ဂေထာ
ဒီဇင်ဘာ -၂
အများပြည်သူ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ချောမွေ့အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ရထားပေါ်က အဆင်း ကားကို ချိတ်ဆက် စီးနင်းနိုင်ဖို့ အဆင်မြှင့်တဲ့အနေနဲ့ အသေးစား ရှေ့ပြေးစီမံကိန်းတစ်ခုကို သမိုင်းဘူတာရုံကနေ စတင် အကောင်ထည်ဖော်နေပါတယ်။
စီမံကိန်းတွင် ရထားဘူတာနား လိုင်းကားနံပါတ်များပါဝင်သော လမ်းညွှန်ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဝေခြင်း ၊ ဘူတာနဲ့ ကားဂိတ်ကို သွားရောက်ဖို့ လူကူးမျဉ်းကြား ရေးဆွဲခြင်းတို့ ပါဝင်ပါတယ်။
“ ပထမဦးဆုံး ပရောဂျက်ဖြစ်တယ်။ ဘတ်စ်ကားစနစ်မှာ လိုအပ်တာတွေ လုပ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တို့က ချိတ်ဆက် သယ်ယူပို့ဆောင်မှုကတော့ ပထမဦးဆုံးလုပ်သော ပရောဂျက်အပိုင်း ဖြစ်တယ်” လို့ ရန်ကုန်အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။
ဒီရှေ့ပြေးစီမံကိန်းကို လမ်းပန်းဆက်သွယ်ရေးပိုမိုလွယ်ကူစေပြီး သယ်ယူပို့ဆောင်ရေးမှာ အရေးပါတဲ့ ရထားနဲ့ ဘတ်စ် ကားကို ချိတ်ဆက်ပြီး ရန်ကုန်ရဲ့ သယ်ယူပို့ဆောင်ရေးစနစ် ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်နေတာလို့ ဂျပန် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီက ပြောပါတယ်။
ဒီစီမံကိန်းကို ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၂၀ ဒီဇင်ဘာအထိ ၃နှစ်တာ ဆောင်ရွက်မှာဖြစ်ကာ မြန်မာ့မီးရထား၊ ရန်ကုန်အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။
ရထားနှင့်ကားပါအသုံးပြုစီးနင်းသူတစ်ဦးဖြစ်တဲ့ ရွှေပြည်သာမြို့နယ်မှ ဦးခင်ရွှေက “ အရင်ကထက်စာရင် အချိန်ကုန် သက်သာတယ်။ အဝေးကလာတဲ့သူတွေဆိုရင် ရထားကဆင်းတာနဲ့ ဘက်စ်ကားစီးလိုက်ရုံပဲ” လို့ ဒီစီမံကိန်းအပေါ် မှတ်ချက်ပေးပါတယ်။
လက်ရှိမှာ သမိုင်းဘူတာရုံကနေ စီးနင်းနိုင်တဲ့ ယာဉ်လိုင်းတွေကတော့ YBS ၁၁၊ ၂၂၊ ၉၄၊ ၁၅၊ ၁၆၊ ၁၉၊ ၆၁၊ ၆၈၊ ၇၉၊ ၈၃ ယာဉ်လိုင်း (၁၀)လိုင်း ရှိပါတယ်။
#mawkun #magazine #chronicle #dailynews #YBS