ရခိုင်ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်ပြီး Myanmar Institute for Peace and Security အဖွဲ့ မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ရခိုင်ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်ပြီး Myanmar Institute for Peace and Security အဖွဲ့ မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

Photo – Supplied

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ် ၂၅ ရက်က Arakan Rohingya Salvation Army – ARSA က အကြမ်းဖက်တိုက် ခိုက်မှုတွေ ဖြစ်ပြီးနောက်ပိုင်း တပ်မတော်နဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင် တွေဟာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ နောက် သိန်းနဲ့ချီတဲ့ မွတ်ဆလင် ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပါတယ်။ အစိုးရနဲ့ တပ်မတော်အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ပိုမို ဖိအားပေးလာခဲ့ကြပါတယ်။

ARSA အဖွဲ့က အစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာလုပ်ငန်းတွေ၊ အထောက်အပံ့တွေ လုပ်နိုင်ဖို့ စက်တင်ဘာ ၁ဝ ရက်ကနေ အောက်တိုဘာ ၉ရက်ထိ တစ်လကြာအပစ်အခတ် ရပ်စဲတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအပြင် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးချင်တယ်ဆိုပြီး ARSA အဖွဲ့က ထုတ်ပြန်လာတာတွေ ရှိပါတယ်။ အစိုးရအပေါ် နိုင်ငံတကာဖိအားများလာတာတွေ၊ ARSA အဖွဲ့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးချင်တဲ့ ထုတ်ပြန်ချက်မျိုး ထွက်လာတာတွေနဲ့ ပတ်သက်ပြီး Myanmar Institute for Peace and Security အဖွဲ့မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကို မော်ကွန်းက မေးမြန်းထားတာတွေထဲက အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မော်ကွန်း။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေမှာ ၂ဝ၁၆ တုန်းကလည်း ရဲစခန်းတွေကို တိုက်ခိုက်မှုတွေကို ဖြစ်ခဲ့တယ်။ အခု သြဂုတ် ၂၅ ရက်မှာလည်း တိုက်ခိုက်မှုတွေ ထပ်ဖြစ်ခဲ့တယ်ဆိုတော့ ဘာကြောင့် ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်လာရတာလဲ။

ဒေါက်တာမင်းဇော်ဦး။ ။ ဒီပဋိပက္ခကလည်း မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်ကတည်းက ရှိခဲ့တာ။ လွတ်လပ်ရေးရပြီး တောက်လျှောက်မှာလည်း ဒီလိုပဋိပက္ခဖြစ်ခဲ့တာပဲ။ ဒီလူမျိုးစု အုပ်စုတွေက နိုင်ငံသားအဖြစ်အသိအမှတ်ပြုတာ၊ မပြုတာထက်ကျွန်တော်တို့နိုင်ငံထဲမှာ ဒီလူတွေရှိနေတယ်။ ၂ဝ၁၂ မှာ ဖြစ်ခဲ့တာတွေ ရှိတယ်။ နိုင်ငံတကာမှာ မွတ်ဆလင်တွေကို မြန်မာတွေက ဖိနှိပ်ပါတယ်ဆိုတဲ့အနေအထားက ပိုပြီး ပျံ့နှံ့သွားတယ်။ အဲဒီ ၂ဝ၁၂ မတိုင်မီကတည်းက သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ခေါ်တဲ့ အုပ်စုတွေက နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဟိုအရင်ကတည်းက ချိတ်ဆက်နေတာ။

အဲဒီဒေသမှာ မွေးတဲ့သူ တချို့ဆိုရင် အာဖဂန်နစ္စတန်မှာရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်ပိုင်းတွေ ဖြစ်နေတာတွေရှိတယ်။ ကျွန်တော်တို့ကိုလည်း အာဖဂန်နစ္စတန် တာဝန်ရှိသူတွေက မြန်မာနိုင်ငံက လာတဲ့ အကြမ်းဖက်သမားတွေ ဖမ်းဆီးမိတယ်ဆိုတာကို ပြောပြဖူးတာ မှတ်မိတယ်။ နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့က ချိတ်ဆက်နေတာကတော့ ကြာပြီပေါ့နော်။ ၂ဝ၁၂ နောက်ပိုင်းမှာ ပိုပြီးတော့ မြန်မာပြည်မှာ ပွင့်လင်းလာတာနဲ့အမျှ နိုင်ငံရေးအကူးအပြောင်းတွေမှာ မကျေနပ်တဲ့ လူအုပ်စုတွေက ပိုပြီးတော့ Mobilization ခေါ်တဲ့ လှုပ်ရှားဖို့အတွက် အခွင့်အလမ်းပိုများလာတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၁၁ ကနေပြီးတော့ အခုအချိန်ထိ လက်နက်ကိုင်အဖွဲ့အသစ် ပြန်ဖွဲ့တာမျိုး၊ အသစ်ထူထောင်တာမျိုး ဖြစ်လာတာ အားလုံးပေါင်းခုနစ်ဖွဲ့ရှိတယ်။ ဒီ ARSA လည်း အပါအဝင်ပေါ့။ ဒီနေရာမှာရှိနေတဲ့ ရေခံ၊ မြေခံ အကြောင်းတရားတွေပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့တွေကလည်း ဝင်ရောက်သွေးထိုးတာတွေ ရှိတယ်။ သူတို့ထဲမှာရှိတဲ့ လူငယ်တွေကြားထဲမှာလည်း နိုင်ငံရေးအရ နိုးကြားလာတယ်။ ငါတို့က အရင်က ဖိနှိပ်ခံရတယ်။ လူလို အဆက်ဆံမခံရဘူး။ ငါတို့အဆင့်အတန်းက တိရစ္ဆာန်သာသာမျိုးတွေလို့ သူတို့မြင်လာတာတွေ ရှိတယ်။ ရေခံမြေခံအကြောင်းတရားတွေနဲ့ လက်ငင်းချက်ချင်း ဖြစ်ပေါ်လာတဲ့အထဲမှာ Resources (အရင်းအမြစ်) တွေပါလာတယ်။ ပြောမယ်ဆိုရင် ငွေရေးကြေးရေးထောက်ပံ့တာမျိုးတွေ ပါလာတယ်။ နောက်ပြီးတော့ တခြားနိုင်ငံကို သွားပြီး သင်တန်းတက်ထားတဲ့သူတွေ ပြန်ရောက်လာတယ်။ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်လာနိုင်တယ်။ ဒီလိုဖြစ်စဉ်တွေပေါ်မှာ မူတည်ပြီးတော့ ဒီဖြစ်စဉ်တွေ ဖြစ်လာတာပေါ့။

ဒီဖြစ်စဉ် ဖြစ်လာတဲ့ ပုံစံကိုကြည့်ရင် သာမန်ကာလျှံကာ မကျေနပ်တဲ့သူတွေက ငါတို့ကို ဖိနှိပ်လို့ဆိုပြီးတော့ ရိုးရိုးရှင်းရှင်းပုန်ကန်တဲ့ ပုံစံမျိုးမဟုတ်ဘူး။ အစွန်းရောက်တဲ့သူတွေက ဒေသမှာ ဖိနှိပ်ခံထားရတယ်ဆိုတဲ့ လူတွေကို၊ မကျေမနပ်ဖြစ်နေတယ်ဆိုတဲ့ သူတွေကို စနစ်တကျနဲ့ လှုံ့ဆော်ပြီးတော့ စနစ်တကျနဲ့အကောင်အထည်ဖော်သွားတာကို တွေ့ရတယ်။ ဥပမာ- နိုင်ငံတကာမီဒီယာတွေမှာ အကောင်အထည်ဖော်တဲ့ဟာတွေ၊ နိုင်ငံတကာအစိုးရတွေနဲ့ ချိတ်ဆက်ပြီး အကောင်ထည်ဖော်တာတွေကို တွေ့လာရတယ်။ ဆိုရှယ်မီဒီယာတွေကို အသုံးပြုတာတွေကိုကြည့်ရင် တော်တော် စနစ်တကျနဲ့ လုပ်သွားနိုင်တယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရတယ်။

 

မော်ကွန်း။ ။ အဲဒီတိုက်ခိုက်မှုတွေ ဖြစ်ပြီးတဲ့နောက်မှာပဲ ARSA အဖွဲ့က အပစ်အခတ်ရပ်စဲတာတို့၊ နောက်ပြီးတော့ နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှုမရှိပါဘူးဆိုပြီး ထုတ်ပြန်ချက်တွေ ထုတ်လာတာတွေရှိတယ်။ ဘာကြောင့် သူတို့က ဒီလိုထုတ်ပြန်ချက်မျိုးတွေကို ထုတ်ပြန်လာတာပါလဲ။

ဒေါက်တာမင်းဇော်ဦး။ ။ အဓိကကတော့ ငါတို့က မတရားမှုကိုတော်လှန်နေတာဆိုတဲ့ ပုံစံဖော်ချင်တယ်။ အကယ်၍ နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ဆက်ဆံပြီး လုပ်တယ်ဆိုလို့ရှိရင် နိုင်ငံတကာထောက်ခံမှုကို မရနိုင်ဘူး။ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ မွတ်ဆလင်အရေးကို ပြန်ကြည့်လိုက်ရင် မြန်မာအစိုးရက နိုင်ငံတကာဖိအား အရမ်းကြီး ခံရတယ်။ သူတို့က နိုင်ငံတကာထောက်ခံမှုကို အတော်များများရနေပြီးသားလို့ ပြောလို့ရတယ်။ ရနေပြီးသားဟာတွေကို ဒီလိုအကြမ်းဖက်မှုတွေ လုပ်လိုက်လို့ ထောက်ခံမှု ကျသွားမှာကို သူတို့ကြောက်တယ်။ သူတို့ကြောက်တော့ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ အယ်လ်ကိုင်းဒါး(Al-Qaeda) နဲ့မဆိုင်ပါဘူး။ IS ( The Islamic State of Iraq and Syria – ISIS) နဲ့မဆိုင်ပါဘူး။ ဒီနှစ်ခုကို စည်းခြားတဲ့ပုံစံမျိုး သူတို့လုပ်ချင်တာ။ သူတို့ကို အကြမ်းဖက်သမားလို့ နိုင်ငံတကာက သတ်မှတ်လိုက်တာနဲ့ သူတို့အပေါ်မှာ သနားစာနာမှုတွေက လျော့သွားမယ် ဆိုတာမျိုးကိုလည်း သူတို့ စိုးရိမ်တယ်။ အဲဒါကြောင့် ထုတ်ပြန်ချက်တွေ ထုတ်ပြီး ပြောနေတဲ့ သဘောမျိုးပဲ။

 

မော်ကွန်း  ။ ။ မြန်မာအစိုးရကတော့ ARSA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတယ်။ ဒါပေမဲ့ နိုင်ငံတကာမီဒီယာတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေက ဗျွှဗအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအတိုင်း လိုက်ပြီး ပြောဆို ရေးသားလာတာတွေ ရှိတယ်။ နောက်တစ်ခုက အစိုးရကို ပိုပြီး ဖိအားပေးလာအောင် ရေးသားလာတာကိုတွေ့ရတယ်။ ဒီလိုဖြစ်လာတာကို အစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ်သင့်လဲ။

ဒေါက်တာမင်းဇော်ဦး။ ။ ကျွန်တော်တို့ကလည်း နိုင်ငံတကာရဲ့ သဘောသဘာဝကို နားလည်ဖို့လိုတယ်။ နိုင်ငံတကာက ARSA ကို ထောက်ခံနေတာ မဟုတ်ဘူး။ မြန်မာနိုင်ငံက မွတ်ဆလင်တွေကို ဖိနှိပ်မှုတွေလုပ်တယ်၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်တယ်ဆိုတဲ့အပေါ်မှာ မြန်မာအစိုးရကို အပြစ်တင်နေတာ။ အဲဒီနှစ်ခုကို ခွဲမြင်ဖို့လိုတယ်။ ဗျွှဗ ကို ဘယ်နိုင်ငံမှ မထောက်ခံဘူး။ ဒါပေမဲ့ ကျွန်တော်တို့အစိုးရဘက်ကလည်း ဒီကိစ္စကို ပြန်လည်ချေပတဲ့အခါ အကြမ်းဖက်မှု ပြန်လည်နှိမ်နင်းရေးဖြစ်တယ်ဆိုတဲ့ အခြေခံနဲ့ ချေပနေတယ်။ တချို့နိုင်ငံတွေက ARSA နဲ့ ပတ်သက်ပြီး မပြောဘူးဆိုတာက ARSA ကို ထောက်ခံလို့ မပြောတာမဟုတ်ဘူး။ ARSA ကိုအကြမ်းဖက်အဖွဲ့လို့ ပြောလိုက်ရင် အခုဒေသက လူတွေ ထွက်ပြေးနေတာဟာ အကြမ်းဖက်မှုကို နှိမ်နင်းနေတဲ့အတွက် ထွက်ပြေးနေကြတာဖြစ်တယ်လို့ မြန်မာအစိုးရက အကြောင်းပြချက် ပေးနေတဲ့အပေါ် ထောက်ခံပေးသလို ဖြစ်မှာကို စိုးရိမ်နေပုံရတယ်။

အဲဒါကြောင့် ARSA ကို ထောက်ခံနေတာမဟုတ်ဘူး။ အနောက်နိုင်ငံတွေကလည်း ARSA နဲ့ အရှေ့အလယ်ပိုင်းက IS တို့၊ အယ်လ်ကိုင်းဒါးတို့နဲ့ ဘယ်လိုချိတ်ဆက်နေတယ်ဆိုတာကို သူတို့ကောင်းကောင်းသိတယ်။ အခုပြဿနာက ARSA အကြမ်းဖက်သမားဖြစ်ခြင်း၊ မဖြစ်ခြင်း ပြဿနာမဟုတ်ဘူး။ ARSA ကို မြန်မာအစိုးရကနေ ချေမှုန်းတိုက်ခိုက်တဲ့ အပေါ်မှာလည်း နိုင်ငံတကာက ဘာမှပြောစရာမရှိဘူး။ အကြမ်းဖက်သမား အယောက်တစ်ထောင်ရှိလို့ အကုန်လုံး သေသွားရင်တောင် သူတို့က ဘာမှပြောမှာမဟုတ်ဘူး။ အခုပြဿနာက အရပ်သားတွေ သေဆုံးသွားတယ်။ နေအိမ်စွန့်ခွာသွားတယ်။ မိန်းမတွေပါတယ်၊ ကလေးတွေပါတယ်။ ထွက်ပြေးတဲ့အရေအတွက်ကလည်း အရမ်းများတယ်။ နိုင်ငံတကာကလည်း Ethnic Cleansing, Genocide အဖြစ်ခံလို့ မရဘူးဆိုတာကို ပြောနေတာ။

 

မော်ကွန်း။ ။ အခု ARSA အဖွဲ့နေနဲ့လည်း မြန်မာနိုင်ငံမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လိုမျိုး ပုံဖော်လာလို့ နိုင်ငံရေး လေ့လာသူတချို့က သုံးသပ်နေကြတာတွေလည်း ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေလို နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်လာချင်နေတယ်လို့ ပြောဆိုနေကြတာတွေရှိတယ်။ ဆရာ့အနေနဲ့ရော ဘယ်လို သုံးသပ်မိပါလဲခင်ဗျာ။

ဒေါက်တာမင်းဇော်ဦး။ ။ အဲဒီလိုသုံးသပ်နေကြတာလည်းဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ၂ဝ၁၄ ခုနှစ်က မြန်မာငြိမ်းချမ်းရေးစင်တာမှာ အပစ်အခတ်ရပ်စဲရေး ဒါရိုက်တာအဖြစ် တာဝန်ယူတုန်းက ဝါရှင်တန်ဒီစီကို ရောက်တော့ CSR (Corporate Social Responsibility) အဖွဲ့တစ်ဖွဲ့က ကျွန်တော့်ကို ဖိတ်တော့ ကျွန်တော် စကားသွားပြောတယ်။ စကားသွားပြောတော့ လာနားထောင်တဲ့အထဲမှာ အာရကန်ရိုဟင်ဂျာ သမဂ္ဂ (Arakan Rohingya Union – ARU)ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝါကာအူဒင် ပါတယ်။ ဝါကာအူဒင်က ကျွန်တော့်ကို စကားပြောချင်လို့ဆိုပြီးပြောတယ်။ ကျွန်တော့်ကို ဖိတ်တဲ့ အဖွဲ့ကတော့ ခင်ဗျား သူနဲ့ စကားမပြောချင်လည်း ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကလည်း ရပါတယ်။ နားထောင်ပေးလိုက်ပါမယ်လို့ပြောလိုက်တယ်။ သူမေးတာက ကျွန်တော့်ကို ခင်ဗျားတို့ ဒီရိုဟင်ဂျာအုပ်စုတွေနဲ့ရော ငြိမ်းချမ်းရေးစကား ပြောဖို့မရှိဘူးလားလို့မေးတယ်။ ကျွန်တော်တောင် ကြောင်သွားတယ်။ ကျွန်တော်နားလည်တာက ရခိုင်ပြဿနာက လူ့အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ပြဿနာလို့နားလည်တယ်။ ကျွန်တော်တို့ရဲ့ Mandate(လုပ်ပိုင်ခွင့်)ထဲမှာလည်းမပါဘူး။ကျွန်တော်တို့လုပ်တာကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဖြစ်တဲ့ပြဿနာတွေကို ရှင်းရတယ်။ ကျွန်တော်လည်း ရှင်းပြလိုက်တယ်။

ဒါပေမဲ့ဖြစ်နိုင်တာကလည်း မြန်မာနိုင်ငံမှာက အခု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ပြီးတော့ စားပွဲပေါ် ရောက်လာကြတယ်။ ငါတို့လည်း ဒါမျိုးတွေလုပ်လိုက်ရင် စားပွဲပေါ်ရောက်လာမလားဆိုပြီး စဉ်းစားကောင်းလည်း စဉ်းစားနိုင်တယ်။ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေမှာလည်း အဲဒီလိုစဉ်းစားတာမျိုးရှိတယ်။ ငါတို့ မကျေနပ်တော့ လက်နက်ကိုင်မယ်၊ တိုက်ပွဲဖော်မယ်၊ စားပွဲပေါ်ရောက်မယ်၊ ငါတို့လိုချင်တာတောင်းမယ်ဆိုပြီးလည်း ရှိနိုင်တယ်။

 

မော်ကွန်း။ ။ လက်ရှိ ရခိုင်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ARSA အဖွဲ့နဲ့ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဘယ်လို အချက်တွေက မတူတာတွေ၊ ကွာခြားတာတွေရှိပါသလဲခင်ဗျာ။ တကယ်ရော သူတို့နဲ့ နိုင်ငံရေးအရဆွေးနွေးသင့်လား။

ဒေါက်တာမင်းဇော်ဦး။ ။ အဓိက ဘာကို မတူလဲဆိုတာကတော့ နိုင်ငံရေးအရ သူတို့ကို ဘယ်လောက်လက်ခံလဲ၊ လက်မခံလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ပြန်ကြည့်လိုက်မယ်ဆိုရင် Terrorism အကြမ်းဖက်မှုလို့ပြောတာနဲ့ Insurgency သောင်းကျန်းမှု၊ ပုန်ကုန်ထကြွမှုလို့ ပြောတာနဲ့က ဘာမှ မကွာလှဘူး။ နိုင်ငံတကာမှာရှိတဲ့ ဥပဒေတွေကို ကြည့်ရင်လည်း အကြမ်းဖက်သမားကို ဘယ်ဥပဒေနဲ့ကိုင်မယ်၊ သူပုန်သောင်းကျန်းသူကို ဒီဥပဒေနဲ့ကိုင်မယ်ဆိုတာမျိုးမရှိဘူး။ အဲဒီနှစ်ခုက အမျိုးအစား အတူတူပဲ။ အမေရိကန်မှာရှိတဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကိုကြည့်မယ်ဆိုရင်လည်း ခင်ဗျားသေနတ်ကိုင်ပြီး သူပုန်ထတာနဲ့ အဲဒီဥပဒေနဲ့ငြိတာပဲ။ အကြမ်းဖက်သမားလား၊ သူပုန်လားဆိုတာက ဥပဒေအရ ခွဲထားတာမျိုးက မရှိသလောက်ရှားတယ်။

အကြမ်းဖက်သမားလို့ ပြောမှာလား၊ သူပုန်လို့ပြောမှာလား ဆိုတာက နိုင်ငံရေးနဲ့ပိုဆိုင်တယ်။ ဥပဒေထက် နိုင်ငံရေးနဲ့ ပိုဆိုင်တယ်။ အဓိကကတော့ ဒီအုပ်စုကို နိုင်ငံရေးအရ အသိအမှတ်ပြု မလား၊ မပြုဘူးလားဆိုတဲ့အပေါ်မှာ မူတည်တယ်။ နိုင်ငံရေးအရ အသိအမှတ်ပြုပြီး ဆွေးနွေးမလား၊ မဆွေးနွေးဘူးလားဆိုတဲ့ အပေါ်မှာ မူတည်တယ်။ ဥပမာတွေကြည့်မယ်ဆိုရင်လည်း တောင်အာဖရိကက ANC (African National Congress) ဆိုတဲ့အဖွဲ့ကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားတယ်။ အမေရိကန်လည်း သတ်မှတ်ထားတယ်။ သူ့ရဲ့ တောင်အာဖရိကကလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ နိုင်ငံရေးအရ အသိအမှတ်ပြုပြီး အကြမ်းဖက်သမားအဖြစ်ကနေ ပယ်ဖျက်ပြီး ဆွေးနွေးခဲ့တာတွေ ရှိတယ်။

ဒီလက်ရှိ ARSA နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဘာကွာလဲဆိုတော့ နိုင်ငံရေးအရ အသိအမှတ်ပြုမှုပဲ။ နိုင်ငံရေးအရကလည်း ဘယ်အပေါ်မှာအခြေခံလည်းဆိုတော့ နံပါတ်တစ် ဒီရိုဟင်ဂျာဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ပြောနေတဲ့ သူတွေက မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဟုတ်လား၊ မဟုတ်လားဆိုတဲ့အပေါ်မှာ အခြေခံပြီးတော့ ဖြစ်လာတာပဲ။ ဖြစ်လာတယ်ဆိုတော့ သူတို့က ဗမာပြည်ရဲ့ တိုင်းရင်းသားမဟုတ်ဘူး။ သူတို့က တခြားနိုင်ငံကနေ ဝင်လာတဲ့ သူတွေ ဖြစ်လာတယ်ဆိုတဲ့အခြေခံပေါ်မှာ သူတို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးစရာမလိုဘူးဆိုတဲ့ အမြင်မျိုးတွေရှိတယ်။ အဲဒီလို အမြင်တွေရှိလာတော့ ARSA ကို အကြမ်းဖက် အဖွဲ့အစည်းဖြစ်တယ်။ နိုင်ငံရေးအရ ဘာမှဆွေးနွေးစရာမရှိဘူး။ အဲဒီအခြေခံနဲ့ စဉ်းစားကြတာဖြစ်တယ်။

အပိုင်း(၂)သို့

၂၀၁၇-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၁) မှ အင်တာဗျူး ဖြစ်ပါသည်။

ခင်မောင်မြင့် တွေ့မေးသည်။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."