Photo- Thet Oo Mon/Mawkun Magazine
ဒီမိုကရေစီအတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ အစိုးရသက်တမ်း တစ်နှစ်ကြာပြီ ဖြစ်သော်လည်း ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲများကို ကျင်းပပေးနိုင်ခြင်း မရှိသေးပေ။
ထို့ကြောင့် လက်ရှိ၌ စည်ပင်လုပ်ငန်းများဆောင်ရွက်ရာတွင် ရွေးကောက် တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များမပါဘဲမြို့တော်ဝန်နှင့် တိုင်း ဒေသကြီးအစိုးရကခန့်အပ်သည့် စည်ပင်ယာယာရေး ကော်မတီဝင်များဖြင့်သာ ဆောင်ရွက်နေကြသည်။
လက်ရှိစည်ပင်၏လုပ်ငန်းများဆောင်ရွက်ရာတွင် ရွေးကောက်ခံ ကိုယ်စားလှယ်များ မပါဝင်ခြင်းအပေါ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သည့် ဥပဒေပညာရှင် ဒေါက် တာညိုညိုသင်းက ”ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက် မပါဝင်နိုင်တာ ကြောင့် လူထုအနေနဲ့ အများကြီး နစ်နာတယ်”ဟု မှတ်ချက် ပြုသည်။
စည်ပင်သာယာရေးကော်မတီတွင် ရွေးကောက်ခံကိုယ် စားလှယ်များ မပါဝင်သည့်အတွက် စည်ပင်လုပ်ငန်းများကို စီမံ ခန့်ခွဲ ခြင်း၊ အခွန်အခများကောက်ခံခြင်း၊ တင်ဒါခေါ်ယူခြင်းနှင့် စီမံကိန်း ဆောင်ရွက်မှုအခြေအနေများကို ပြည်သူလူထုအနေဖြင့် မသိနိုင်ကြောင်း သူက ထောက်ပြသည်။
ရွေးကောက်ခံစည်ပင်ကိုယ်စားလှယ်များအား ပြည်သူ များမှ တိုက်ရိုက်တင်ပြနိုင်ခဲ့ပြီး ကိုယ်စားလှယ်များ၏ စိစစ် ဖြေ ရှင်းဆောင်ရွက်ချက်များအား လူထုကိုတွေ့ဆုံခြင်းဖြင့်လည်း ကောင်း၊ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်လည်းကောင်း ထုတ် ပြန်နိုင်ခဲ့ကြောင်း ဆက်လက်ပြောကြားသည်။
ဒေါက်တာညိုညိုသင်းသည် ဦးသိန်းစိန်အစိုးရလက်ထက် တွင် ရန်ကုန်မြို့တော်စည်ပင်ကော်မတီရွေးကောက်ပွဲများ ဖြစ် မြောက်လာစေရန် စဉ်ဆက်မပြတ် တိုက်တွန်းခဲ့သူဖြစ်သည်။
နှစ်ပေါင်း ၆ဝ ကျော်အတွင်း ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲများကို သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပခဲ့ပြီး အဆိုပါ ရွေး ကောက်ပွဲမှတက်လာသော ပြည်သူ့ကိုယ်စားလှယ်များသည် ၂ဝ၁၅ မှ ၂ဝ၁၆ မေလအထိ တစ်နှစ်ကျော်ကြာ တာဝန်ထမ်း ဆောင်ခဲ့ရပြီး အစိုးရသစ်လက်ထက်တွင် တာဝန်မှ ရပ်နားခဲ့ ရသည်။
ယင်းနောက် ရန်ကုန်မြို့တော်ဝန်အသစ် ဦးမောင်မောင်စိုး က စည်ပင်ရွေးကောက်ပွဲများကို အမြန်ဆုံး ပြန်လည်ကျင်းပပေး မည်ဟု ၂ဝ၁၆ မေလကုန်ပိုင်းတွင် ပြောကြားခဲ့သော်လည်း ယခု တစ်နှစ်ပြည့်တော့မည့်အချိန်ထိ ကော်မတီရွေးကောက်ပွဲများကို ကျင်းပ နိုင်ခြင်းမရှိသေးပေ။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ သင်္ဃန်းကျွန်းမဲဆန္ဒ နယ်အမှတ် ၁ မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ယခုလို မှတ်ချက်ပြုသည်။
”စည်ပင်အလုပ်က လူထုနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ အလုပ်တွေ၊ အဲဒီတော့ လူထုအကျိုးပြု၊ လူထုကို ရှေ့တန်းတင်ပြီး စဉ်းစားတဲ့ စည်ပင်ကော်မတီမှာ ရွေးကောက်ခံကိုယ်စားလှယ် တွေ ရှိကိုရှိရမယ်”
ရွေးကောက်ခံသက်တမ်း
စစ်အစိုးရအုပ်ချုပ်ခဲ့သည့် ကာလတစ်လျှောက်လုံးတွင် ရန်ကုန်မြို့တော်စည်ပင်ကော်မတီ၌ အစိုးရမှ ခန့်အပ်သည့် ဝန် ထမ်းများဖြင့်သာ လုပ်ဆောင်ခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်ကော်မတီသည် မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်စေရန် စီမံကိန်းရေးဆွဲခြင်း၊ မူဝါဒချမှတ်ခြင်းမှ သည် အများပြည်သူသုံးနေရာများအား ကြီးကြပ်ထိန်းသိမ်းခြင်း၊ အဆောက်အအုံများဆောက်လုပ်ခြင်း၊ လမ်းများ၊ ရေမြောင်းများ ဖောက်လုပ်ခြင်း၊ ရေပေးဝေရေးလုပ်ငန်းများ၊ အခွန်ကောက်ခံ ခြင်း၊ ဈေးများ၊ စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲခြင်း စသည့် လုပ်ငန်း များအတွက် ဆုံးဖြတ်ချက်ချမှတ်အကောင်ထည်ဖော်နိုင်သည့်အဖွဲ့အစည်းဖြစ်သည်။
”အစိုးရက ခန့်တဲ့သူတွေ ဖြစ်တဲ့အတွက် အစိုးရကိုပဲ ကျေ နပ်အောင်လုပ်တယ်။ ပြည်သူကို မျက်နှာမပြုဘူး။ ပြည်သူလူထု တင်မြှောက်တဲ့ ကိုယ်စားလှယ်မှသာ ပြည်သူလူထု တိုင်ကြား တာတွေကို ဖြေရှင်းပေးတယ်။ စိစစ်ပေးတယ်။ ထုတ်ပြန် ကြေညာပေးတယ်။ ပွင့်လင်းမြင်သာမှုရှိတယ်” ဟု ဒေါက်တာညိုညို သင်းက ပြောသည်။
၂ဝ၁၃ တွင် ပြဋ္ဌာန်းခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥပဒေအရ ဗဟိုစည်ပင်ကော်မတီကို သမ္မတက တိုက်ရိုက်ခန့်အပ်ထားသည့် မြို့တော်ဝန်ကဥက္ကဋ္ဌအဖြစ် ဦး ဆောင်ကာ တိုင်းဒေသကြီးအစိုးရက တိုက်ရိုက်ခန့်အပ်သည့် ကိုယ်စားလှယ်လေးဦးနှင့် ခရိုင်တစ်ခုချင်းစီမှ ပြည်သူလူထုရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ်လေးဦး စုစုပေါင်း ကော်မတီဝင်ကိုးဦးဖြင့် ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသည်။
ယင်းစည်ပင်ဥပဒေအရ ခရိုင်အဆင့်နှင့်မြို့နယ်အဆင့် စည်ပင်ကော်မတီကို ဖွဲ့စည်းရာတွင်လည်း ရွေးကောက်ခံ ကိုယ် စားလှယ်သုံးဦး၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ကော်မတီဝင်ငါးဦးဖြင့် ဖွဲ့စည်း ရမည် ဖြစ်သည်။
စည်ပင်ကော်မတီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေအရ ကော်မတီဝင်များ၏ သက်တမ်းမှာ အစိုးရ သက် တမ်းအတိုင်းဖြစ်ပြီး နောက်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပပြီး အရွေးချယ်ခံ ကိုယ်စားလှယ်များ ကတိသစ္စာပြုကာ စတင်တာ ဝန်ထမ်းဆောင်မည့် နေ့မတိုင်မီအထိ တာဝန်ယူဆောင်ရွက် ရမည်ဟု ပြဋ္ဌာန်းထားသည်။
သို့သော် ယခုအစိုးရသစ်လက်ထက် ၂ဝ၁၆ မေ ၁၈ တွင် နည်းဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းကာ ရွေးကောက်ခံ ကိုယ်စားလှယ် များအား တာဝန်မှ ရပ်နားစေခဲ့သည်။ အသစ်ပြင်ဆင်လိုက်သည့် နည်းဥပဒေအရ ကော်မတီဝင်များ၏ သက်တမ်းသည် အစိုးရ သက်တမ်းအတိုင်း တာဝန်ကုန်ဆုံးမည်ဖြစ်ပြီး နောက်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပခြင်းမှ တက်လာမည့် ကိုယ်စားလှယ်များတာဝန်ယူသည့်နေ့အထိ စောင့်စရာမလိုဘဲ တာဝန်မှ အနားယူရ မည်ဖြစ်သည်။
ယင်းသို့ ရွေးကောက်ခံကော်မတီဝင်များကို တာဝန်မှရပ် နားပြီးနောက် တိုင်းဒေသကြီးအစိုးရက ၎င်းတို့ ခန့်အပ်ရမည့် ကိုယ်စားလှယ်လေးဦးကိုသာ နှစ်ပတ်အတွင်း ပြန်လည်အစား ထိုးခန့်အပ်ခဲ့သည်။
”စည်ပင်ကော်မတီမှာ ခန့်အပ်ခံကော်မတီဝင်တွေပဲ ရှိ တာဟာ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားမပါဘဲနဲ့ ဖွဲ့ထားသလို ဖြစ်နေတယ်။ ခန့်အပ်ခံကော်မတီဝင်တွေက ဘယ်လောက်ပဲစွမ်း စွမ်းတမံ ဆောင်ရွက်နိုင်သည်ဖြစ်စေ ပြည်သူလူထုက တိုက်ရိုက် ရွေးကောက်တင်မြှောက်တဲ့ ကော်မတီဝင်တွေ မပါသရွေ့ အဲဒီ ကော်မတီဟာ အင်္ဂါမစုံတဲ့ကော်မတီတစ်ရပ်ပဲ ဖြစ်နေဦးမယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
လူထုအတွက်ဆောင်ရွက်မှု
ပြီးခဲ့သည့်တစ်နှစ်သက်တမ်းကာလအတွင်း ရွေးကောက်ခံစည်ပင်ကိုယ်စားလှယ်များအနေဖြင့် ရန်ကုန်စည်ပင် နယ် နိမိတ်အတွင်း သတ်မှတ်ချက်နှင့်မကိုက်ညီသည့် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်နေခြင်း၊ အများပြည်သူပိုင်နေ ရာများတွင် ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ဆောင်မှုကို ကန့် ကွက်ရပ်ဆိုင်းခြင်း၊ အရေးယူဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်ခဲ့ သည်ဟု စည်ပင်သာယာရွေးကောက်ပွဲနှင့် နည်းဥပဒေများအား စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့သည့် အရပ်ဘက်အဖွဲ့ အစည်းများက ပြောသည်။
ထို့အပြင် ကိုယ်စားလှယ်များထံ ပြည်သူများက မြေပြင် အခြေအနေကို တိုက်ရိုက်တင်ပြနိုင်သည့်အတွက် အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ကြောင်း ၂ဝ၁၄ စည်ပင်ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့ရပြီး ရန်ကင်းမြို့နယ် စည်ပင်သာယာရေးကော် မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးနန်းဦးက ပြောသည်။
”တို့ဆိုရင် အချိန်ပြည့်ဖုန်းဖွင့်ထားတဲ့အတွက် အချိန်မရွေးလာတင်ပြတယ်။ အဲဒါဆိုရင်ချက်ချင်း တန်းဆင်းသွားတယ်။ ချက်ချင်းကော်မတီဖွဲ့ပြီး စစ်နိုင်တယ်”
ထို့ပြင် စည်ပင်ကော်မတီဥပဒေတွင် ကော်မတီဝင်များ သည် မူဝါဒများချမှတ်ခြင်းမှသည် တိုင်စာများ၊ မကျေနပ်ချက် များ ဖြေရှင်းဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် ယခင်ကဆိုလျှင် မြို့နယ်စည်ပင်သာယာရေး ကော်မတီသို့ တိုင်ကြားချက်၊ အငြင်းပွားမှုများကို မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးတစ်ဦးတည်းကသာ အဆုံးအဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။ စည်ပင်ရွေးကောက်ပွဲများ ကျင်းပပြီးသည့် နောက် ပိုင်းတွင် အငြင်းပွားမှုများ၊ တိုင်ကြားချက်များကို ရွေးကောက်ခံ ကိုယ်စားလှယ်များပါဝင်သည့် မြို့နယ်စည်ပင်အဖွဲ့ဝင်များနှင့် ဆွေးနွေးညှိနှိုင်းဖြေရှင်းပေးကြသည်ဟု ရန်ကင်းမြို့နယ် ရွေး ကောက်ခံကော်မတီဝင်များက ဆိုသည်။
ထို့ပြင် ရွေးကောက်ခံကော်မတီဝင်များသည် ပြည်သူလူထု နှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသူများဖြစ်သည့်အတွက် မြို့ နယ်အခြေအနေကို ထဲထဲဝင်ဝင် သိမြင်သည့်အတွက် ဆုံးဖြတ် ချက်ချရာတွင် အမှားအယွင်းနည်းကြောင်း ဦးသိန်းစိန်အစိုးရ လက်ထက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ၉ အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် ဦးခင်မောင်တင့်က ဆိုသည်။
၂ဝ၁၄ စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲ၌ မဲပေးခဲ့ရသည့် ရန်ကင်းမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်တွင် နေထိုင် သည့် ဦးထွန်းထွန်းလင်းက ”ကိုယ်စားလှယ်တွေရှိတုန်းက သွား ပြောရင် ချက်ချင်းလုပ်ပေးတယ်။ မလုပ်ပေးရင်လည်း နောက် တစ်ကြိမ် ရွေးကောက်မခံရနိုင်ဘူးလေ။ ခုကျတော့ စည်ပင်ဝန် ထမ်းတွေပဲရှိတော့ တိုင်ဖို့ ရုံးကိုသွားရင်တောင် တွေ့အောင် အခေါက်ခေါက်သွားရတယ်” ဟု ဆိုသည်။
ယခင်က စည်ပင်ရွေးကောက်ခံကိုယ်စားလှယ်များအား ပြည်သူလူထုမှတိုင်ကြားသည့်အတွက် ဆောင်ရွက်ဖြစ်သည့် ကိစ္စများအနက် ဖြေရှင်းဆောင်ရွက်ပေးသည့် သူ့အတွေ့အကြုံကို ပြန်ပြောပြသည်။
ရန်ကင်းဘူတာရုံလမ်းရှိ ကံဘဲ့ဈေးလမ်းမကြီးမှာကတ္တရာချိုင့်ခွက်များနှင့် ကျူးကျော်ဈေးသည်များ များပြား နေပြီး လမ်းအသုံးပြုရခက်ခဲနေသောကြောင့် ပြုပြင်ပေးရန် ယခင်က ရွေးကောက်ခံစည်ပင်ကိုယ်စားလှယ်များထံသို့ ဦးထွန်း ထွန်းလင်းတို့ ရပ်ကွက်သားများက တင်ပြခဲ့ရာ ၂ဝ၁၅ နှစ်ကုန် ပိုင်းတွင် လာရောက်ပြင်ဆင် ရှင်းလင်းပေးသွားခဲ့သည်ဟု ဆိုသည်။
သို့သော် အချိန်ကာလအားဖြင့် မကြာလိုက်၊ ရွေးကောက်ခံ ကိုယ်စားလှယ်များ တာဝန်မှရပ်နားခံရသည့် ၂ဝ၁၆ မေ နောက် ပိုင်းမှာတော့ ဈေးသည်များ ပြန်လည်ထွက်ပေါ်လာသည်ဟု သူ က ပြောပြသည်။
”စည်ပင်ကိုသွားပြောရင်တော့ လာကြည့်ပေးသွားတယ်။ ဒါပေမဲ့ ခဏပဲ။ ရေရှည်ဖြစ်မလာဘူး” ဟု လက်ရှိအခြေအနေကို ဦးထွန်းထွန်းလင်းက ပြောသည်။
အချိန်မဆွဲသင့်တဲ့ စည်ပင်ရွေးကောက်ပွဲ
မ္တနလေးတိုင်းဒေသကြီးအစိုးရကတော့ စည်ပင်ကော်မတီ နည်းဥပဒေကို ပြင်ဆင်ပြီး ကော်မတီဝင်ဟောင်းများအား ၂ဝ၁၆ ဇူလိုင်က တာဝန်မှရပ်နားစေခဲ့သည်။ သို့သော် စက်တင်ဘာတွင် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်၌ စည်ပင်ကော်မတီရွေးကောက်ပွဲများကိုကျင်းပပြီး ၂ဝ၁၇ ဇန်နဝါ ရီလဆန်း၌ ရွေးကောက်ခံကိုယ်စားလှယ်များကို တာဝန်စတင် ထမ်းဆောင်စေခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးမှာတော့ စည်ပင်ကော်မတီဥပဒေ အား ပြန်လည်ရေးဆွဲခြင်းများ ပြုလုပ်နေသည့်အတွက် ယနေ့ အထိ စည်ပင်ရွေးကောက်ပွဲများ မကျင်းပနိုင်သေးဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
တိုင်းအစိုးရက ခန့်အပ်ထားသည့် ရန်ကုန်မြို့တော်စည် ပင်ကော်မတီဝင် ဒေါ်သန်းမြင့်အောင်က ”ဥပဒေအသစ် ရေးဆွဲ နေတယ်။ ဥပဒေထွက်လာရင် ရွေးကောက်ပွဲတွေ ပြုလုပ်ပေးသွား မှာပါ”ဟုဆိုသည်။
ပြီးခဲ့သည့် အစိုးရလက်ထက်က ရေးဆွဲခဲ့သည့် စည်ပင် ကော်မတီဥပဒေတွင် အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့် မရှိဘဲ အိမ်ထောင်ဦးစီးတစ်ဦးသာ မဲပေးခွင့်ရှိခြင်း၊ ရွေးကောက်ပွဲ ကျင်းပရန် အချိန်ကာလသတ်မှတ်ချက် အတိအကျ မပါဝင်ခြင်း စသည့် အားနည်းချက်များရှိနေကြောင်း စည်ပင်သာယာ ရွေး ကောက်ပွဲများနှင့် ဥပဒေ၊ နည်းဥပဒေများကို လေ့လာစောင့် ကြည့်နေသည့် အရပ်ဘက်အဖွဲ့အစည်းများကထောက်ပြ ထားသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥပဒေကြမ်းကော် မတီက စည်ပင်ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပနိုင်ရန် ရည် ရွယ်၍ စည်ပင်သာယာရေးဌာနမှ ဌာနမှူးများ၊ ဥပဒေပညာရှင် များနှင့် အကြိမ် ၂ဝ ခန့် တွေ့ဆုံဆွေးနွေးကာ စည်ပင်ဥပဒေ ကြမ်းတစ်ခုကို ရေးဆွဲခဲ့သည်ဟု ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်က ဆိုသည်။
ယင်းဥပဒေကြမ်းကို ယခုနှစ်ဇန်နဝါရီလဆန်းပိုင်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြထားပြီးဖြစ်ရာ ယခုကဲ့သို့ ကြန့်ကြာနေခြင်းမှာ”အစိုးရအဖွဲ့နဲ့ လွှတ်တော်ဥက္ကဋ္ဌရဲ့ သဘောထားနဲ့ပဲ ဆိုင်တယ်”ဟု သူက ဆိုသည်။
ယင်းကဲ့သို့ ကြန့်ကြာနေချိန်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စည်ပင်ဥပဒေပြန်လည်ရေးဆွဲရန် ကော်မတီ တစ်ရပ်ကို ဧပြီလဆန်းပိုင်းတွင် ဖွဲ့စည်းလိုက်သည်။ ယင်းကော် မတီတွင် လွှတ်တော်ဒုဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တတ်သိပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် အဖွဲ့ဝင် ၂၉ ဦးဖြင့်ပါဝင်ဖွဲ့စည်းခဲ့သည်ဟု ယင်းကော်မတီတွင် ပါဝင်သည့် ဦးနေဘုန်းလတ်က ပြောသည်။
သို့သော် အဆိုပါဥပဒေပြန်လည်ရေးဆွဲရေးကော်မတီကိုတိုင်းဒေသကြီးအစိုးရမှ ဖွဲ့စည်းခဲ့သော်လည်း မေလထဲရောက် လာသည်အထိ လုပ်ငန်းအစီအစဉ်ကို မသိရှိရသေးသလို အစည်း အဝေးပြုလုပ်နိုင်ခြင်းလည်း မရှိသေးဟု အဆိုပါကော်မတီဝင် များက ပြောသည်။
ဤကဲ့သို့ စည်ပင်ရွေးကောက်ပွဲများတစ်နှစ်ကြာလာသည် အထိ မကျင်းပနိုင်ခြင်းသည် လက်ရှိအစိုးရ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းနှင့် လိုက်လျောညီထွေမှုမရှိသေး ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။
”ရွေးကောက်ခံကိုယ်စားလှယ်တွေ မပါဘဲနဲ့ လုပ်နေတဲ့ စည်ပင်သာယာရေးကော်မတီက အချိန်ကြာလာတာနဲ့အမျှ ဒီမို ကရေစီအပြောင်းအလဲမှာ အခြေအနေမခိုင်တဲ့၊ အနှစ်သာရမ ရှိတဲ့ ယန္တရားတစ်ခုပဲ။ ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုရင် ပြည် သူလူထုရဲ့ ပါဝင်ခွင့်ကို လျစ်လျူရှုတဲ့သဘော သက်ရောက်တယ်။ ပြည်သူလူထုရဲ့ ပါဝင်ခွင့်ကို လျစ်လျူရှုတာဟာ ဒီမိုကရေစီ အပြောင်းအလဲကို မလိုလားတဲ့ သဘော သက်ရောက်နေတယ်”ဟု သူက သုံးသပ်သည်။
တပ်မတော်တစ်ပိုင်းအစိုးရလက်ထက်တွင် ပြည်သူ့ကိုယ်စားလှယ်များပါဝင်သည့် စည်ပင်ကော်မတီကို ဖွဲ့စည်းပေးနိုင်ခဲ့ သည့်တိုင် ဒီမိုကရေစီအစိုးရလက်ထက်တွင် ယင်းသို့မလုပ်နိုင် ခြင်းက ရန်ကုန်တိုင်းအစိုးရနှင့် တိုင်းဒေသကြီးလွှတ်တော်နှစ်ခုစလုံးတွင် တာဝန်ရှိသည်ဟုဒေါက်တာညိုညိုသင်းကဆိုသည်။သူက ယခုလိုလည်း မှတ်ချက်ပြုသည်။
”အင်မတန် အရုပ်ဆိုး အကျည်းတန်တဲ့ ဖြစ်ရပ်ပဲ။ ရန်ကုန် တိုင်းအစိုးရအတွက် သမိုင်းအမည်းစက်တစ်ခုပဲ” ။
၂၀၁၇-မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ဟေမာန်ပြည့် ရေးသည်။