အောင်ပိုင်
ရန်ကုန် – သြဂုတ် ၇၊ ၂၀၂၀ (မော်ကွန်း)
တိုက်ပွဲဖြစ်ပွားရာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များမှ ကျေးရွာအုပ်စု ၁၅ စု တွင် မဲဆန္ဒရှင်စာရင်းမကြေညာနိုင်သေးကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြို့နယ်စုစုပေါင်း ၉ မြို့နယ်ရှိသည့်အနက် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ အမ်း စသည့်မြို့နယ်များမှကျေးရွာများဖြစ်သည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ဆိုသည်။
ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ယခုလိုမဲဆန္ဒရှင်စာရင်းမကြေညာနိုင်ခြင်းသည် တိုက်ပွဲများ၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ်ပြီး မဲပေးပိုင်ခွင့် အခွင့်အရေးဆုံးရှုံးစေသည်ဟုဆိုသည်။
“ကျော်တော်မြို့နယ်မှာ ကျေးရွာပေါင်း ၂၀ ဝန်းကျင်လောက်က မဲဆန္ဒရှင်တွေက ရွာလုံးကျွတ် စစ်ဘေးရှောင်စခန်းတွေကို ရောက်သွားကြတယ်။ တချို့ရွာတွေက မရှိတော့ဘူး။ ဒါကြောင့် မဲပေးတဲ့နေ့ရောက်ရင် သူတို့ရှိတဲ့နေရာတွေမှာ မဲပုံးထောင်နိုင်အောင် စီစဉ်ပေးရမယ်။” ဟု ၎င်းကပြောသည်။
မဲဆန္ဒရှင်စာရင်းမကြေညာနိုင်သည့် ကျေးရွာအုပ်စုများမှာ ကျောက်တော်မြို့နယ်တွင် ၅ စု၊ မြောက်ဦးမြို့နယ်တွင် ၄ စု၊ ဘူးသီးတောင်မြို့နယ်တွင် ၃ စု၊ မင်းပြားမြို့နယ်တွင် ၂ စုနှင့် အမ်းမြို့နယ်တွင် ၁ စု ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒရှင်စာရင်းကြေညာသည့်ရက်ကို တစ်ပတ်ထပ်တိုးထားပြီး သြဂုတ် ၁၈ ရက်နေ့အထိ ကြည့်ရှုနိုင်မည်ဖြစ်သည်။
#Dailynews