ဂေထော
ရန်ကုန်၊ ၂၀၂၀ ဩဂုတ် ၂၀ (မော်ကွန်း)
ရခိုင်ပြည်နယ်ရှိစစ်ရှောင်စခန်း (၁၅၈) ခု၏ သုံးပုံတစ်ပုံသည် နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေကြောင်း စစ်ရှောင်များကို ကူညီဆောင်ရွက်ပေးနေသော Rakhine Ethnics Congress (REC) မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက မော်ကွန်းသို့ပြောသည်။
တပ်မတော်နှင့် AA တို့၏တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်ရှိနေပြီး ရသေ့တောင်၊မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့တွင် စစ်ရှောင်ဦးရေအများဆုံးဖြစ်သည်။
“သူတို့ဆီမှာဆန်တစ်မျိုးပဲရှိတယ်။ ကျန်တဲ့ဟာ ဆီ၊ဆား၊ငရုတ်ပေါ့နော်၊ ဘာမှမရှိဘူး။ ဟင်းသီးဟင်းရွက် သားငါးကျတော့ အနီးအနားမှာ သူတို့နည်းနည်းပါးပါး ရှာလို့ရတဲ့နေ့ရှိတယ်၊ မရတဲ့နေ့ရှိတယ်။ ဟင်းသီးဟင်းရွက်လည်း အဲဒီအတိုင်းပဲ။ အနီးအနားက လာကူပေးတဲ့သူတစ်ချို့ရှိတဲ့အခါရှိတယ်၊ မရှိတဲ့အခါ မရှိဘူး” ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။
လက်ရှိအချိန်သည် မိုးရာသီဖြစ်နေသည့်အတွက် နယ်ဘက်ရှိကျေးရွားများ၌ ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းများမှာ ရေကြီးသည့်ဒဏ်များကိုလည်း ခံစားကြရသည့်အတွက် နေရာထိုင်ခင်း အခက်တွေ့ကြရသည်။
ဘူးသီးတောင်မြို့နယ်၊ မြောင်းနားစစ်ရှောင်စခန်းတွင်နေထိုင်ကြသည့် စစ်ရှောင်ဦးရေ ၃၇၀ ကျော်သည် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ပံ့ပေးထားသည့် ဆန်တစ်မျိုးကိုသာ လက်ခံရရှိပြီး ကျန်သည့် မီးဖိုချောင်စားနပ်ရိက္ခာများကို မိမိတို့ဖာသာ ရှာကြံစားသောက်နေရကြောင်း စခန်းတာဝန်ခံ ဦးအောင်ဆန်းက မော်ကွန်းသို့ပြောပြသည်။
“ ကိုယ့်ဘာသာရှာကြံ တောထဲမှာမျှစ်တွေဘာတွေချိုးရှာစားရတာ”ဟု သူကဆိုသည်။
စစ်ဘေးရှောင် ဦးရေ ၃၃၀ ကျော်ရှိသည့် မြေပုံမြို့နယ်၊ ရက်ချောင်းစစ်ရှောင်စခန်းသည်လည်း ပြည်တွင်းဒေသခံအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှု အနည်းငယ်ရရှိသော်လည်း အစိုးရအဖွဲ့၏ ထောက်ပံ့မှုပုံမှန်မရှိဟု ယင်းစခန်းတာဝန်ခံက ရှင်းပြသည်။
“ စခန်းတာဝန်ခံတွေကပဲ အကြွေးယူပြီးတော့ ပေးထားတာရှိတယ်။ အခြားနီးစပ်တဲ့ပရဟိတတွေကို အလှူခံထားတာရှိတယ်။ ဆန်ကတော့ တစ်ပတ်စာလောက်ပဲကျန်တော့တယ်။ ဆားတို့ဆီတို့မပေးဘူး။ စစ်ဘေးရှောင်တွေကို ပုံမှန်ပေးဖြစ်တာက ဆန်ပဲပေးဖြစ်တယ်။ ကျန်တဲ့ ဆားတို့၊ဆီတို့က ဒုက္ခသည်တွေက ကိုယ့်အစီစဥ်နဲ့ကိုယ်ရှာစားတယ်”ဟု ရက်ချောင်းစစ်ရှောင်စခန်းကိုကူညီပေးနေသည့် မြတန်ဆောင်းဆရာတော်က မော်ကွန်းသို့မိန့်သည်။
လက်ရှိ၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ COVID-19 ရောဂါ ပြည်တွင်းကူးစက်မှုများ ရှိလာသည့်အတွက် စစ်ရှောင်စခန်းသို့ သွားရောက်ထောက်ပံ့ပေးနေသည့် အလှူရှင်များ၏ သွားလာရေးမှာ အခက်အခဲများရှိသည်ဟု ကိုဇော်ဇော်ထွန်းက ဆိုသည်။
“ကိုဗစ်ကူးစက်မှုရှိလာတဲ့အပြင်ကို တိုက်ပွဲတွေကလည်း လျှော့ကျသွားတဲ့အရှိန်ကမရှိတဲ့အတွက်ကြောင့်မို့လို့ သွားလာကူညီနေတဲ့အဖွဲ့တွေရဲ့ လုံခြုံရေးက တော်တော်ကိုအခက်အခဲရှိပါတယ်။ ပြည်နယ်အစိုးရရဲ့ တရားဝင်ခွင့်ပြုချက်ရရှိမှသာလျှင် နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းပဲ ဒီထက်မကကူညီနိုင်မယ့် အခြေအနေရှိတယ်” ဟု ကိုဇော်ဇော်ထွန်းက ရှင်းပြသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၏ စစ်ရှောင်စခန်းသို့ထောက်ပံ့မှုအတွက် ခွင့်ပြုချက်နှင့် ခရီးသွားလာခွင့်များနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းထံ မော်ကွန်းက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။
ရခိုင်ပြည်နယ်ရှိစစ်ရှောင်စခန်းတစ်ခု photo – REC Facebook Page
#Dailynews