေးစစ်ဆေး၍ ကျွေးမွေးခြင်းဖြစ်သည်။
“ရိက္ခာပိုင်းက ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့က အဓိက ရှာနေရတာ မဟုတ်ပါဘူး။ တင်ဒါသမားက ရှာရတာပါ။ လောလောဆယ်မှာ ကျွန်တော်တို့လိုချင်တဲ့ ပမာဏအတိုင်း သူတို့ ပေးသွင်းနေတာဖြစ်တဲ့အတွက် လုံလောက်ပါတယ်” ဟု ဦးမျိုးကျော်သူက ပြောသည်။
သက်ဆိုင်ရာ ဝန်ကြီးဌာနကို ကုမ္ပဏီက ပုံမှန်အစီရင်ခံစာ ပို့ပေးရပြီး တိရိစ္ဆာန်များအတွက် အစာကျွေးနှုန်းကိုလည်း လျှော့ချ၍ မရကြောင်း ၎င်းကဆိုသည်။
ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သည် နှစ်ပေါင်း (၁၁၄) နှစ် သက်တမ်းရှိ ဥယျာဉ်တစ်ခုဖြစ်ပြီး အရှေ့တောင်အာရှတွင် သက်တမ်းအရှည်ဆုံး ဥယျာဉ်တစ်ခုဖြစ်သည်။ အဆိုပါ ဥယျာဉ်ကို ၂၀၁၁ ဧပြီ ၁ ရက်မှစတင်ကာ ထူးထရေးဒင်းကုမ္ပဏီက နှစ်ရှည်ငှားရမ်းလုပ်ကိုင်နေခြင်းဖြစ်သည်။
Photo – Yangon Zoo
#Dailynews