ယင်းမာပင် – ၂၀၂၂ ဩဂုတ် ၁၅ (မော်ကွန်း)
လေကြောင်းစီးနင်းတိုက်ခိုက်ကာ ရင်ပေါင်တိုင်ကျေးရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ် ရွာမှ ထွက်သွားပြီးနောက် မီးရှို့ခံထားရသော အသက် ခုနစ်နှစ်ဝန်းကျင်အရွယ် ကလေးအလောင်းအပါအဝင် ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း – ၃ ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော် အောက်စီဂျင်က ပြောသည်။
ရင်ပေါင်တိုင်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းရှေ့တွင် မီးရှို့ခံထားရသည့် ရုပ်အလောင်း ခုနစ်လောင်း၊ လေကြောင်းပစ်ခတ်မှုအတွင်း ထိမှန်သေဆုံးသည့် အမျိုးသမီးတစ်ဦး၊ လူငယ်အမျိုးသားတစ်ဦးအလောင်း၊ မီးရှို့ခံထားရသည့် ကလေးအလောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦး၏ အလောင်း စုစုပေါင်း ရုပ်အလောင်း ၁၂ လောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ရဲဘော်အောက်စီဂျင်က ဆိုသည်။
“သူတို့ ထွက်သွားပြီးတော့ မနေ့က ညနေက ရွာထဲဝင်တော့ ပုပ်စော်တွေ နံနေတာပဲ။ ကျွဲတွေ၊ နွားတွေ၊ ဝက်တွေ၊ ခွေးတွေလည်း သေနေတယ်။
အသက်မပြည့်သေးတဲ့ ကလေး ခါးနည်းနည်းကုန်းတယ်။ အဲ့ဒီကလေးကကျတော့ ဈေးဘုရားဝင်းမှာ မီးရှို့ခံထားရတဲ့ အလောင်းကို တွေ့ရတာပေါ့။ ကျွန်တော်တို့ ရွာထဲဝင်တော့ မီးရှို့ထားတာ မကြာသေးဘူး။ အလောင်းက အကုန်မကျသေးတော့ ကလေးမှန်းသိရတာ” ဟု ၎င်းက ပြောသည်။
အဆိုပါ ရုပ်အလောင်းများမှာ စစ်သားများ ကျေးရွာထဲမှ ထွက်ခွာသွားပြီးနောက် ဒေသကာကွယ်ရေးအဖွဲ့ဝင်အချို့ ကျေးရွာအတွင်း ဝင်ရောက်ချိန် ကနဦးတွေ့ရှိရခြင်းဖြစ်ကြောင်းသိရသည်။
အတည်မပြုနိုင်သည့် ရုပ်အလောင်းများရှိနေသလို ကျေးရွာအတွင်း ရှင်းလင်းရေးမလုပ်ဆောင်ရသေးသည့်အတွက် ရုပ်အလောင်းအရေအတွက် စုစုပေါင်းကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းလည်း ရဲဘော် အောက်စီဂျင်က ဆိုသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာကို ဩဂုတ်လ ၁၁ ရက်တွင် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် Mi 35 များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ စစ်သားအင်အားရာချီက ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
သုံးရက်ကျော်ကြာ တပ်စွဲခဲ့သည့် စစ်သားများမှာ ဩဂုတ်လ ၁၄ ရက်၊ မနက်ပိုင်းတွင် စစ်တပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi 35 ဖြင့် နာရီဝက်ခန့် ပျံဝဲပစ်ခတ်ပြီးနောက် ကျေးရွာအတွင်းမှ ထွက်ခွာသွားခြင်းဖြစ်ကြောင်းသည်ဟု ဒေသခံများထံက သိရသည်။
ပုံစာ – အာဏာသိမ်းစစ်တပ် လူသတ်၊ ဖျက်ဆီးသွားသော ရင်ပေါင်တိုင်ရွာ။
ဓာတ်ပုံ – ရဲဘော်အောက်စီဂျင်
#Dailynews

