သဇင်လတ်
ရန်ကုန် သြဂုတ်-၂၁ (မော်ကွန်း)
COVID – 19 ရောဂါ ပြည်တွင်းကူးစက်မှုရပ်တန့်ပြီး တစ်လအကြာ၊ စစ်တွေမြို့တွင် အတည်ပြုလူနာများပြန်လည်တွေ့ရှိလာခြင်းကြောင့် ရခိုင်ပြည်နယ်တွင် ဖွင့်ထားသည့် အထက်တန်းကျောင်းများကိုယာယီပိတ်သွားမည်ဖြစ်ပြီး မဖွင့်ရသေးသည့်ကျောင်းများကို ဆိုင်းငံ့သွားမည် ဟု အခြေခံပညာဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် မဦးတင်မောင်၀င်းကမော်ကွန်း သို့ပြောသည်။
“ကိုဗစ်ဗဟိုကော်မတီကနေပြီးတော့မှပညာရေး၀န်ကြီးဌာနကိုစာထွက်လာတယ်။ ရခိုင်ပြည်နယ်ကကျောင်းတွေကိုဖွင့်လက်စရှိတဲ့ကျောင်းတွေကိုယာယီပိတ်ဖို့။ ဖွင့်ဖို့ကျန်နေတဲ့ကျောင်းတွေကိုဆိုင်းငံ့ထားဖို့ဆိုပြီးတော့ ပညာရေး၀န်ကြီးဌာနကို စာထုတ်တယ်။ ပညာရေး၀န်ကြီးဌာနကနေပြီးတော့ ဆရာတို့ဆီကို မနေ့ညကစာထွက်တယ်”ဟု ဦးတင်မောင်၀င်းကဆိုသည်။
ရခိုင်ပြည်နယ်မှကျောင်းများကိုသာပိတ်သွားမည်ဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျောင်းများမှာ ပုံမှန်အတိုင်းဆက်ဖွင့်သွားမည်ဟု ဦးတင်မောင်၀င်းကပြောသည်။
မြန်မာတစ်နိုင်ငံလုံးရှိအထက်တန်းကျောင်းများကို ဇူလိုင်၂၁ ရက်မှစတင်ဖွင့်လှစ်ခဲ့ပြီး အလယ်တန်းနှင့် မူလတန်းများဖွင့်လှစ်ရန်အချိန်နှစ်လခန့်နောက်ဆုတ်ထားသည်။
ပညာရေး၀န်ကြီးဌာနက ဖွင့်ခွင့်ပြုထားသည့်အထက်တန်းကျောင်း ၄,၆၇၅ ကျောင်းရှိပြီး တစ်နိုင်ငံလုံးတွင်စုစုပေါင်း ၇,၁၇၃ ကျောင်းရှိသည်။
လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါအတည်ပြုလူနာ ၁၆ ယောက်ရှိနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် ၄၀၉ ဦး ရှိနေပြီဖြစ်သည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိစာသင်ကျောင်းတစ်ကျောင်း
ဓာတ်ပုံ-ကောင်းထက်စံ
#Dailynews